အမေရိကန်ဒေါ်လာဈေး စံချိန်တင်မြင့်တက်မှု ဂယက်နှင့် ပြည်သူ့အသံ - Property News in Myanmar from iMyanmarHouse.com
2001 Views

အမေရိကန်ဒေါ်လာဈေး စံချိန်တင်မြင့်တက်မှု ဂယက်နှင့် ပြည်သူ့အသံ

ပြည်တွင်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁,၄၀၀ ကျပ်အထက်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာပြီးနောက် ယင်းငွေလဲနှုန်းကိုအစိုးရက တိုက်ရိုက်ထိန်းချုပ်မရနိုင်ကြောင်း စီမံဘဏ္ဍာဒုဝန်ကြီးက ပြောကြားခဲ့သည်။ အမေရိကန်ဒေါ်လာနှင့် ချိတ်ဆက်လုပ်ကိုင်ရသည့် အီလက်ထရွန်နစ်ပစ္စည်းများ၊ ဆေးဝါးကုန်ပစ္စည်းများအပါအဝင် ဈေးကွက်တွင် ငွေလဲနှုန်း မြင့်တက်မှုကြောင့် သုံးစွဲသူများအနေဖြင့် ပုံမှန်ထက် ဈေးနှုန်းကြီးမြင့်မှုများနှင့် ရင်ဆိုင်နေရရာ ငွေလဲနှုန်းဆက်လက်မြင့်တက်နေပါက ပြည်တွင်းကုန် ဈေးနှုန်းမြင့်တက်မှုနှင့် စီးပွားရေးကဏ္ဍအပေါ် ရိုက်ခတ်မှုရှိလာနိုင်မည်ကို စိုးရိမ်မှုများပေါ်ထွက်လျက်ရှိရာ ယင်းနှင့်ပတ်သက်၍ ပြည်သူများ ၏အသံကို စုစည်းဖော်ပြလိုက်ပါသည်။

ဦးရဲမြင့်အောင် (ဒုဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း ပြည်မြို့)

ဒေါ်လာဈေးမြင့်တက်မှုဟာ သာမန်ပြည်သူတစ်ယောက်အနေနဲ့ နေ့စဉ်ဘဝတွေကို ရိုက်ခတ်မှုက သိသာလာပါတယ်။ အဓိကကတော့ ကုန်ဈေးနှုန်းမြင့်တက်မှုပေါ့။ အခုဆိုရင် စားသောက်ကုန်ဈေးနှုန်း၊သယ် ယူပို့ဆောင်ခတွေဟာလည်း မြင့်လာတာပေါ့။ ကျွန်တော်တို့ Computer ပစ္စည်းတွေ ဝယ်တယ်ဆိုရင် ရောင်းလိုက်တဲ့အချိန်မှာ တစ်ဈေး၊ ငွေချေဖို့Stock ကို လှမ်း စစ်တဲ့အခါ တစ်ဈေး။ အဲဒီအချိန်မှာ ဈေးကတက်နေပြီ။ ငွေ လဲနှုန်းမြင့်လာရင်၊ ဒေါ်လာတွေတက်လာရင် ပစ္စည်းအရောင်းအဝယ်တွေအ,လာနိုင်တယ်။ ကျွန်တော်တို့ကတော့ Training ဆိုတော့ သိပ်အရမ်း ကြီးရင်မဆိုင်ရပေမယ့် Sale သမားတွေကတော့ တော်တော်ခက်ခဲပါ မယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကိုတော့ ကုန်ဈေးနှုန်းမတက်အောင် ဒေါ်လာဈေးကို အတတ်နိုင်ဆုံး ထိန်းညှိပြီး သတ်မှတ်ပေးစေချင်တာပါ။ အခုဆို လျှပ်စစ်ပစ္စည်း၊ ကွန်ပျူတာ၊ စက်သုံးဆီ စတာတွေဟာ တစ်စတစ်စဈေးနှုန်းတွေ တိုးလာတော့ ရေရှည်အတွက် အလားအလာ မကောင်းနိုင်ဘူး။

ဒေါက်တာမောင်မောင်လေး (ဒုဥက္ကဋ္ဌ၊ UMFCCI)

