ယနေ့ခေတ်အိမ်ခြံမြေအရောင်းအ၀ယ်များ ပြုလုပ်ကြရာမှာ ဘိုးဘပိုင်မြေ၊ လယ်မြေ၊ ရွာမြေ၊ မြေချပါမစ်၊ ဂရန်မြေအားလုံးကို ၀ယ်ကြတယ်၊ ရောင်းကြတယ်။ အရင်ကလိုပါမစ်မြေဖြစ်မှဆိုတဲ့ တစ်ယူသန်စိတ်မရှိကြတော့ဘူး။ လူကြိုက်အများဆုံးနေရာက မြောက်ဒဂုံဖြစ်နေတာကြောင့် ၂၀၁၄ ခုနှစ်ရဲ့  မြေအရောင်းအ၀ယ် လူကြိုက်အများဆုံးနေရာလို့ ပြောကြတယ်။ “အခြေချနေထိုင်ဖို့ ဆွဲဆောင်မှုအကောင်းဆုံးနေရာက မြောက်ဒဂုံ” မြောက်ဒဂုံမြို့ နယ်က ဒဂုံအရှေ့ တောင်ဒဂုံဆိပ်ကမ်း၊ ရွှေပြည်သာ၊ လှိုင်သာယာတို့ထက်လူကြိုက်ပိုများတယ်။ 40'x60' ၀န်ထမ်းရပ်ကွက်ဆိုတော့လည်း ပိုပြီးနှစ်သက်ကြတယ်။ ရန်ကုန်မြို့ တွင်းလာချင်ရင် တံတားဖြတ်လိုက်တာနဲ့ တောင်ဥက္ကလာရောက်သွားတာပါပဲ။ မြောက်ဥက္ကလာသွားချင်ရင်လည်း တံတားကူးလိုက်ရုံပဲ။ ဒဂုံအရှေ့ ၊ ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်းမြို့ နယ်တွေသွားချင်ရင်လည်း အမှတ် ၂ လမ်းရောက်တာနဲ့ ကြိုက်တဲ့မြို့ နယ်သွားနိုင်တယ်။ ဒါကလည်းအချက်အချာကျခြင်းရဲ့  ဆွဲဆောင်မှုတစ်ခုလို့ဆိုရမှာပေါ့။ အဲ့ဒါကြောင့်မြို့ သစ်ချင်းတူပေမယ့် မြေဈေးတွေကမတူညီဘူး။ မြေကွက်ချင်းတူပေမယ့် လူနေထိုင်မှုတွေက ကွာခြားတယ်။ ၀န်ထမ်းအငြိမ်းစားမိသားစု နွယ်ဝင်တွေများတော့ ပိုပိုပြီးယဉ်ကျေးမှုရှိကြတယ်လို့ယုံကြည်ပြီး ဆိတ်ငြိမ်အေးချမ်းမှုကို ကြိုက်တဲ့အများစုတွေက မြောက်ဒဂုံမှာအခြေချဖို့ သဘောကျနေကြခြင်းဖြစ်တယ်လို့ ထင်မြင်မိတယ်။ အဲ့ဒါကြောင့်ထင်ပါရဲ့ ။ မြောက်ဒဂုံကမြေကွက်ဝယ်ရင် ဂရန်ဖြစ်ရင်လည်းကြိုက်တာပဲ။ နောက်ဆုံး 40'x60' ၀ယ်ထားသူက ခွဲရောင်းရင်လည်း ၀ယ်တာပဲလေ။ လွန်ခဲ့တဲ့ ၆ လလောက်က ကျွန်ုပ်၏ မိတ်ဆွေတစ်ဦးဟာ မြောက်ဒဂုံ ၃၄ ရပ်ကွက်က 20'x60' ဂရန်မြေကွက်ဝယ်လို့ သွားရောက်စာချုပ်ပေးရတယ်။ “ဂရန်မြေ၀ယ်စဉ်က မှတ်ပုံတင်စာချုပ်မလုပ်မိခဲ့တဲ့ နောင်တ” 20'x60' ဂရန်မြေခွဲဝယ်တယ်ဆိုကတည်းက တရားမ၀င်ခွဲပြီးသားမဟုတ်ဘူးလေ။ ကြိုက်လွန်းလို့သာဝယ်လိုက်ရတယ်။ ကိုယ့်အမည်ပေါက် ဂရန်ခွဲရအောင်လုပ်ဖို့က