စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ

စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ - Property Knowledge in Myanmar from iMyanmarHouse.com
22 Dec 2024 1:01 pm တွင် တင်ခဲ့သည်
488 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

အပတ်စဉ် ဖော်ပြပေးနေကျ အိမ်ခြံမြေ ဥပဒေအမေးအဖြေကဏ္ဍလေးကနေ ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာတော့ စိတ်ဝင်စားဖွယ်ရာမေးခွန်းများကိုလဲ ရှေ့နေမှ တိကျမှန်ကန်စွာဖြေကြားပေးထားပါတယ်။ 👨‍⚖️

⚖️မေးခွန်း (၁) - မိဘအမွေပစ္စည်းကို မိဘပေးလိုသော သားသမီးအား ပေးခွင့်ရှိပါသလား။

မိဘများ အမည်ပေါက်ပိုင်ဆိုင်ကာ မရွှေ့ပြောင်းနိုင်သော ပစ္စည်း အိမ်၊ခြံ၊မြေကို ဖြစ်စေ၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်း ရွှေ၊ငွေ လက်ဝတ်ရတနာကိုဖြစ်စေ မိဘနှစ်ဦးသဘောတူညီချက်ဖြင့် သားသမီးတစ်ဦးဦးကို ပေးကမ်းခြင်းပြုနိုင်ပါသည်။ မိဘနှစ်ဦး သက်ရှိထင်ရှားရှိစဉ် ပေးကမ်းသည့်ပစ္စည်းအား လက်ခံသူသားသမီးထံ တိုက်ရိုက် ဥပဒေနှင့်အညီ လွှဲပြောင်းပေးအပ်ခြင်းပြုမှသာ တရားဝင်မည်ဖြစ်ပါသည်။

မိဘများမှ သားသမီးတစ်ဦးဦးအား မေတ္တာဖြင့် ၎င်းပိုင်ပစ္စည်းတစ်စုံတစ်ရာအား ပေးကမ်းခြင်းကို ကျန်သားသမီးများမှ ကန့်ကွက်ခြင်း မပြုနိုင်သော်လည်း ပစ္စည်းအားလုံးအား အမွေခွဲဝေမှု မကျန်ရှိစေရန် ပေးကမ်းခြင်းတော့ မပြုနိုင်ပါ။ ပစ္စည်းအားလုံးအား လွှဲပြောင်းပေးကမ်းခြင်းဖြစ်ပါက အဆိုပါပေးကမ်းခြင်း စာချုပ်မှာ ပျက်ပြယ်ပါသည်။

မေတ္တာဖြင့် ပေးကမ်းမှုမှာ တစ်ဦးတစ်ယောက်မှ မိမိပိုင်ပစ္စည်းတစ်စုံတရာကို အဖိုးစားနားမပါဘဲ လွှဲပြောင်းပေးကမ်းခြင်းပင်ဖြစ်ကာ လက်ခံသူမှ ပေးအပ်ခြင်းအား မိမိသဘောဆန္ဒအတိုင်း ငြင်းပယ်ခွင့်လဲရှိပြီး လက်ခံခြင်းမပြုလျှင် မေတ္တာဖြင့်ပေးခြင်းလဲ မထမမြောက်နိုင်ပါ။ (၁၉၉၅ မတစ စာ ၂၀၅ ဒေါ်အေးအေးယု နှင့် ဦးဂါယုပါ-၂ စီရင်ထုံး) မိဘများမှာ သားသမီးအားလုံးပါဝင်၍ မိသားစုစီမံမှုစာချုပ်လဲ ချုပ်ဆိုခြင်းပြုနိုင်ပြီး မိဘများ ကွယ်လွန် ပြီးနောက်မှ မိသားစုစီမံမှုစာချုပ်မှာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါသည်။

မရွှေ့မပြောင်းနိုင်သောပစ္စည်းအား မေတ္တာဖြင့် အပိုင်ပေးကမ်းရာတွင် မြေပုံထုတ်ယူမှုပြုရမည်ဖြစ်ပြီး မြေပုံထွက်ရှိရန်အတွက် မြေပိုင်ဆိုင်မှုအထောက်အထား ဂရန်၊ မှတ်ပုံတင် စာချုပ်စာတမ်းများ၊ မြေခွန်ပြေစာ (သို့) ကြွေးကျန်မရှိကြောင်း ထောက်ခံချက်အား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြေစီမံခန့်ခွဲမှုဌာန သို့ တင်ပြပေးရပါမည်။