သူတို့ (အစိုးရ)က ဝင်ထိန်းလို့မရဘူးဆိုတာ မှန်ပါတယ်။ ထိန်း တယ်ပြုတယ်ဆိုတာ လေနဲ့ပြောလို့မရဘူး။ နောက်မှာ ငွေရှိရတယ်။ နောက်မှာ အရန်ငွေရှိဖို့ လိုတယ်။ လေနဲ့ ထိန်းလို့မရဘူး။ ဝယ်လိုအား ရောင်းလိုအားနဲ့ပဲဆိုင်တယ်။ ဒါကို လုပ်ကြရမှာ။ မြန်မာနိုင်ငံမှာ ဝယ်လို အား၊ ရောင်းလိုအား ကစားကြတဲ့အခါမှာ များများစားစားလုပ်နိုင်ရင် ခံနိုင်ရည်မရှိတာပါ။ တခြားနိုင်ငံတွေမှာ ဒါမျိုးသိပ်မရှိဘူး။ ဘဏ်တွေက အားသန်တယ် ဒါမျိုးမရှိဘူး။ မြန်မာနိုင်ငံက ဗဟိုဘဏ်က အားနည်းတဲ့ အတွက် ဖြည့်ပေးဖို့ အရန်ငွေမရှိဘူး။ အရန်ငွေမရှိလို့ ဒီလိုဖြစ်တာပါ။ တကယ်တော့ အရန်ငွေပိုလျှံဖို့က ဗဟိုဘဏ်က မရှိတဲ့အတွက် ပို့ကုန်တွေများများပို့ဖို့လိုတယ်။ ဝင်ငွေပိုဝင်လာအောင် လုပ်ရမယ်။ ထွက်ငွေတွေကိုနည်းနိုင်သမျှနည်းအောင် လုပ်ရမယ်။ ထွက်တဲ့ဟာက ကားတွေဘာတွေ မှာ တန်းစီနေတယ်။ ကားအော်ဒါကိုအရမ်းပေးနေလို့ ဒီနေရာမှာ အရမ်းဆွဲကြတော့ အကုန်ထောင်တက်သွားတာပါ။

ဦးတင်မောင်ဦး (ဦးဆောင်ကော်မတီဝင်၊ နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့)

ဒေါ်လာဈေးမြင့်တက်မှုဟာ သာမန်ပြည်သူတွေရဲ့ဘဝပေါ်မှာ သက်ရောက်မှုတချို့ရှိပါတယ်။ မသုံးမဖြစ်သုံးစွဲရတဲ့ ဆေးဝါးအပါအဝင် လူ သုံးကုန်ပစ္စည်းအချို့ရဲ့ ဈေးကွက်တက်လာသလို၊ လောင်စာဆီဈေးနှုန်း တက်မှုကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်တွေ တက်တာကြောင့် စားသောက်ကုန်ဈေးတွေ တက်လာပါတယ်။ ဒါကြောင့် နေ့စဉ်သုံးရတဲ့ဈေးဖိုးနဲ့ အသေးသုံးစရိတ်မြင့်တက်လာပါတယ်။ ဒီနေ့ အမြတ်တင်ပြီးရောင်း လိုက်တဲ့ပစ္စည်းဟာ နောက်နေ့ ဒေါ်လာပေါက်ဈေးနဲ့တွက်ရင် အရင်းမရ တဲ့ကိစ္စမျိုးတွေ ကြုံတွေ့နေရပါတယ်။ ဈေးကွက်ဝေစုပျက်မှာစိုးလို့ ဈေးကလည်း အရမ်းတက်လို့မရ၊ ပိတ်ထားလို့လည်းမရ၊ အရင်းတွေ ထပ်ထည့်ပြီး တောင့်ခံထားနေရပါတယ်။ တိုင်းပြည်မှာက သယံဇာတ ရောင်းတဲ့ စီးပွားရေးနဲ့ ဈေးကစားတဲ့ စီးပွားရေးလုပ်နေတဲ့သူတွေက များနေတယ်။ မြေကစားလိုက်၊ ရွှေကစားလိုက်၊ ဒေါ်လာကစားလိုက်ကို ငွေမည်းတွေနဲ့ လုပ်နေကြတယ်။ အတ္တဆန်တဲ့ စီးပွားရေးသမားတွေများနေတဲ့နိုင်ငံမှာ တိုင်းပြည်ရဲ့ ရှေ့ရေးအတွက် စဉ်းစားပြီးလုပ်ကြမယ်လို့ ဘယ်သူ့ကိုမှလည်း မမျှော်လင့်ပါဘူး။ ကိုယ့်ဘာသာကိုယ်ပဲ ရုန်းကန်လှုပ်ရှားရင်း ရှင်သန်ကျန်ရစ်အောင် ကြိုးစားဖို့ပဲရှိပါတယ်။

