အများပြည်သူ အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ဟူသည့် ရည်ရွယ်ချက်ဖြင့် ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံ အနှံ့အပြားတွင်တည်ဆောက်နေသည့် တန်ဖိုးမျှတအိမ်ရာစီမံကိန်းများကို အခက်အခဲများကြားမှ ပြီးမြောက်အောင်မြင်အောင် တည်ဆောက်နေကြောင်းမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်ကပြောသည်။
”အခက်အခဲတွေကတော့အများကြီးပါပဲ။ အဓိကကတော့ရာသီဥတုနဲ့ ငွေရေးကြေးရေး အခက် အခဲတွေ ရှိပါတယ်။ အခု လုပ်ငန်းတွေပြီးမြောက်ဖို့လည်း အားသွန်ခွန်စိုက် လုပ်နေပါတယ်” ဟု ၎င်းက The Trade Times နှင့် သီးခြားတွေ့ဆုံစဉ် ပြောသည်။
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ပုဂ္ဂလိကကုမ္ပဏီများ အကျိုးတူ ပူးပေါင်းကာ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများ ဆောက်လုပ်ခြင်းအပြင် ယခင် အစိုးရပိုင် နေအိမ်တိုက်ခန်းများကို အဆင့်မြင့်ပြန်လည် တည်ဆောက်ခြင်းကိုလည်း စဉ်ဆက်မပြတ်လုပ်ကိုင်နေပြီး ရန်ကုန်မြို့အတွင်း တန်ဖိုးမျှတအိမ်ရာ စီမံကိန်း များကို ထပ်မံတည်ဆောက်ရန် စီစဉ်နေကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် ရတနာနှင့် ဧရာဝဏ် အိမ်ရာ စီမံကိန်းများကို ပြည်တွင်းဆောက်လုပ်ရေး ကုမ္ပဏီ ၂ဝ ကျော်နှင့် ပူးပေါင်းတည်ဆောက်နေသကဲ့သို့ လှိုင်သာယာမြို့နယ်တွင်လည်းရွှေလင်ပန်းအိမ်ရာ စီမံကိန်းကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနကတည် ဆောက်လျက်ရှိသည်။
”နောက်ထပ် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းတွေကို ထပ်ပြီးဖော်ထုတ်ဖို့ ရှိပါတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် အကျိုးတူ ပူးပေါင်းဆောက်လုပ်မည့် ကုမ္ပဏီများကို PAE တစ်ပေ ပတ်လည်လျှင် ကျပ် ၂၅,ဝဝဝ နှုန်းဖြင့် ပြန်လည်ရှင်းလင်းသည့် စနစ်ဖြင့်တည်ဆောက်နေခြင်းဖြစ်ကာ ဆောက်လုပ်ပြီး တန်ဖိုးမျှတအိမ်ရာစီမံကိန်းများကို အများပြည်သူသို့ပြန်လည်ရောင်းချရာတွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ၏ အစီအစဉ်ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။
”သူတို့ဆောက်တာက ပရီကတ်စနစ်နဲ့ ဆောက်ခိုင်းတာ ဖြစ်တယ်။ ဧရာဝဏ်နဲ့ ရတနာမှာဆိုရင် မြေမာ ရဖို့ စမ်းတာ ပေ ၇ဝ လောက်မှာမှမြေမာရတယ်။ အဲဒါကြောင့်လည်းကုန်ကျစရိတ် များတယ်။ ဆောက်တဲ့ ကုမ္ပဏီတွေက ငွေကြိုထုတ်ပြီးသူတို့က နောက်မှ လိုက်ရှင်းပေးတဲ့ပုံစံဖြစ်ပေမယ့် ကုန်ကျစရိတ်ကများတော့ ကုမ္ပဏီတွေက လုပ်ဖို့အဆင်မပြေဘူး။ ဟိုတစ်လောတုန်းက ငွေပြတ်သွားလို့ လုပ်ငန်းတွေ ခဏရပ်ထားလိုက် ရတယ်” ဟု တန်ဖိုးမျှတအိမ်ရာ စီမံကိန်းတစ်ခုတွင်ပါဝင်ဆောက်လုပ်နေသည့် ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဧရာဝဏ်နှင့် ရတနာ အိမ်ရာစီမံကိန်းများကိုဆောက်လုပ်ရေး ကုမ္ပဏီများက ကုန်ကျစရိတ်များပြားသည့်အတွက် အများဆုံး ခြောက်ထပ်သာ တည်ဆောက်ရန် တင်ပြခဲ့သော်လည်း နောက်ဆုံးတွင် ၁၈ ထပ် အမြင့်ဖြင့်နိုင်ငံတကာအဆင့်မီ တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ပြီး ခန့်မှန်းတွက်ချက် သည့် တန်ဖိုးများအရ တိုက်ခန်းတစ်ခန်းလျှင် အနည်းဆုံး ကျပ် ၁၈၅ သိန်းခန့် တန်ကြေးရှိနိုင်ကြောင်း သိရ သည်။
”တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေကို အခုထက် ဈေးလျှော့ပြီးရောင်းပေးဖို့အတွက် အဆင့်မြင့်နည်း ပညာတွေ ရှာဖွေနေပါတယ်။ ပြီးမြောက်အောင်မြင်အောင်လည်း ကြိုးစားလုပ်နေပါတယ်”ဟု ဦးမင်းထိန်က ပြောသည်။
Credit : The Trade Times