ကျူးကျော် ပြဿနာများ ဖြေရှင်းနိုင်ရန် မြို့ပြ အမျိုးသား အရံမြေထားရှိရေး အတွက် ပြည်ထောင်စု အစိုးရထံ တင်ပြ တောင်းဆို ထားကြောင်း မြို့ရွာ နှင့် အိုးအိမ် ဖွံ့ ဖြိုးမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က ပြောသည်။
ထိုကဲ့သို့ ဖြေရှင်းရာတွင် မြို့ပြအမျိုးသား အရံမြေ အပါအ၀င် အမှန်တကယ် နေထိုင်ရန် မြေနေရာ အခက်အခဲရှိ၍ ကျူးကျော် နေထိုင်သူဟုတ် မဟုတ် စာရင်းပြုစု စိစစ်ရန် လိုအပ်မှုနှင့် အိမ်ရာများ အတွက် သုံးစွဲရန် ရေရှည် ရင်းနှီး မြှုပ်နှံနိုင်မည့် အိမ်ရာငွေကြေး ရန်ပုံငွေ လည်းလိုအပ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
တကယ်တမ်းဆိုရင် ကျူးကျော် ပြဿနာဟာ ဖြေရှင်းပေးရမယ့် အရာတစ်ခုဆိုတာ မှန်တယ်။ သမ္မတကြီး ကိုယ်တိုင် ကလည်း သေချာစိစစ်ပြီး ဖြေရှင်းပေးမယ်ဆိုပြီး ပြောထားပြီးသားပါ။ ဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့ ဌာန အနေနဲ့ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွေမှာ နိုင်ငံတော် အစိုးရ အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရတွေအနေနဲ့ အမျိုးသားအရံမြေ ထားရှိရေး အတွက် စာတမ်းတွေလည်း တင်သွင်း ထားပါတယ် ဟု ဒေါ်အေးအေးမြင့်က ဆိုသည်။
မြို့ရွာနှင့် အိုးအိမ် ဖွံ့ ဖြိုးရေး ဦးစီးဌာနအနေဖြင့် နေရာချထားရေးလုပ်ငန်းစဉ်များ လုပ်ကိုင်ရာမှ တွေ့ရှိချက်များအရ အချို့သော ကျူးကျော်များက စီမံကိန်းဆိုသည့် အသံကြားရ၍ ရောက်ရှိလာခြင်း များနှင့် ပထမ ကျူးကျော်သူက ဒုတိယ ကျူးကျော်အား မြေနေရာ ငှားရမ်းခြင်း၊ ရောင်းစားခြင်း အစရှိ သည့် မရိုးမသား လုပ်ဆောင်မှုများလည်း ရှိကြောင်း ၎င်းက ဆက်ပြောသည်။ မြို့ပြ အမျိုးသား အရံမြေ ဆိုသည်မှာ လူဦးရေ တစ်သိန်း အထက်ရှိသည့် မြို့ကြီးများတွင် တစ်နှစ်လျှင် လူဦးရေ သဘာဝ တိုးနှုန်း (၁ ဒသမ ၁) ရာခိုင်နှုန်းနှင့် အထက် တိုးလာနိုင်ခြေရှိမည့် မြို့ကြီးများ၌ မြို့သစ်ဖော်ဆောင်ရန် ထားရှိသည့် အရံမြေများ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ကျူးကျော် နေအိမ်ပေါင်း ခြောက်သောင်းကျော်ရှိပြီး၊ ငါးထောင်ကျော်အား ဖယ်ရှား ရှင်းလင်းပြီး ဖြစ်ကြောင်း တိုင်း ဒေသကြီး လွှတ်တော်၏ စာရင်းများအရ သိရသည်။ ထိုကဲ့သို့ နေထိုင်ရာတွင် အရှေ့ပိုင်း ခရိုင်၊ အနောက်ပိုင်း ခရိုင်နှင့် မြောက်ပိုင်း ခရိုင်တို့တွင် အများ ဆုံးဖြစ်သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာန အနေဖြင့် ခေတ်အဆက်ဆက် ကျူးကျော်ပြဿနာများ ဖြေရှင်းရာတွင် ၁၉၅၈ ခုနှစ်၌ ရန်ကုန်မြို့ရှိ ကျူးကျော် အိမ်ရာများကို တောင်ဥက္ကလာ၊ မြောက်ဥက္ကလာနှင့် သာကေတ မြို့သစ် သုံးခုအား ဖော်ထုတ်၍ နေရာချထားခဲ့ပြီး၊ ၁၉၆၇ ခုနှစ်၌ သုဝဏ္ဏ မြို့ သစ်၊ ၁၉၈၉ ခုနှစ်၌ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်(အရှေ့၊ တောင်၊ မြောက်၊ ဆိပ်ကမ်း)၊ ရွှေပေါက္ကံ နှင့် ဝေဘာဂီမြို့သစ် တို့အား ဖော်ထုတ်ပေးခဲ့ကြောင်း ဆောက်လုပ်ရေး ၀န်ကြီး ဌာနမှ သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးများအား ညှိနှိုင်း၍ ၂၀၁၅ ခုနှစ်မကုန်မီ ကျူးကျော် များအား မြို့သစ်များတွင် ယာယီနေရာ ချထား ပေးနိုင်ရန် ဆောင်ရွက် သွားမည်ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်က ယခုနှစ် ဇွန်လ အတွင်း ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်း အဝေး၌ တရားဝင် ထုတ်ဖော်ပြောကြား ထားသည်။
Credit: Messenger