ဦးဇော်မျိုးမြင့် (မျိုးကိုဆေးဆိုင်)

ဒေါ်လာဈေးတက်သွားတော့ ဆေးပစ္စည်းတွေ အရင်းပိုကြီးသွား တယ်။ ဈေးတက်သွားတယ်။ ဈေးတက်သွားပေမယ့် ဆေးဝါးပစ္စည်းက စားသုံးသူအနေနဲ့ မဝယ်မဖြစ်ဝယ်ရတဲ့အတွက် ဝယ်သူတွေဘက်က ညည်းတာပေါ့။ ဒီလိုသာ ဒေါ်လာဈေးတက်လို့ ကုန်ဈေးနှုန်းတွေ ဆက် တက်မယ်ဆိုရင် အောက်ခြေလူတန်းစားတွေအတွက် ပိုပြီးအခက်အခဲ ဖြစ်သွားလိမ့်မယ်။ ကျန်းမာရေးအသုံးစရိတ်က မဖြစ်မနေသုံးရမှာဆို တော့ ဈေးတက်လည်း ဝယ်ရမှာပဲလေ။ ဒေါ်လာဈေးတက်တာ Export နဲ့Import အဝင်အထွက် မမျှလို့လား၊ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုထိန်းချုပ်နိုင်မလဲဆိုတာ သက်ဆိုင်တဲ့ စီးပွားရေးပညာရှင်တွေနဲ့ တိုင်ပင်ပြီး အမြန်ဆုံးဖြေရှင်းသင့်တယ်။

ဦးညိုထွန်းနောင် (အင်ဂျင်နီယာ၊ နိုင်ငံခြားသင်္ဘောသား)

ဒေါ်လာဟာ ပြည်တွင်းမှာသာမက ပြည်ပမှာပါ တန်ဖိုးမြင့်တက် လာတာဖြစ်ပါတယ်။ အခုလို ဒေါ်လာဈေးမတက်ခင်ကာလကပင် ပြည်တွင်း၊ ပြည်ပ ရွှေဈေးနှုန်းများလည်း စံချိန်တင်မြင့်တက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် တိုက်ရိုက်အကျိုးသက်ရောက်မှုအနေအားဖြင့် သာမန်ပြည်သူတစ်ယောက်အနေနဲ့ မြန်မာကျပ်ငွေ စုဆောင်းထားခဲ့ရင် မိမိတို့ စုဆောင်းငွေ (သို့မဟုတ်) လစာဝင်ငွေဟာ အလိုလိုတန်ဖိုးကျ လျော့နည်းပျောက်ဆုံးရပါတယ်။ စီးပွားရေးလုပ်ငန်းများမှာ သွင်းကုန်အ ပေါ် မှီနေသော ကုန်ပစ္စည်းများ မဖြစ်မနေ ဈေးနှုန်းပိုမိုကုန်ကျရပါတော့ မယ်။ ဈေးကွက်အတွင်း အရပ်ရပ်ကုန်ဈေးနှုန်းများလည်း အထိုက်အလျောက်မြင့်တက်လာခဲ့လို့ ငွေကြေးလည်ပတ်မှု တုံ့ဆိုင်းမသွားစေဖို့အလွန်သတိပြုရတော့မှာပါ။ ဒေါ်လာဈေးအတက်အကျကို အစိုးရ (သို့မဟုတ်) ဗဟိုဘဏ်က တိုက်ရိုက်ဝင်ရောက်ထိန်းချုပ်ဖို့ဆိုတာ အကန့်အသတ်များစွာရှိမယ်လို့ ယူဆပါတယ်။ ဈေးကွက်သဘာဝအရ ဒေါ်လာလိုအပ်မှုမြင့်တက်လို့ ဈေးတက်တာက မထောင်းတာသော်လည်း မသမာမှုနဲ့ ငွေကြေးဈေးကစားမှုကိုတော့ တားဆီးရန်လိုအပ်ပါတယ်။ အဓိကကတော့ ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေ စီးဝင်စီးထွက်မှုအပေါ် တရားဝင်ဖြစ်မှုဖြစ်စေရန် ကြံဆစေချင်ပါတယ်။

