ပြောင်းလဲလာသော လူနေထိုင်မှု ပုံစံများနှင့်အတူ တိုးတက်လာသည့် ဆောက်လုပ်ရေး လုပ်ငန်းများ၏ လိုအပ်ချက်အရ ရန်ကုန်မြို့တွင်းရှိ တန်ဖိုးမြင့် လူနေအဆောက်အအုံ ဆောက်လုပ်မှုများမှာလည်း ပြောင်းလဲလာကာ မြို့နေလူထုမှာ အဆင့်မြင့် အဆောက်အအုံများတွင် နေထိုင်ရန် အာရုံစူးစိုက်မှု များလာကြသည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းရှင် အများစုမှာလည်း အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုနှင့် ဆောက်လုပ်ရေး လုပ်ငန်းများဘက်သို့ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာကြပြီး အဆင့်မြင့် လူနေအိမ်ရာများနှင့် နိုင်ငံတကာအဆင့်မီ သတ်မှတ်နိုင်သည့် ကွန်ဒိုများကို အပြိုင်အဆိုင် ဆောက်လုပ်လာကြသည်။ ရန်ကုန်မြို့၏ လူဦးရေ ထူထပ်လာမှုနှင့်အတူ လူနေထိုင်ရန် ကွန်ဒိုတိုက်ခန်းများ၏ လိုအပ်ချက်မှာလည်း လျော့ကျနေခြင်း မရှိသည်မှာ လက်ရှိဖြစ်ပေါ်နေသော ရန်ကုန်မြို့၏ အိမ်ခြံမြေ ဈေးကွက်အတွင်း ကွန်ဒိုတိုက်ခန်း အငှားဈေးကွက် မြင့်မားမှုက သက်သေပြလျက်ရှိသည်။ ပြည်တွင်းက ဒေသခံ နေထိုင်သူများအပြင် ပြည်ပက စီးပွားရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်သော နိုင်ငံခြားသားများ ဝင်ရောက်လာမှုများကြောင့် ကွန်ဒိုတိုက်ခန်းနေ လူထုမှာ ပိုမိုမြင့်မားလျက်ရှိပြီး ဈေးကွက်လိုအပ်ချက်များအရ အဆင့်မြင့် ကွန်ဒိုတိုက်ခန်းများ၏ လိုအပ်ချက်မှာလည်း မြင့်မားလျက်ရှိကြောင်း ဆောက်လုပ်ရေးကဏ္ဍရှိ အရောင်းမြှင့်တင်ရေး သမားများက ပြောသည်။
“အခုနောက်ပိုင်းမှာ ပြည်တွင်း လူနေထိုင်မှုရဲ့ လိုအပ်ချက်အရရော၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာမှုနဲ့အတူ နိုင်ငံခြားသားတွေ နေထိုင်မှုအတွက်ရော ရန်ကုန်မြို့မှာ ကွန်ဒိုတိုက်ခန်းတွေရဲ့ လိုအပ်ချက်က ရှိနေပါသေးတယ်။ နိုင်ငံတကာကလည်း အိမ်ခြံမြေဘက်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာမှုတွေလည်း ရှိလာတော့ အဆင့်မြင့် လူနေထိုင်မှု ပုံစံတွေလည်း လိုအပ်လာတယ်။ ခုနောက်ပိုင်းမှာ ပြည်တွင်းက ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ ကိုယ်တိုင်ကလည်း