မြေပုံထွက်ရှိပါက ပြည်တွင်းအခွန်ဦးစီးဌာနမှ သတ်မှတ်သည့်အခွန်အား ထမ်းဆောင်နိုင်ရန်အတွက် အိမ်၊ခြံ၊မြေ ဓာတ်ပုံ၊ ပေးသူ ယူသူ မှတ်ပုံတင်သန်ခေါင်စာရင်း ၊ မြေပိုင်ဆိုင်မှု မြေငှားစာချုပ်၊ ပေးကမ်း ခြင်း စာချုပ် ၊ ပေးသူ ယူသူ ခံဝန်ချုပ်၊ မြေပုံ/မြေရာဇဝင်၊ ပေးသူ ယူသူတော်စပ်မှု ကျမ်းကျိန်လွှာ၊ ကျန်မောင်နှမများမှ ကန့်ကွက်ရန်မရှိကြောင်း ကျမ်းကျိန်လွှာတို့ဖြင့် ရာဖြတ်ရုံးသို့တန်ဖိုး စီစစ်ရန်အတွက် တင်ပြနိုင် ရပါမည်။

ရာဖြတ်တန်ဖိုးထွက်ရှိပါက အခွန်ထမ်းဆောင်မှုပြုပြီး မှတ်ပုံတင်စာချုပ်အား စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ချုပ်ဆိုမှုပြုရမည်ဖြစ်ပါသည်။ မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီး နောက်ပိုင်းမှသာ သားသမီးတစ်ဦးဦးအား ပေးကမ်းခြင်းမှာ အထမြောက်မည်ဖြစ်ပြီး လက်ခံသူမှ မြေပိုင်ဆိုင်မှု အမည်ပေါက် ပြောင်းလဲခြင်း ဆက်လက်ဆောင်ရွက်ရမည် ဖြစ်သည်။

မေတ္တာဖြင့် ပေးကမ်းမှုတွင် လက်ခံသူအား လွှဲပြောင်းရောင်းချ ၊ ပေါင်နှံခြင်း မပြုရန် ပေးအပ်သူမှ ကတိရယူထားခြင်းများရှိပြီး လက်ခံသူမှ လိုက်နာမှုမရှိလျှင် မေတ္တာဖြင့် ပေးကမ်းခြင်းစာချုပ်မှာ ပျက်ပြယ်မည်ဖြစ်ကြောင်း ရေးသား ဖြေဆိုပေးလိုက်ပါသည်။

 

⚖️မေးခွန်း (၂) - မြေငှားစာချုပ်(ဂရန်)ကို မည်သို့သက်တမ်းတိုးရမလဲ။ မည်သည့်အချိန်တွင် လျှောက်ထားရမလဲ။

သက်ဆိုင်ရာ မြေယာစီမံခန့်ခွဲမှုဌာနမှ နှစ်ကာလအပိုင်းအခြားဖြင့် ခွင့်ပြုချက်ထုတ်ပေးသော လူနေထိုင်ခွင့်ပြု မြေအမျိုးအစားကို ဂရန်မြေဟု ခေါ်ပါသည်။ ဂရန်မြေများအား လွှဲပြောင်းဝယ်ယူရာတွင် မြေငှားဂရန် သက်တမ်းကျန်ရှိခြင်းရှိမရှိ မြေပိုင်ဆိုင်မှုစာရွက်စာတမ်းများအား စစ်ဆေးရမည်ဖြစ်ကာ အမည်ပေါက်ကိုယ်တိုင် ရောင်းချခြင်းမဟုတ်ပါက ဝယ်ယူသူအမည်ပြောင်း ဆောင်ရွက်ရန် အခက်အခဲများရှိပြီး သက်တမ်းတိုးလဲ ဆောင်ရွက်ခွင့်ရှိမည် မဟုတ်ပါ။