ကိုပီတာလွယ်လူး (Logistics Company)

ဒေါ်လာဈေးတွေမရပ်ဘဲ နေ့စဉ် တရိပ်ရိပ်တက်နေတာကြောင့် နိုင်ငံတကာနဲ့ အလုပ်လုပ်တဲ့ ကျွန်တော်တို့လို Company တွေအတွက် အရမ်းကို ခက်ခဲပါတယ်။ ကိုယ်ပေးလိုက်တဲ့ ဈေးနှုန်းက ဒေါ်လာနဲ့ပေး လိုက်ပေမယ့် နောက်တစ်ရက်၊ နှစ်ရက်ဆိုရင် Exchange Rate အရမ်း ကွာသွားတဲ့အတွက် ဈေးကြီးတယ်ဆိုပြီး ပြောလာတယ်။ ဒေါ်လာဈေး တက်တော့ ပြည်ပကသွင်းတဲ့ ဆီဈေးတွေလည်း တက်လာတယ်။ ဆီဈေးတက်လာလို့ တက္ကစီခတွေလည်း တက်လာတယ်။ ကျွန်တော်တို့နိုင်ငံဟာ Export ထက် Import များတဲ့နိုင်ငံဖြစ်တယ်။ နိုင်ငံခြားကုန်တွေကို အမှီသဟဲပြုနေတဲ့ နိုင်ငံနဲ့ ပြည်သူတွေအတွက် နိုင်ငံခြားထွက်ကုန်ကို ဒေါ်လာနဲ့ပေးဝယ်ရတယ်။ ဒီတော့ အဲဒီကုန်တွေကို ပြည်တွင်းရောက်တဲ့အခါ ဈေးများများနဲ့ ရောင်းရတယ်။ ကုန်ဈေးနှုန်းတွေလည်း ဒီထက်မက တက်လာဖို့ ဖြစ်လာမယ်။ ဒါတွေက နိုင်ငံသူ၊ နိုင်ငံသားတွေ မဖြစ်မနေကြုံတွေ့ နေတဲ့၊ ကြုံတွေ့နေရမယ့် ပြဿနာဖြစ်လာမှာပါ။ ဗဟိုဘဏ်အနေနဲ့ ဒေါ်လာဈေးဆက်မမြင့်အောင် ထိန်းချုပ်နိုင်ဖို့ ကြိုးစားရပါမယ်။ လတ် တလော ချက်ချင်း Export ကုန်နဲ့ Import ကုန် Balance ဖြစ်အောင် စွမ်းဆောင်ဖို့ ခက်ခဲနေသေးရင်တော့ အဲဒီလို Balance ဖြစ်အောင် ဖန်တီးဖို့ ရေရှည် Plan တွေလည်း အမြန်ဆုံးအကောင်အထည်ဖော်သင့်ပါပြီ။

ဦးရဲမင်းဦး (ဒီချုပ်ပါတီ၊ စီးပွားရေးအကြံပေးကော်မတီဝင်)

ငွေကြေးဈေးကွက်ကတော့ ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးမယ် ဆိုရင် တိုက်ရိုက်ဝင်ပါလို့မရဘူး။ ဒါပေမဲ့ သွယ်ဝိုက်ပြီး ဝင်ပါလို့ရတဲ့ နည်းလမ်းတွေ အများကြီးပဲ။ အစိုးရက တိုက်ရိုက်ဝင်ပါလို့ မရဘူးဆိုတာအမှန်ပဲ။ တက်သင့်တက်ထိုက်တဲ့ ပမာဏထက် ကျော်လွန်တက်ရင် ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး။ အကျိုးမရှိတဲ့အပြင် နောက်ပိုင်းမှာ ဒီထက်ပိုဆိုးလာရင် ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်တယ်။ ဒီလိုထိခိုက်နစ်နာမှု တွေ ပြည်တွင်းစီးပွားရေးမှာ မဖြစ်အောင် အစိုးရက ဝင်တော့ပါရမယ်။ ဗဟိုဘဏ်နဲ့ပဲ တိုင်ပင်ရင်လည်းရတယ်။ နိုင်ငံခြားပညာရှင်နဲ့ တိုင်ပင်ရင် လည်းရတယ်။ ဥပမာ သွင်းကုန်၊ ထုတ်ကုန်တွေ ကြည့်လို့ရတယ်။ မလိုအပ်တဲ့ကုန်တွေ သွင်းနေတာကို ယာယီလျှော့ချလို့ရတယ်။ ဈေးကွက်ထဲကိုလိုတာဖြည့်ဖို့ အစိုးရမှာရော၊ ဗဟိုဘဏ်မှာရော နည်းလမ်းတွေ အများကြီးရှိတယ်။ တိုက်ရိုက်ကြီး ဒေါ်လာ အရောင်းအဝယ်လုပ်တဲ့သူတွေကို ဖမ်းတာမျိုးလုပ်စရာကို မလိုဘူး။