အဆင့်ဆင့်တွေကလည်းများလိုက်တာလွန်ပါရော။ အဲ့ဒီထက်စိတ်ညစ်စရာကောင်းတာက ဂရန်အမည်ပေါက်သူပင်စင်စားဘကြီး ပြောင်းရွှေ့ သွားတဲ့နေရာသိဖို့ပဲ။ အဲဒီမှာအခက်အခဲကစတော့တာပဲ။ “ဂရန်ကိုဝယ်ရင် ဂရန်အမည်ပေါက်သူကျန်းမာပါစေလို့ နေ့တိုင်းဆုတောင်းပေးနေရတယ်” မြေကွက်ဝယ်စဉ်တုန်းကတော့ ဂရန်အမည်ပေါက်ဘကြီးက အသက်ထင်ရှားရှိသေးတယ်။ 40'x60' ဂရန်မြေကွက်ကို သူငယ်ချင်းနဲ့စပ်ပြီး 20'x60' ခွဲခြမ်းယူမယ်ဆိုပြီး ပေါင်းစပ်ဝယ်ခဲ့ကြတာ။ လောလောဆယ်အလုပ်မအားသေးတာရယ်၊ သူငယ်ချင်းနှစ်ယောက်မဆုံဖြစ်တာရယ်၊ ဂရန်ခွဲဖို့ငွေမသုံးချင်တာရယ် စသည်အကြောင်းကြောင်းတွေကြောင့် ၀ယ်ထားတဲ့အတိုင်းပစ်ထားခဲ့ကြတယ်။ “အတက်ကြမ်းတဲ့မြောက်ဒဂုံဈေးနှုန်း” လွန်ခဲ့တဲ့ ၅ နှစ်က သိန်း ၆၀၀ လောက်ပေးခဲ့ရတဲ့မြေကွက်က ယနေ့အချိန်အခါမှာတော့ သိန်း ၁၅၀၀ လောက်တန်သွားပြီး။ ဒါတောင်အတွင်းလမ်းသွယ်ထဲမှာဝယ်ထားနိုင်လို့။ အပြင်လမ်းမကြီးဖြစ်တဲ့ပင်လုံလမ်း၊ ပြည်ထောင်စုလမ်းမပေါ်မှာသာ ၀ယ်ထားခဲ့ရင် ဒီအချိန်မှာဆိုရင် သိန်း ၅၀၀၀ လောက်တန်နေပြီပေါ့။ အဲ့ဒီလိုအတွေးဝင်လာရင် လူဆိုတာလောဘတက်လာပြီး စိတ်ပြောင်းသွားတတ်တယ်။ ဒီတော့စိတ်မပြောင်းခင် ဂရန်ခွဲ၊ အမည်ပြောင်းပြီး ကိုယ့်ဂရန်နဲ့ကိုယ်ခွဲကိုင်းမှကောင်းမယ်လို့စိတ်ကူးကောင်းတဲ့မောင်ကောင်းတစ်ယောက် ဂရန်ခွဲပေးဖို့ ကျွန်ုပ်ကိုနားပူနားဆာ လုပ်လာတော့လည်း ဂရန်ခွဲအမည်ပြောင်းပေးဖို့အရေး စာရွက်စာတမ်းတွေတောင်းယူကြည့်ရတော့တာပေါ့။ “ဂရန်ခွဲရင် စိတ်တူသဘာတူရှိဖို့လိုတယ်” ဂရန်ခွဲချင်တယ်ဆိုတော့ သူငယ်ချင်းနှစ်ဦးမျှခံကြဖို့ ဆွေးနွေးညှိနှိုင်းပြီးပြီးလားလို့ ကျွန်ုပ်ကမေးကြည့်တယ်။ နှစ်ဦးစလုံးဆန္ဒတူညီကြတယ်။ သဘောတူလို့တော်သေးတာပေါ့ တစ်ဦးတည်းဂရန်ခွဲရင်လည်း နှစ်ဦးစရိတ်ကျခံပြီး လုပ်ရတာဆိုတော့ ငွေကုန်ရမယ့်တာဝန်တွေကများတယ်။ နှစ်ဘက်သဘောတူညီချက်ရလို့ ဂရန်အမည်ပေါက်ထံမှ ကိုယ်စားလှယ်လွှဲစာယူပြီး တဖြည်းဖြည်းလုပ်သွားရအောင်၊ ဂရန်အမည်ပေါက်ဘကြီးတို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ တစ်ရက်လောက်လိုက်ပြီး ကိုယ်စားလှယ်လွှဲပေးဖို့ ဂရန်အမည်ပေါက်ရှိတဲ့နေရာကို အရင်စုံစမ်းခိုင်းရတယ်။ “ဂရန်အမည်ပေါက်သေသွားလို့ ဘယ်လိုဆက်လုပ်ရမလဲ” လိပ်စာအရ ဂရန်အမည်ပေါက်နဲ့ဆက်သွယ်တဲ့အခါ၊ ဂရန်အမည်ပေါက် ဘကြီးသေသွားပြီးတဲ့။ ဟိုက် အဲ့ဒါမှ ဒုက္ခတွေ့ပကော။ ဂရန်အမည်ပေါက်သေသွားပြီဆိုတော့ ဘာဆက်လုပ်ရမှန်းမသိဖြစ်နေတဲ့ မောင်ကောင်းတစ်ယောက် ခေါင်းငိုက်စိုက်နဲ့ ကျွန်ုပ်ထံရောက်လာပြန်တယ်လေ။ ရောက်တာနဲ့ ဂရန်အမည်ပေါက်သေသွားတဲ့အကြောင်း ကျွန်ုပ်ကိုပြောပြတယ်။ အင်… ဂရန်အမည်ပေါက်သေသွားပြီးဆိုတော့ ဘကြီးနဲ့မောင်ကောင်းတို့ မှတ်ပုံတင်အရောင်းအ၀ယ် စာချုပ်လို့မရတော့ဘူး။ အခြားနည်းလမ်းသုံးမှဖြစ်တော့မယ်။ ဥပဒေအရအရောင်းအ၀ယ် စာချုပ်ကို မှတ်ပုံတင်ချုပ်ဆိုပေးစေလိုမှုနဲ့ ဘကြီးဇနီးကို တရားစွဲယူရမှာဖြစ်ပါတယ်။ ဒီနည်းကိုသွားသုံးလို့မဖြစ်ပါဘူး။ တရားစွဲရင်အနည်းဆုံး ၆ လ၊ ၁ နှစ်ကြာမယ်။ ဒီလိုအချိန်ကြာလို့မဖြစ်ဘူး။ အကောင်းဆုံးနည်းလမ်းလေးရှာပေးပါဦးလို့ မောင်ကောင်းက ကျွန်ုပ်ကိုအားကိုးတကြီးနဲ့ တိုင်ပင်ရှာတယ်။ “ဂရန်အမည်ပေါက်သေရင် အမွေဆက်ခံသူကရမယ်” ကျွန်ုပ်လည်း တစ်ခဏမျှစဉ်းစားပြီး “ဘကြီးအိမ်ကိုမင်းသွားတုန်းက ဘကြီးရဲ့ ဇနီးကိုရောတွေ့ခဲ့ရဲ့ လား”။ “ဟား တွေ့ခဲ့တာပေါ့။ သူ့ဇနီးရဲ့ နာမည်က ကြီးကြီးသိန်းတဲ့”။ “ဒါဆိုရင်အလွယ်လေး ငါနည်းလမ်းရသွားပြီး မောင်ကောင်း”။ “ဘယ်လိုအကြံများလည်းဆရာရဲ့ ၊ ကျွန်တော်လည်းစိတ်ချမ်းသာသွားအောင် အမြန်ဆုံးပြောပါဗျာ”။ “အဲ့ဒါက ဒိလိုကွ မောင်ကောင်းရ၊ ဘကြီးသေသွားပြီဆိုတော့ ဇနီးဖြစ်သူ ကြီးကြီးသိန်းက အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်ချုပ်ပြီး မှတ်ပုံတင်အရောင်းအ၀ယ်စာချုပ်ချုပ်တဲ့အခါမှာ လာပြီးလက်မှတ်ထိုးပေးရုံပဲ”။ “အဲ့ဒါဆိုပြီးရောလားဆရာ၊ သူတို့ရဲ့ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းမှာကြည့်လိုပ်ပါတယ်”။ “အမွေဆက်ခံသူထံက