ဂရန်သက်တမ်းတိုးအား မြေငှားစာချုပ်အမည်ပေါက်ကိုယ်တိုင်၊ မှတ်ပုံတင်စာချုပ်ဖြင့် လွှဲပြောင်း ဆက်ခံသူ၊ တရားရုံးမှ ထုတ်ပေးသော အမိန့်တစ်ရပ်ရှိသူတို့သာ ဂရန်သက်တမ်းတိုး လျှောက်ထားခွင့်ရှိပါသည်။

အထက်ဖော်ပြပါ ဂရန်သက်တမ်းတိုး ဆောင်ရွက်ခွင့်ရှိသူများမှာ ဂရန်သက်တမ်း မကုန်ခင် (၃)လအလို ဂရန်တိုး လျှောက်ထားဆောင်ရွက်ရမည်ဖြစ်ပြီး ဂရန်သက်တမ်းကျော်လွန်ပါက သတ်မှတ်ဒဏ်ကြေးထမ်း ဆောင်ရမည် ဖြစ်ပါသည်။

သက်တမ်းတိုး လျှောက်ထားရာတွင် အောက်ပါစာရွက်စာတမ်းများအား ရန်ကုန်မြို့တော်၊ စည်ပင်သာယာရေးကော်မတီ၊ မြို့ပြနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ တင်ပြနိုင်ရမည်ဖြစ်ပါသည်။

✔️- သက်တမ်းကုန် ဂရန်မူရင်း

✔️- ပိုင်ဆိုင်မှု မှတ်ပုံတင်စာချုပ်စာတမ်းများ

✔️- ပိုင်ဆိုင်မှု စပ်လျဉ်း၍ တရားရုံးအမိန့်တစ်ရပ်ရှိလျှင်

✔️- လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ (မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး)

✔️- မြေငှားခ ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက်(သို့) မြေငှားခနောက်ဆုံး ပေးဆောင်ထားသည့် ပြေစာမိတ္တူတို့ တင်ပြ လျှောက်ထားနိုင်ရမည်ဖြစ်ပါသည်။

မြေငှားဂရန်သက်တမ်း ကျန်ရှိသော်လည်း ပိုင်ဆိုင်မှုမြေငှားစာချုပ်ဂရန် မူရင်းပျောက်ဆုံးနေပါက ပျောက်ဆုံးကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်၊ ရဲစခန်းထောက်ခံချက်၊ ကျမ်းကျိန်လွှာ၊ဝန်ခံကတိ ပြုချက်များဖြင့် ဂရန်သက်တမ်းတိုး လျှောက်ထားမှုပြုရမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

⚖️မေးခွန်း (၃) - အဆောက်အအုံဖျက်သိမ်းခြင်းအတွက် လျှောက်ထားရန်လိုအပ်သည့် အချက်များကို ရှင်းပြပါ။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဆိုင်ရာ နည်းဥပဒေ(၂)(င)အရ အဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်းဆိုရာတွင် အဆောက်အအုံသစ်ဆောက်လုပ်ခြင်း၊ တိုးချဲ့ခြင်း၊ အကြီးစား/ အသေးစားပြင်ဆင်ခြင်း၊ ဖြိုဖျက်ခြင်း၊ ခြံစည်းရိုးကာရံခြင်းတို့ပါဝင်ကြောင်း ဖော်ပြထားပါသည်။ ဖြိုဖျက်ရာတွင် အဆောက်အအုံတစ်ခုလုံးဖြစ်စေ၊ နံရံကိုဖြစ်စေ၊ အစိတ်အပိုင်းကိုဖြစ်စေ ပုံစံပြောင်းလဲစေရန် ဆောင်ရွက်ခြင်းများ အားလုံးနှင့် သက်ဆိုင်ပါသည်။

စည်ပင်သာယာရေးကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ဆက်နွယ်နေသည့်လုပ်ငန်းများ ဆောင်ရွက်ရန် ဗိသုကာအင်ဂျင်နီယာ၊ အဆောက်အအုံ အင်ဂျင်နီယာများအား မှတ်ပုံတင်ပြီး လိုင်စင်ထုတ်ပေးထားပါသည်။

အဆောက်အအုံဖျက်မိန့် လျှောက်ထားရာတွင် အောက်ပါစာရွက်စာတမ်း အထောက်အထားများအား အဆောက်အအုံ ယာ/အုံ ဌာနသို့တင်ပြပေးရမည်ဖြစ်ပါသည်။

