မြန်မာ့ဂုဏ်ရောင် အိမ်ရာမြေ အငြင်းပွားမှုများအား ဖြေရှင်းနိုင်သည့် နည်းလမ်း မရှိဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောသည်။ အဆိုပါမြေ အငြင်းပွားမှု အတွက် ပိုင်ရှင် ၀ါဝါ၀င်းကုမ္ပဏီနှင့် ရွှေ့ပြောင်းခဲ့ရသော ပြည်သူများအား ခြောက်ကြိမ် တိုင်တိုင် တွေ့ဆုံညှိနှိုင်းပေးခဲ့ သော်လည်း ဖြေရှင်းနိုင်မှု မရှိသေးပေ။ ကျွန်တော် ကိုယ်တိုင် ကြားဝင်ပြီး ဆောင်ရွက်ပေး နေတာပဲ။ ဒါပေမဲ့ အိုးအိမ်နဲ့ ကုမ္ပဏီဘက် ကလည်း မလျော်နိုင် ဘူးတဲ့။ အဲဒီတော့ နည်းလမ်း မရှိတော့ဘူး ဖြစ်နေတယ်။ လွှတ်တော် ကိုယ်စားလှယ် တွေကလည်း အကြံဉာဏ်ပေးနိုင် သူကို ကြိုဆိုနေပါတယ် ဟု ဗိုလ်မှူးကြီးတင်ဝင်း ကပြောသည်။ မြန်မာ့ဂုဏ်ရောင် အိမ်ရာမြေ အငြင်းပွားမှုသည် ၁၉၉၄ ခုနှစ်တွင် ရေတပ်စခန်း တည်ဆောက်ရေး စီမံကိန်းအဖြစ် ယင်းနေရာတွင် နေထိုင်သူ အိမ်ခြေ (၇၇၁) လုံးနှင့် လူဦးရေ (၄၀၀၀) ကျော်ကို ဒဂုံဆိပ်ကမ်း မြို့နယ် (၈၈) ရပ်ကွက် ပြောင်းရွှေ့ပေးခဲ့ရာ ရေတပ်စခန်း မတည်ဆောက်ဘဲ အိမ်ရာ တည်ဆောက်ခဲ့၍ ယခင် နေထိုင်သူများမှာ လျော်ကြေးငွေ တောင်းခံနေသော မြေရာကိစ္စတစ်ခု ဖြစ်သည်။
အဆိုပါ အိမ်ရာကိစ္စအား ယခုလ (၂၆) ရက်နေ့က ကျင်းပပြု လုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် အစိုးရ အဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ အခြေအတင် ဆွေးနွေးခဲ့သော်လည်း ဖြေရှင်းနိုင်ခြင်း မရှိဘဲ ဖြစ်နေခဲ့သည်။ ၀န်ကြီးရှေ့မှာ ကတိပေးထား တာပဲလေ။ ဒါကိုမှ မလျော်ပေးဘူးဆိုရင် လုပ်သင့်လုပ်ထိုက် တာတွေ ဆက်လုပ်သွားမယ်။ လက်လျော့မှာတော့ မဟုတ်ဘူးဟု မြန်မာ့ဂုဏ်ရောင် အိမ်ရာ ရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့သော သပိတ်စခန်း ခေါင်းဆောင် ဒေါ်သိန်းကြည်က ဆိုသည်။
မြန်မာ့ဂုဏ်ရောင် အိမ်ရာတွင် တည်ဆောက်သူ ၀ါဝါ၀င်းကုမ္ပဏီအား နစ်နာကြေး ပေးရန် ၁၉၉၉ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၂ တွင် တစ်ကြိမ် နှင့် ၂၀၁၃ ခုနှစ် တစ်ကြိမ်တွင် နှစ်လတိတိ ဆန္ဒဖော်ထုတ်မှုများပြု ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ဆန္ဒထုတ်ဖော်ခဲ့ သော်လည်း ထူးခြားမှု မရှိသောကြောင့် လျော်ကြေး တစ်စုံတစ်ရာ ပေးအပ်ခြင်း မရှိပါက ဆက်လက် ဆန္ဒထုတ်ဖော်ကာ တောင်းဆိုမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း ဒေါ်သိန်းကြည်က ပြောသည်။ ထို့ပြင် မြို့တော်ခန်းမ အနီး ရက်ပေါင်း (၁၅၀)ကျော် သပိတ်စခန်း ဖွင့်လှစ် ဆန္ဒဖော်ထုတ်နေ ကြသည့် မိချောင်းကန် မြေရာ ကိစ္စမှာလည်း ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။
Credit: Messenger