ဒေါ်ဝင်းမင်းအေး (Senior Training Consultant, Discovery and Development Corner)

ဒေါ်လာဈေးမြင့်တက်မှုဟာ ပြည်သူလူထုအပေါ် သက်ရောက်မှုရှိ ပါတယ်။ ဝင်ငွေမတိုးလာဘဲ ထွက်ငွေတိုးလာတဲ့အတွက် ဒေါ်လာနဲ့ ဝင် ငွေမရှာနိုင်တဲ့သူတွေ ကျပ်တည်းလာတယ်။ အသေးစားလုပ်ငန်းရှင်တွေ အတွက် ကုန်ကြမ်းတန်ဖိုးတွေကလည်း ဒေါ်လာဈေးနဲ့အတူ မြင့်တက် လာတာကြောင့် လုပ်ငန်းလည်ပတ်စရိတ်တွေ မြင့်တက်လာပါတယ်။ လက်ရှိဒေါ်လာဈေးမြင့်တက်မှုဟာ အမေရိကန်အစိုးရရဲ့ အတိုးနှုန်းမြှင့် တင်တဲ့ စီးပွားရေးပေါ်လစီကြောင့် စတက်လာတာဖြစ်ပါတယ်။ မြန်မာ နိုင်ငံနည်းတူ အိမ်နီးချင်းနိုင်ငံတွေလည်း ဒေါ်လာဈေးမြင့်တက်မှုရဲ့ သက်ရောက်မှုကို ခံစားရတယ်။ ဒေါ်လာဈေးတည်ငြိမ်အောင် မြန်မာနိုင်ငံအနေနဲ့ (၁)အချက်က ဒေါ်လာဝယ်လိုအား ချဖို့ပါ။ ဒီအတွက် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်တွေကို နိုင်ငံခြားငွေဘဏ်စာရင်း ဖွင့်လှစ်ခြင်းဆိုင်ရာ စာရင်းရှင်းတမ်းတောင်းပြီး ဒေါ်လာကို စုဆောင်းပြီး ဈေးကစားနေသူတွေကို ထိန်းချုပ်နိုင်ဖို့ လုပ်တာမှန်ကန်တဲ့ လုပ်ရပ်တို့မြင်ပါတယ်။ ဒီ့အပြင် ပြည်ပသွင်းကုန်တွေ နေရာမှာပြည်တွင်းထုတ်လုပ်မှုတွေ မြင့်တက်လာအောင် အစိုးရအနေနဲ့ ကူညီဖို့လိုပါတယ်။ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုFDI တွေကို ဖိတ်ခေါ်ဖို့ လိုပါမယ်။ (၂)အချက်က ပြည်တွင်းကို ဒေါ်လာတွေ ဝင်ရောက်လာနိုင်မယ့် နည်းလမ်းတွေရှာရာမှာ အရင်လိုသဘာဝသယံဇာတတွေ အလွယ်တကူ ထုတ်ရောင်းတာမျိုးအစား ခရီးသွားလုပ်ငန်းလို၊ပြည်တွင်းထုတ်ကုန်တွေ လျင်မြန်စွာ ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်နိုင်ရေးလိုကိစ္စရပ်တွေကို ချောမွေ့စွာ ဆောင်ရွက်နိုင်မယ့် စီးပွားရေးမူဝါဒတွေ ထားရှိနိုင်ဖို့လိုပါတယ်။

ကိုဝမ်း (မန္တလေးအခြေစိုက် ပြည်သူ့ကူညီရေး ပရဟိတအဖွဲ့)