👉(၁)။ ဌာမှ သတ်မှတ်ပုံစံနှင့်အညီ အဆောက်အအုံဖျက်သိမ်းခွင့် လျှောက်လွှာပုံစံအား တိကျစွာ ဖြည့်သွင်းလျှောက်ထားရမည်။

👉(၂)။ အဆောက်အအုံ ဖျက်သိမ်းခြင်းအား မြေရှင်မှ တာဝန်ယူကြောင်း ခံဝန်ကတိပြုချက် လက်မှတ် ရေးထိုးရမည်။

👉(၃)။ (၃)နှစ်အတွင်း ထုတ်ပေးထားသော မြေပုံ/မြေရာဇဝင်အား မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး မိတ္တူတင်ပြရမည်။

👉(၄)။ စည်ပင်သာယာခွန်နှင့် မြေခွန်ကြွေးကျန်မရှိကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံ ချက်ဖြင့် တင်ပြရမည်။

👉(၅)။ မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာနှင့်မြေရှင်တို့မှ အဆောက်အအုံဖျက်သိမ်းရာတွင် ဘေးကပ်လျက် အဆောက်အုံများ ပျက်စီးမှုမရှိစေရန် တာဝန်ယူကြောင်း ခံဝန်ချက် တင်ပြရမည်။

👉(၆)။ ဘေးကပ်လျက် မြေကွက်များမှ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်အားလဲ ပူးတွဲတင် ပြရမည်။

👉(၇)။ မိမိဆောက်လုပ်မည့် အဆောက်အအုံနှင့် စပ်လျဉ်း၍ အိမ်ရှင်/အိမ်ငှား ပြသနာကင်းရှင်းကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ဖြင့် တင်ပြရမည်။

👉(၈)။ လျှောက်ထားသူ၏ နိုင်ငံသားစီစစ်ရေး ကတ်ပြားမိတ္တူနှင့် (မြေရှင်၊ GP၊ SP) များ၏ မှတ်ပုံတင်များအားလဲ A-4 Size တစ်မျက်နှာစီတွင် အပေါ်/အောက် ကူး၍ တင်ပြရန် လိုအပ်ပါသည်။

👉(၉)။ မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာလုပ်ငန်း လုပ်ကိုင်ခွင့် သက်သေခံကတ်ပြားအား မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး မိတ္တူတင်ပြနိုင်ရမည်။

👉(၁၀)။ မြေပိုင်ဆိုင်မှု အထောက်အထားများအား မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး မိတ္တူတင်ပြ ရမည်။

👉(၁၁)။ ဖျက်သိမ်းမည့် အဆောက်အအုံနှင့် ဘေးနှစ်ဘက်ရှိ အဆောက်အအုံအား ဓာတ်ပုံဖြင့် ပူးတွဲ တင်ပြရမည်။ မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာသည် အဆောက်အအုံအသစ်ဆောက်လုပ်ရန်အတွက် အဆောက်အအုံဟောင်းအား ဖြိုဖျက်ရန် ခွင့်ပြုချက်ရရှိလျှင် ပြီးဆုံးသည့်တိုင် ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ် ပါသည်။

အဆောက်အအုံဟောင်းအား ဖျက်သိမ်းခြင်းပြုရာတွင် အများပြည်သူ၊ ဘေးပတ်ဝန်းကျင်နှင့် လုပ်ငန်းခွင်ထိခိုက်မှု ဘေးအန္တရာယ်မဖြစ်ပေါ်ရန် ကြိုတင်ကာကွယ်မှုများအား စည်းကမ်းသတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။

အဆောက်အအုံ ဖျက်သိမ်းခွင့် ခွင့်ပြုမိန့်မရရှိသေးမီ ကြိုတင်၍ အဆောက်အအုံဟောင်းအား ဖျက်သိမ်း မှုပြုခြင်း ၊ အဆောက်အအုံသစ် ကြိုတင်ဆောက်လုပ်ခြင်း မပြုရပါ။ ထို့ပြင် အဆောက်အအုံဖျက်မိန့် လျှောက်ထားသူမှာ စည်ပင်သာယာရေးကော်မတီ ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ရေး သား ဖြေဆိုပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service