ရန်ကုန်မြို့လယ် မြို့နယ်များအတွင်း လင်ကိုယ်မယားနှစ်ယောက်တည်းသာ ရှိသော မိသားစုများ အတွက် အခန်းကျယ်များတွင် အခန်းများ ပြန်လည်ကန့်၍ ငှားရမ်းသော အိမ်ခန်းငှားရမ်းမှု ဓလေ့တစ်ခု တွင်ကျယ်စပြုလာကြောင်း အိမ်ခြံမြေအသိုင်းအဝိုင်းမှ သိရသည်။
”ကျွန်တော်တို့လင်မယားက နှစ်ယောက်တည်းလည်း အိမ်ခန်းတစ်ခန်း၊ ဒါမှမဟုတ် အိမ်တစ်လုံးငှားပြီး မနေနိုင်ဘူး။ အဲဒီမှာ မိတ်ဆွေတစ်ယောက် စပ်ဟပ်ပေးတာနဲ့ လမ်းမတော်မြို့နယ်ထဲက တိုက်ခန်းတစ်ခန်းမှာ အခန်းတစ်ခန်းကို တစ်လ ကျပ် ၆၃,ဝဝဝ နဲ့ ငှားပြီးနေတာသုံးလကျော်လောက် ရှိသွားပြီ။ အဆင်ပြေပါတယ်” ဟု ဗီနိုင်းကုမ္ပဏီတစ်ခုတွင် ဒီဇိုင်နာအဖြစ် အလုပ်လုပ်ကိုင်နေသူ ကိုဝေယံထွန်းကပြောသည်။
ထိုသို့ ငှားရမ်းသောအခန်းများသည် တစ်ခန်းချင်းဆိုလျှင် လင်ကိုယ်မယား နှစ်ယောက်တည်းသာ နေထိုင်နိုင်ရုံမျှဖြစ်ပြီး အခန်းစုစုပေါင်းခြောက်ခန်းရှိကြောင်း၊ မူလအခန်းမှာ Hall Type ပမာဏအရဆိုလျှင် အခန်းကျယ်တစ်ခန်းဖြစ်ကြောင်း၊ ထိုသို့ အခန်းကျယ်ထဲတွင် အခန်းငယ်များ ကန့်၍ ငှားရမ်းသော အလေ့ အထမှာ ယခု သုံး၊ လေးနှစ်အတွင်းခေတ်စားလာကြောင်း ကုမ္ပဏီစာရင်းကိုင်တစ်ဦးက ပြောသည်။
”အဲဒီမှာနေရတာ အဆင်ပြေပါတယ်။ အားလုံးကလည်း ကိုယ့်အလုပ်နဲ့ ကိုယ်ဆိုတော့ မနက်မိုးလင်းရင် အိမ်ကထွက်၊ ညမိုးချုပ်မှ ပြန်လာကြတာပဲလေ။ လူမှုရေးအရှုပ်အရှင်းလည်း မရှိပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်လည်း နားလည်မှုတွေ ထားရတာပေါ့။ အိမ်သာ၊ ရေချိုးခန်းက ဘုံသုံးရတာဆိုပေမယ့် အခန်းမ အားရင် စောင့်ဆိုင်းရတာက လွဲလို့တခြား အဆင်မပြေတာမရှိလို့ ဆက်ငှားနေဖြစ်တာပါ”ဟု ကိုဝေယံထွန်း က ဆက်ပြောသည်။
Credit : The Trade Times