ဖိလစ်ပိုင်အခြေစိုက် အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Ayala Land သည် ၂၀၁၅ တွင် မြန်မာနိုင်ငံ၌ ၀င်ရောက်ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း အဆိုပါကုမ္ပဏီက သတင်းထုတ်ပြန်သည်။
ကမ္ဘာ့ဒုတိယအကြီးဆုံး အိမ်ခြံမြေဈေးကွက်ကို ပိုင်ဆိုင်ထားသည့် တရုတ်နိုင်ငံတွင် အိမ်ခြံမြေကဏ္ဍသည် အရောင်းအ၀ယ်များ လျော့ကျလာခြင်းနှင့် နိုင်ငံတကာသို့ ဈေးကွက်ချဲ့ထွင်ရေး အစီအစဉ်အရ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ထပ်မံရင်းနှီးမြှုပ်နှံရန် စီစဉ်ခြင်းဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ ဘဏ္ဍာရေးအရာရှိချုပ် Jaime E.Ysmael က ပြောသည်။
Ayala Land ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ ၎င်း၏မိတ်ဖက်ကုမ္ပဏီမှတစ်ဆင့် မြန်မာနိုင်ငံတွင် တည်ဆောက်မည့် အထပ်မြင့် အဆောက်အအုံများစွာ ပါဝင်သော အမေရိကန်ဒေါ်လာ သန်း ၃၀ ကုန်ကျမည့် အိမ်ရာစီမံကိန်းတစ်ခုတွင်လည်း အမေရိကန်ဒေါ်လာ ဆယ်သန်းခန့် ရှယ်ယာပါဝင်ရန် စီစဉ်ထားသည်ဟု ဆိုသည်။
သို့သော်လည်း Ayala Land ကုမ္ပဏီက ၎င်း၏မိတ်ဖက် မြန်မာကုမ္ပဏီ၏ အမည်နှင့် အိမ်ရာစီမံကိန်း၏အမည်ကိုမူ ထုတ်ဖော်ပြောကြားထားခြင်း မရှိပေ။
‘‘တရုတ်နိုင်ငံဈေးကွက်မှာ ကျွန်တော်တို့ ဆက်လက်ရှိနေတုန်းပါပဲ။ ဒါပေမဲ့ လုပ်ငန်းတွေကို ထပ်မတိုးချဲ့တော့ဘဲ ရှိတာတွေကိုပဲ ကုန်အောင်ရောင်းနေတဲ့ အနေအထားပါ’’ဟု ဘဏ္ဍာရေးအရာရှိချုပ် Jaime E.Ysmael က ပြောကြားသည်။
Ayala Land ကုမ္ပဏီသည် ၎င်း၏ဆောက်လက်စ စီမံကိန်းများကို အပြီးသတ်ရန် ဖိလစ်ပိုင် ပီဆို ဘီလီယံ ၇၀ သုံးစွဲသွားမည်ဖြစ်ပြီး ယခင်နှစ်က ၆၆ ဒသမ ၂၆ ဘီလီယံ သုံးစွဲခဲ့သည်။
Credit: 7 Day Daily