အဆင့်မီတဲ့ ကွန်ဒိုတွေ အဆင့်မြင့် တိုက်ခန်းတွေကို ပိုပြီးဆောက်လုပ်လာကြတယ်” ဟု The G.E.M.S Garden ကွန်ဒိုမီနီယံကို တည်ဆောက်လျက်ရှိသည့် Capital Development Ltd. မှအကြီးတန်း အရောင်းမြှင့်တင်ရေး မန်နေဂျာ မလွင်မာအောင်က ပြောသည်။ ထိုကဲ့သို့ ရန်ကုန်မြို့တွင်း အဆင့်မြင့် ကွန်ဒိုမီနီယံများ တည်ဆောက်မှု များပြားလာခြင်းနှင့်အတူ ယင်းကဲ့သို့ ကွန်ဒိုမီနီယံအဆင့် သတ်မှတ်ချက်နှင့်ညီသည့် ကွန်ဒိုအခန်းများ၏ ဝယ်လိုအားမှာလည်း ကောင်းမွန်ကြောင်း ၎င်းကပြောသည်။
“အခုနောက်ပိုင်း အဆင်မြင့် ကွန်ဒိုတွေ အပြိုင်အဆိုင် တည်ဆောက်နေကြသလို ဈေးကွက်ထဲမှာလည်း ကွန်ဒိုအခန်းတွေကို ရင်းနှီးမြှုပ်နှံမှုလည်း စိတ်ဝင်စားကြတဲ့အတွက် ကွန်ဒိုဈေးကွက်က ကောင်းတယ်လို့ပြောရမယ်။ The G.E.M.S Garden ကွန်ဒိုကိုရောင်းချတာ အခုဆိုရင် ၇၅ ရာခိုင်း နှုန်းလောက် အခန်းတွေရောင်းလို့ ကုန်နေပါပြီ။ ဝယ်ယူတဲ့သူတွေကတော့ တချို့က ပြန်ငှားဖို့၊ တချို့ကလည်း လက်ရှိနေတဲ့ နေရာကိုငှားပြီး အခုနောက်ပိုင်း ဆောက်လာကြတဲ့ ကွန်ဒိုမှာနေကြဖို့ ဝယ်ယူကြတယ်။ တချို့ကလည်း တကယ်ကို နေထိုင်ဖို့ ဝယ်ယူကြတယ်” ဟု မလွင်မာအောင်က မြန်မာတိုင်း(မ်) ကိုပြောသည်။ The G.E.M.S Garden ကွန်ဒိုမီနီယံကို ရန်ကုန်မြို့၊ လှိုင်မြို့နယ် သုခလမ်းမှတ်တိုင် အနီးရှိ မြေဧက ၁၂ ဒသမ ၈ ဧက အကျယ်အဝန်းပေါ်တွင် ၃ ဒသမ ၄ ဧက အကျယ်ရှိသော အဆောက်အအုံ တည်ဆောက်သွားမည်ဖြစ်ပြီး လာမည့် ၂၀၁၆ နှစ်ကုန်ပိုင်းခန့်တွင် တည်ဆောက်ပြီးစီးရန် လျာထားကာ လက်ရှိတွင် ၃၅ ရာခိုင်နှုန်း အထက် တည်ဆောက်ပြီးစီးလျက်ရှိကြောင်း ၎င်းကပြောသည်။ ထို့ပြင် လက်ရှိ ရန်ကုန်မြို့တွင် တည်ဆောက်ပြီးစီးလျက်ရှိသည့် ကွန်ဒိုများမှာ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်နှိုင်းယှဉ်ပါက ကွန်ဒိုအဆင့် သတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိသည့်အတွက် အဆင့်မြင့် ကွန်ဒိုတိုက်ခန်းများအဖြစ်သာ သတ်မှတ်နိုင်ကြောင်း အိမ်ခြံမြေကျွမ်းကျင်သူများက ပြောသည်။ ထို့ကြောင့် နိုင်ငံဖွံ့ဖြိုး ပြောင်းလဲလာသည့်အလျောက် လက်ရှိဈေးကွက်အတွင်း အဆင့်မြင့် ကွန်ဒိုအခန်းများကို ဝယ်ယူရန် စိတ်ဝင်စားမှုနှုန်းမှာ မြင့်မားလျက်ရှိကြောင်း 68 RESIDENCE အဆင့်မြင့် ကွန်ဒိုမီနီယံကို တည်ဆောက်လျက်ရှိသည့် United GP Development ကုမ္ပဏီလီမိတက်၏ အရောင်းမြှင့်တင်ရေးမှ တာဝန်ရှိသူ မသစ်သစ်စိုးက ပြောသည်။