ပိုင်ဆိုင်မှုအထောက်အထားတွေလိုအပ်တယ်” “အေးဒါဆိုရင် အမွေဆက်ခံပိုင်ဆိုင်ကြောင်းနဲ့ အရောင်းအ၀ယ်စာချုပ်ချုပ်ဆိုဖို့ ကြီးကြီးသိန်းထံက ပိုင်ဆိုင်မှုအထောက်အထားတွေ တောင်းရမယ်။ “ဘာတွေများလဲ ဆရာ”။ “(၁) ဘကြီးအမည်ပေါက်ဂရန်၊ (၂) ဘကြီးသေဆုံးကြောင်းလက်မှတ်(မြို့ နယ်ကျန်းမာရေးဦးစီးငှာနနဲ့ တိုင်းကျန်းမာရေးဦးစီးငှာနက ထုတ်ပေးတယ်)၊ (၃) ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီကထုတ်ပေးတဲ့ ဂရန်မြေငှားရမ်းခမြေခွန်ပြေစာ(ရေခွန်၊ မီးခွန်၊ အထွေထွေသန့်ရှင်းရေးခွန်ရေးထားတဲ့ပြေစာမဟုတ်ဘူး၊ အဲ့ဒါလည်းခွဲပြီးမှတ်ထားလိုက်ဦး)” “ဟုတ်ကဲ့ပါဆရာ”။ “(၄) ကြီးကြီးသိန်းရဲ့ နိုင်ငံသား/မှတ်ပုံတင်ကတ်ပြားတောင်းပြီး ကြီးကြီးသိန်းကိုပါ ဆရာ့ဆီခေါ်လာပေးကွာ”။ ဟာ ဆရာ ကြီးကြီးသိန်းက အသက် ၈၀ ကျော်နေပြီ ဆိုတော့ တရားသူကြီးထံခေါ်လာဖို့ပိုပြီးလိုတယ်။ သေနေတဲ့လူကို အသက်ထင်ရှားရှိပါတယ်ဆိုပြီး တစ်ချို့ ပွဲစားတွေက လိမ်ပြီးကျမ်းကျိန်တာတွေမျိုးတွေရှိတယ်။ ဒါကြောင့် ကြီးကြီးသိန်းကိုခေါ်လာခဲ့ကွာ”။ “ဟုတ်ကဲ့ဆရာ”။ “ပိုင်ဆိုင်ကြောင်းကျမ်းကျိန်နဲ့အကူကျမ်းကျိန်ယူထားဖို့လိုတယ်” “ဒါထက်အရေးကြီးတာရှိသေးတယ်ကွ”။ “ဘာများလဲ ဆရာ”။ “ဘကြီးနဲ့ကြီးကြီးသိန်းတို့လင်မယားဖြစ်ကြောင်း၊ လက်ရည်တပြင်တည်းအတူတကွ ပေါင်းသင်းနေထိုင်လာခဲ့ကြောင်း၊ ဘကြီးကွယ်လွန်တဲ့အခါမှာလည်း ကြီးကြီးသိန်းကပင် နာရေးကိစ္စများကို အစအဆုံးဆောင်ရွက်ပေးခဲ့ကြောင်း၊ ဘကြီးနဲ့ကြီးကြီးသိန်းတို့မှာ မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာများဖြစ်ကြောင်း၊ ကြီးကြီးသိန်းကလွဲလို့ အခြားအမွေဆက်ခံမယ့်သူဇနီးမရှိကြောင်း၊ ထောက်ခံကျမ်းကျိန်ပေးမယ့်လူ တစ်လမ်းတည်းနေအိမ်နီးနားချင်း ၂ ဦးပါခေါ်လာခဲ့ကွာ။ သူတို့ရဲ့ မှတ်ပုံတင်မူရင်းတွေလည်း ယူလာခဲ့ဦးနော်”။ “ဟုတ်ကဲ့ပါဆရာ၊ ခေါ်လာခဲ့ပါ့မယ်၊ တော်တော်ရှုပ်တာပဲနော်”ဟု မောင်ကောင်းတစ်ယောက်ပြန်ခါနီးမှာ ညည်းတွားသွားသေးတယ်။
Credit: Shwesathtagan