ရန်ကုန်မြို့တော်ရှိ ရှေးဟောင်းအဆောက်အအုံများကို ထိန်းသိမ်းကာကွယ်နိုင်သည့် ဥပဒေများ တိတိ ကျကျ ပြဋ္ဌာန်းထားခြင်း မရှိသဖြင့်ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဥပဒေ မူကြမ်းရေးဆွဲကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားကြောင်းယင်းအဖွဲ့မှ သိရသည်။
”ဒီမှာက ထိန်းသိမ်းထားတဲ့ အဆောက်အအုံတွေလည်း ရှိသလိုထိန်းသိမ်းမှုမရှိတဲ့ အဆောက်အအုံ တွေလည်း ရှိနေတယ်။ အဓိကကအဆောက်အအုံတွေကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့ ဥပဒေတွေတိတိ ကျကျပြဋ္ဌာန်းထားတာ မရှိသေးတဲ့အတွက် အစ်မတို့က မူကြမ်းရေးဆွဲပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားတယ်” ဟု ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ အကြီးတန်း ပြန်ကြားရေး အရာရှိ မရွှေယင်းမာဦးကပြောသည်။
ရန်ကုန်မြို့တော် သမိုင်းနှင့် ဆက်စပ်သော ရှေးဟောင်းအဆောက်အအုံများတွင် ရန်ကုန် မြို့ပြအမွေ အနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ယင်းအဆောက်အအုံ၏ သမိုင်းကြောင်းများ၊ အမည်များ၊ ထူးခြား ဖြစ်စဉ်များကို အပြာရောင် ကမ္ပည်းပြားများပေါ်၌ မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးထိုး တပ်ဆင်သွား မည်ဖြစ်ပြီး ပထမဆုံးကမ္ပည်းပြားကို ရန်ကုန်မြို့တော်ခန်းမတွင် သြဂုတ်လအတွင်း တပ်ဆင်သွားမည်ဖြစ်သည်။
ရန်ကုန်မြို့တော်ရှိ ရှေးဟောင်းအဆောက်အအုံများတွင် တပ်ဆင်မည့် ကမ္ပည်းပြားများကိုရေရှည်ခိုင်ခံ့ မှုနှင့် အရည်အသွေးကောင်းမွန်ရေး ရှေးရှုကာ သြစတြေးလျနိုင်ငံမှမှာယူတင်သွင်းရသည့်အတွက် ကုန်ကျ စရိတ်များပြားလျက်ရှိရာ ပြည်တွင်း၌ အရည်အသွေးကောင်းမွန်သည့်ကမ္ပည်းပြားများ ဝယ်ယူရရှိနိုင်ပါက ရှေးဟောင်းအဆောက်အအုံများတွင် ကမ္ပည်းပြားများ ပိုမိုတပ်ဆင်သွားနိုင်မည်ဖြစ်သည်။
”စည်ပင်က စာရင်းလုပ်ထားတဲ့အဆောက်အအုံ ၁၈၉ လုံးမှာ ပါတဲ့အဆောက်အအုံတွေ၊ ဒီစာရင်းမှာ မပါပေမယ့် သမိုင်းအရ အရေးကြီးတဲ့ ပုဂ္ဂလိက အဆောက်အအုံတွေကိုပါ ရွေးချယ်ပြီး ကမ္ပည်းပြားကပ်သွား ပါမယ်” ဟု ၎င်းက ပြောသည်။
ဥပဒေများ ပေါ်ထွက်လာပါက ရှေးဟောင်းအဆောက်အအုံများကိုမည်သို့မည်ပုံ ထိန်းသိမ်းစောင့် ရှောက်ရမည်၊ မည်သည့်ပုံစံဖြင့်ထိန်းသိမ်းစောင့်ရှောက်ခြင်းက ပိုမိုသင့်လျော်မည် စသည်တို့ကို တိတိကျကျ ပြဋ္ဌာန်းနိုင်မည်ဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ထုတ်ပြန်ထားသည့် စာရင်းများအရ ရန်ကုန်မြို့ တော်တွင် ရှေးဟောင်းအဆောက်အအုံပေါင်း ၁၈၉ လုံးရှိပြီး အများစုမှာ မြို့လယ်ကောင်ဖြစ်သည့် ပန်းဘဲတန်း နှင့် ကျောက်တံတားမြို့နယ်တို့တွင် တည်ရှိသည်။
”သမိုင်းဝင် အဆောက်အအုံတွေကို သူတို့ ငှားတဲ့အခါမှာ အပြင်ပိုင်းကို ပုံသဏ္ဌာန်ပျက်သွားမှာစိုးလို့ ပြင်ဆင်ခွင့်မပေးထားဘဲ အတွင်းပိုင်းကိုတော့ ပြင်ဆင်ခွင့်ပေးထားတယ်။ ရှေးဟောင်းအဆောက်အအုံကို ဖျက်ဆီးတာတို့၊ ပုံသဏ္ဌာန်ပြောင်းလဲသွားအောင်လုပ်တာတို့ဆိုရင် ဥပဒေအရ အရေးယူလို့ ရတယ်” ဟု မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှတရားလွှတ်တော်ရှေ့နေ ဦးအေးမင်းက ပြောသည်။
ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် ရန်ကုန်မြို့တော်ရှိ ရှေးဟောင်း အဆောက်အအုံများကို ထိန်းသိမ်းစောင့်ရှောက်ရန် စိတ်ပါဝင်စားမှုရှိသည့် ပြည်တွင်း ပြည်ပမှ ပုဂ္ဂိုလ်များ၊ အစိုးရအဖွဲ့များ၊ ဝန်ကြီးဌာနများမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ နိုင်ငံတကာတက္ကသိုလ်များမှ လာရောက် လေ့လာကြသည့်ကျောင်းသူကျောင်းသားများ၊ အဖွဲ့အစည်းများက အကူအညီတောင်းခံလာလျှင် လိုက်လံ ပြသရှင်းလင်းသည့် လုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိသကဲ့သို့ ကမ္ဘာလှည့်ခရီးသည်များကလည်း ရန်ကုန်မြို့တော်ရှိ ရှေးဟောင်းအဆောက်အအုံများကို လေ့လာရန် စိတ်ပါဝင်စားမှုများပြားကြောင်း သိရသည်။
Credit :The Trade Time