“68 RESIDENCE အဆင့်မြင့် ကွန်ဒိုကိုလည်း ၇၀ ရာခိုင်နှုန်းလောက် ကြိုတင်ရောင်းချမှုတွေ ပြီးစီးနေပါပြီ။ ဝယ်ယူလိုသူ တော်တော်များများလည်း စိတ်ဝင်စားကြပါတယ်။ ပြည်တွင်းကသူတွေအပြင် ပြည်ပက ဝယ်ယူချင်တဲ့သူတွေလည်း တော်တော်များများ ကျွန်မတို့ အရောင်းပြခန်းကို လာလေ့လာကြပါတယ်။ တစ်နေ့ကို လာရောက်ကြည့်ရှုတဲ့ အဖွဲ့က ၁၅ ဖွဲ့ကနေ အဖွဲ့ ၂၀ လောက်ရှိပါတယ်” ဟု ၎င်းကပြောသည်။ သို့သော် အဆင့်မြင့် ကွန်ဒိုမီနီယံများမှာ ဆောက်လုပ်ဆဲ အဆင့်တွင်သာရှိနေပြီး လာမည့် သုံးလေးနှစ်အတွင်း၌သာ အကောင်အထည် ပေါ်လာမည် ဖြစ်သည့်အတွက် ဈေးကွက်အတွင်း ကွန်ဒိုအခန်း ဝယ်လိုအား မြင့်မားသော်လည်း အဆင့်မြင့် ကွန်ဒိုအဆောက်အအုံများမှာ လက်တွေ့တွင် မရှိသလောက် ရှားပါးသည့်အတွက် ရောင်းချသည့်အခါတွင် အခက်အခဲများ အနည်းငယ်ရှိကြောင်း INFINITY အဆင့်မြင့် ကွန်ဒိုမီနီယံကို တည်ဆောက်လျက်ရှိသည့် KHG Development ကုမ္ပဏီ၏ အရောင်းမြှင့်တင်ရေး အကြီးတန်းအရာရှိဖြစ်သူ ကိုရဲပြည့်အောင်က ပြောသည်။ “ကျွန်တော်တို့ဆီမှာ အဆင့်မြင့်ကွန်ဒို အဆောက်အအုံဆိုတာ အရမ်းစိမ်းနေတဲ့အရာ ဖြစ်ခဲ့တော့ တစ်ခါတလေ အဆင့်မြင့် ကွန်ဒိုတွေ တည်ဆောက်မယ်ဆိုပြီး ရောင်းချတဲ့အခါမှာ အခက်အခဲလေးတွေ၊ ရှိပါတယ်။ ဒါကြောင့် ဝယ်ယူနေထိုင်မယ့် သူတွေကို အဆင့်မြင့် နေထိုင်မှုပုံစံတွေ အဆင့်မြင့် ကွန်ဒိုတွေနဲ့ ပတ်သက်လို့ တိတိကျကျ ရှင်းပြပြီး ရောင်းချရတဲ့ အခါတွေလည်း ရှိပါတယ်။ နိုင်ငံခြားသား ဝယ်လက်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဝယ်ယူသူတွေထဲမှာတော့ ပြည်တွင်းက ပိုများပါတယ်” ဟု ၎င်းကပြောသည်။ INFINITY အဆင့်မြင့် ကွန်ဒိုမီနီယံကို မကြာသေးမီကပင် ဈေးကွက်အတွင်း စတင်မိတ်ဆက် ရောင်းချခဲ့ပြီး ကွန်ဒိုအခန်းပေါင်း ၅၀ ရာခိုင်နှုန်း ကြိုတင်ရောင်းချထားပြီး ဖြစ်သည်။
Credit : Myanmar Times