ရန်ကုန်တိုင်းဒေသကြီး သီလ၀ါအထူးစီးပွားရေးဇုန်အနီး တွင် တည်ဆောက်ရန် လျာထား သည့် မဂ္ဂါဝပ်တစ်ထောင်ကျော် ထွက်ရှိမည့် ကျောက်မီးသွေးလျှပ် စစ်ဓာတ်အားပေးစက်ရုံကို မြေ နေရာ အခက်အခဲကြောင့် မွန်ပြည်နယ် ရေးမြို့သို့ နေရာရွှေ့ပြောင်း ရန် သမ္မတရုံးသို့ တင်ပြထား ကြောင်း သတင်းရရှိသည်။
ယခင်က သီလ၀ါအထူးစီး ပွားရေးဇုန်အနီး တည်ဆောက်ရန် လျာထားသော်လည်း မြေနေရာ အခက်အခဲကြောင့် တည်ဆောက် ရေးလုပ်ငန်းအဆင်မပြေသဖြင့် ကျောက်မီးသွေးလျှပ်စစ်ဓာတ် အားပေးစက်ရုံ နေရာရွှေ့ပြောင်း ရန် ကုမ္ပဏီက လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှတစ်ဆင့် သမ္မတရုံး သို့ တင်ပြထားခြင်း ဖြစ်သည်။
‘‘သမ္မတရုံးက မူအရ ခွင့်ပြု တယ်ဆိုဦး။ ပြည်နယ်အစိုးရက ခွင့်ပြုမှ မြေနေရာပေးမှ လုပ်ကိုင်ခွင့်ရမှာပါ။ အခု သီလ၀ါမှာဆောက်ခွင့်မရတာလည်း ရန်ကုန် တိုင်းအစိုးရအဖွဲ့က မြေပေးစရာ နေရာမရှိလို့ မွန်ပြည်နယ်ဘက်ကို ပြောင်းဆောက်မယ်လို့ တင်ထား တာ။ ရေးမြို့နယ်လို့ သိရပေမယ့် ဘယ်နေရာလဲအတိအကျ မသိရသေးဘူး’’ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သီလ၀ါအထူးစီးပွားရေးဇုန် အနီးတွင် တည်ဆောက်ရန် မြေ နေရာမရရှိနိုင်သောကြောင့် နေရာပြောင်းတည်ဆောက်ရန် တိုယိုထိုင်းကုမ္ပဏီက ပြီးခဲ့သည့် နှစ် ပတ်ခန့်က ၀န်ကြီးဌာနမှတစ်ဆင့် သမ္မတရုံးသို့ တင်ပြထားခြင်းဖြစ် သည်။
လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၂၈၀ ထွက်ရှိမည့် ကျောက်မီး သွေးဓာတ်အားပေးစက်ရုံတည် ဆောက်ခွင့်ကို ဂျပန်နှင့် ထိုင်းဖက်စပ်တည်ထောင်ထားသည့် တိုယို ထိုင်းကုမ္ပဏီက တာဝန်ယူတည် ဆောက်မည်ဖြစ်ပြီး အစိုးရနှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေး ထိုးပြီး ဖြစ်သည်။
ပတ်ဝန်းကျင်ညစ်ညမ်းမှု များကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားအများစု ကန့်ကွက်နေသည့် ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အားထုတ်ယူခြင်း အစီအစဉ်ကို အစိုးရက ယခင် ၃ ရာခိုင်နှုန်းထုတ်လုပ်နေရာမှ ၃၀ ရာခိုင်နှုန်းအထိ တိုးချဲ့ထုတ်လုပ် သွားမည်ဟု ဇွန်လတွင် ထုတ်ပြန် ကြေညာခဲ့သည်။
အစိုးရ၏ အနာဂတ်စွမ်းအင် ဖူလုံရေးစီမံချက်အရ မြန်မာတစ် နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိ ရေးအတွက် ကျောက်မီးသွေး၊ ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ နေစွမ်းအင်နှင့် လေစွမ်းအင်တို့မှ ထုတ်ယူရန်စီမံချက်ချထားသည်။ ယင်းစီမံချက်ကို လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက ရောထွေးသော စွမ်းအင်ထုတ်လုပ်ခြင်းဟု အမည်ပေးထားသည်။
Credit: 7 Day Daily