ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်မှု ဆိုင်ရာ စံချိန်စံညွှန်းများ စစ်ဆေးရေးကော်မတီ (HIC) က ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလမှ ယခုအချိန်အထိအထပ်မြင့် အဆောက်အအုံ ၁ဝ၁ လုံးကို ဆောက်လုပ်ခွင့်ပြုခဲ့ပြီး ဖြစ်သည်ဟု ၎င်းကော်မတီမှ တာဝန်ရှိသူအရာရှိတစ်ဦးက ပြောသည်။
ယင်းအဆောက်အအုံများမှာကိုးထပ်မှ ၁၂ ထပ်ခွဲအထိ ၄၄ လုံး၊ ၁၂ ထပ်ခွဲမှ ၃၂ ထပ် ၅၇ လုံးဖြစ်ပြီး ၂ဝ၁၄ ခုနှစ်တွင် ယခင်နှစ်ထက်အလုံး ၄ဝ ခန့် တိုးမြှင့်ခွင့်ပြုထားသည်ဟု သိရသည်။
ဌာနမှ စိစစ်မှုဆောင်ရွက်နေဆဲအထပ်မြင့် အဆောက်အအုံပေါင်း၄၇ လုံးရှိပြီး ခွင့်ပြုချက်မပေးနိုင်သည့် အဆောက်အအုံမှာ ကိုးလုံးရှိသည်ဟု သိရသည်။
”သတ်မှတ်ချက်နဲ့ မကိုက်လို့ ပြန်ပြင်၊ ပြန်လုပ်နေရတဲ့ အဆောက်အအုံတွေ ရှိသလို ဌာနကို တင်ပြီးမှ သူတို့ဘက်က မလုပ်ဖြစ်တာတွေလည်းရှိတယ်”ဟု ၎င်းက ပြောသည်။
ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားရပ်ကွက်၊ ရွှေတိဂုံဘုရား၏ မြင်ကွင်းကို ကွယ်နိုင်သော ဦးဝိစာရလမ်း၊ ရှေးဟောင်း အဆောက်အအုံနှင့်နီးကပ်သောနေရာနှင့် ရန်ကုန်မြို့၏မြို့လယ်တွင် Sule Shangri-la (ယခင် Traders Hotel)၏ အမြင့်ပေ ၃၁၇ ပေထက် ပိုပြီး အထပ်မြင့်အဆောက်အအုံကို ဆောက်လုပ်ခွင့်မပြုကြောင်း သိရသည်။
လေယာဉ်အတက်အဆင်းလမ်းကြောင်းရှိသည့် မရမ်းကုန်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ် ၏အချို့နေရာများတွင် လေကြောင်းဦးစီးဌာနမှ ခွင့်ပြုသော အမြင့်ပေကင်းလွတ်ခွင့် လိုအပ်သည်။
”ဒီသတ်မှတ်ချက်က အရင်ကတည်းက ရှိပါတယ်။ အရင်က အဲဒီနေရာတွေမှာ အထပ်မြင့် မဆောက် ကြဘူး။ အခု ဆောက်လာကြလို့ပါ။ လေကြောင်းနဲ့ဆိုင်တဲ့ အမြင့်ပေကင်းလွတ်ခွင့်က လေကြောင်းဦးစီး ဌာနမှာပဲ ရယူရမယ်”ဟု HIC မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
ခွင့်ပြုပြီးအဆောက်အအုံနှင့်ခွင့်ပြုရန် ဌာနသို့ တင်ထားသည့် စီမံကိန်းကြီးများမှာ ရန်ကုန်-အင်းစိန် လမ်းမပေါ်ရှိ The GEMS ကွန်ဒိုမီနီယမ်၊ ပြည်လမ်းမပေါ်ရှိ ဒေဝူးအမရာဟိုတယ်၊ ရန်ကင်းလမ်းမပေါ်ရှိ Golden City အိမ်ရာစီမံကိန်း၊ သံသုမာလမ်းမပေါ်ရှိ Sky Condominium နှင့် အနောက်မြင်းပြိုင်ကွင်းလမ်းပေါ်ရှိ ၃၄ ထပ်အမြင့်ရှိသော စီမံကိန်း (ယခင် အမျိုးသားစာကြည့်တိုက် နေရာဝင်း) တို့ ဖြစ်သည်။
Credit : The Trade Times