တရားမဝင် ငွေမည်းများကို ငွေဖြူအဖြစ် ပြောင်းလဲနိုင်ရန်အတွက်အိမ်ခြံမြေဈေးကွက်မှာ အသုံးချခံ နေရာတစ်ခုဖြစ်လာခြင်း၊ မြန်မာနိုင်ငံတွင် ငွေရပေါက်ရလမ်းမပြနိုင်သည့်သူများက ယင်းတို့ပိုင်ဆိုင်မှုများကို ငွေဖြူအဖြစ်ပြနိုင်ရန် အိမ်ခြံမြေများဝယ်ယူလာခြင်းကြောင့် အိမ်ခြံမြေဈေးနှုန်းများ မတန်တဆ မြင့်တက်လာ ခြင်းဖြစ်သဖြင့် ပြန်လည်ထိန်းချုပ်ရန် လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် တရားလွှတ်တော် ရှေ့နေများထံမှ သိရသည်။
” Black money တွေ အိမ်ခြံမြေဈေးကွက်ထဲဝင်နေတာကို ထိန်းချုပ်ဖို့က မလွယ်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ဘိန်းစိုက်တာတို့၊ မူးယစ်ဆေးဝါးတို့က ရနေတဲ့ ပိုက်ဆံတွေနဲ့အိမ်ဝယ်လိုက်ပြီး အခွန်ဆောင်လိုက် ရင်ကို ရနေတယ်။ ဒီပြဿနာတွေချုပ်ငြိမ်းအောင်က ငြိမ်းချမ်းရေး ရဖို့လိုတယ်။ Black က ရတဲ့ ငွေတွေတော် တော်များနေတယ်” ဟု သီပေါမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။
အိမ်နီးချင်း တရုတ်နိုင်ငံတွင်အစိုးရက အိမ်ခြံမြေဈေးနှုန်းများကိုအခွန်စနစ်ဖြင့် ထိန်းချုပ်ခြင်း၊ ပိုလျှံ ပိုင်ဆိုင်သည့် အိမ်ရာများအတွက်အခွန်နှုန်းထား မြင့်မားစွာ ကောက်ခံခြင်း၊ ဈေးကစားခြင်း မပြုနိုင်စေရန် အခွန်နှုန်းတိုးမြှင့်ခြင်း အစရှိသည့်နည်းလမ်းများဖြင့် ထိန်းချုပ်မှုများပြုလုပ်လျက်ရှိသည်။
”ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ငွေတွေကို ဒီမှာက အခွန်ပေးလိုက်ရင်ကို ရနေတယ်။ တိုးပွားလာတဲ့ လူဦးရေနဲ့ စီးပွားရေးအခြေအနေတွေအရ မြေဈေးတွေက ထပ်တက်နေဦးမယ်။ သူတို့ထိန်းဖို့ဆိုတာမလွယ် ဘူး”ဟု ၎င်းက ပြောသည်။
တရားမဝင်ငွေကြေးများ ပြည်တွင်း အိမ်ခြံမြေဈေးကွက်သို့ မဝင်ရောက်စေရန်အတွက် နယ်စပ်ဒေသ တစ်လျှောက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နိုင်မှသာလျှင် မူးယစ်ဆေးဝါးမှ ရရှိနေသည့် ငွေကြေးများကို အထိုက်အလျောက်ထိန်းချုပ်သွားနိုင်မည် ဖြစ်သော်လည်း ယနေ့ တိုက်ပွဲများဖြစ်ပွားနေသည့် အချိန်တွင် လက်နက်ကိုင် အဖွဲ့အစည်းများ၏ အဓိက ငွေရပေါက်ဖြစ်နေသည့် ဘိန်းစိုက်ပျိုးမှုနှင့်မူးယစ်ဆေးဝါးထုတ်လုပ်မှုကို ထိန်းချုပ်ရန်မှာ အင်မတန် အလွန်ခက်ခဲသည့်အခြေအနေ တစ်ရပ် ဖြစ်ကြောင်းအဆိုပါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။
”အိမ်ခြံမြေဈေးကွက် အနေအထားက ငွေမည်းသမားတွေ၊ ငွေဖြူပြချင်တဲ့ လူတွေ အကြိုက်ပဲ၊ အိမ်ဝယ်မယ်။ အဲဒီအတွက် သူတို့အခွန်ပေးမယ်။ ဒါဆိုသူတို့ပိုက်ဆံကဖြူသွားပြီ။ ပြန်ရောင်းရင်လည်း သူတို့က ရောင်းခွန်ပေးဦးမယ်ဆိုတော့သူတို့ပိုက်ဆံက ငွေဖြူဖြစ်သလိုအိမ်ခြံမြေဈေးကလည်း တက်သွားတယ်” ဟု တရားလွှတ်တော်ရှေ့နေဦးထွန်းအေးက ပြောသည်။
ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ကုန်ထုတ်လုပ်ငန်းများတွင်ရင်းနှီးမြှုပ်နှံမည့်အစား အမြတ်အစွန်း သေချာသည့် အိမ်ခြံမြေဈေးကွက်အတွင်းသို့ ဝင်ရောက်၍ဈေးကစားခြင်း၊ ပြည်ပမှ ငွေကြေးအင်အား တောင့်တင်းသည့် အဖွဲ့အစည်းများက နာမည်မျိုးစုံဖြင့်ဝင်ရောက်ကာ အိမ်ခြံမြေဈေးကွက်၌ဝင်ရောက်ဈေးက စားခဲ့ပြီး ယင်းတို့အမြတ်ရရှိသည်နှင့် ဈေးကွက်မှပြန်လည်ထွက်ခွာသွားခြင်း စသည်တို့ကြောင့် အိမ်ခြံမြေဈေး နှုန်းများအမြင့်ဈေးတွင် ရပ်တည်နေသော်လည်း ဝယ်လက်ပျောက်သွားသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။
”အရင်ခေတ်တုန်းကတော့ ငွေဘယ်ကရလဲဆိုတာ မေးခဲ့ဖူးတယ်။ မပြနိုင်ရင် အခွန် ၄ဝ ရာခိုင်နှုန်း ဆောင်ရတယ်။ ဒီဘက်ခေတ်ကျတော့ ဘယ်ကရတယ်ဆိုတာ ပြစရာမလိုတော့ဘူး။ အခွန်ပေးလိုက်ရင်အဆင် ပြေပြီ” ဟု ၎င်းက ဆက်လက်ပြောသည်။
Credit: The Trade Times