ဆီဈေးကတော့ တက်တာပေါ့။ ဆေးဈေးတွေလည်းတက်တယ်။ ဒေါ်လာဈေးကတော့ မြန်မာနိုင်ငံတင်မကပါဘူး။ တစ်ကမ္ဘာလုံးဈေးမြင့် တက်နေတယ်လို့ သိရပါတယ်။ ဒေါ်လာဈေးတက်တော့ လောင်စာဆီ ဈေးနှုန်းတက်ပါတယ်။ ဒီတော့ လူသုံးကုန်ပစ္စည်းတွေလည်း ဈေးတက်ပါတယ်။ နောက်နိုင်ငံခြားကသွင်းတဲ့ ပစ္စည်းတွေလည်း ဈေးတက်တော့အခြေခံလူတန်းစားတွေ အခက်အခဲဖြစ်တာပေါ့။ ဒေါ်လာဈေးတက်တာ ဟာ ပြည်ပပို့ကုန်နည်းပြီး သွင်းကုန်များနေတာကြောင့် ပြည်တွင်းမှာဒေါ်လာငွေ လည်ပတ်မှုနည်းတာကြောင့် ဈေးတက်ရတာပါ။ ဒီထက်တက်ရင်တော့ လူတွေဒုက္ခရောက်မယ်။ နိုင်ငံတွေအနေနဲ့ ဒေါ်လာငွေဝင်နိုင် မယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစက်ရုံတွေ စီမံကိန်းတွေ လုပ်စေချင်တယ်။

ကိုအောင်သံလွင် (စက်မှုနည်းပညာကျွမ်းကျင်လုပ်သား)

ဈေးကွက်မှာ တစ်ဒေါ်လာတန်ပစ္စည်း အရင်က ၁,၀၀၀ ကျပ်ကနေ အခု ၁,၄၅၀ ကျပ်နီးနီး ဖြစ်လာတယ်။ ဝန်ထမ်းတွေရဲ့လစာ၊ အလုပ် သမားတွေရဲ့လစာက တက်မလာဘဲ မြန်မာငွေကြေးဖောင်းပွလာတော့ ၁,၀၀၀ တန်ပစ္စည်းကို ၁,၄၅၀ ပေးစားရတော့တာပဲ။ နေ့စဉ်ဘဝတွေ ထိခိုက်မှုရှိပါတယ်။ အခြေခံလူသုံးကုန်တွေ ဈေးတက်လာတယ်။ လစာ က တိုးမလာဘူး။ တကယ်လို့ ကိုယ်က ပို့ကုန်လုပ်ငန်းရှင်ဆိုရင်တောင်၊ လတ်တလော ခံနိုင်ရည်ရှိနေရင်တောင် ရေရှည်ဆို မလွယ်ပါဘူး။ မြန်မာပြည်က ပို့ကုန်လုပ်ငန်းရှင် အတော်များများက ပြည်ပက ကုန်ကြမ်းတွေ၊ ကုန်ချောတစ်ဝက်ပေါ် အများစုမှီခိုနေရသေးတယ်ဆိုတော့ ပို့ကုန်သမား လည်းပဲ နောင်အတက်ဈေးနဲ့ ပြန်ဝယ်တင်သွင်းရမယ်လေ။ သွင်းကုန် သမားတွေကတော့ အခုချိန် အနာဆုံးပဲ။ ဒေါ်လာဈေးက တစ်ကမ္ဘာလုံး ဈေးကွက်အရ မာနေတာပေါ့။ နဂိုကမာနေတဲ့ ဒေါ်လာကို လက်ရှိပြည် တွင်းမှာကလည်း ဈေးကစားတဲ့သူတွေရှိတယ်။ တချို့ကလည်း ရွှေဈေးက ကျဆင်းလာတော့ ရွှေဘက်အာရုံမကျတော့ဘဲ ဒေါ်လာတွေ အတင်းဝယ်စုဆိုတော့ကာ ဈေးကွက်မှာ လိုအပ်တဲ့ဝယ်လိုအားနဲ့ ရောင်းလိုအားက မမျှဘူး။

ကိုသက်ကိုကို (Communications Manager. KT Care Foundation)

ဒေါ်လာဈေးတက်တယ်။ မြန်မာငွေဈေးကျတဲ့ အခုလိုအချိန်မျိုးမှာ နိုင်ငံခြားဈေးကွက်ပိုရအောင် ကြိုးစားပေးသင့်တယ်။ နိုင်ငံခြားဝယ်လက် အတွက် မြန်မာကုန်တွေ ဈေးချိုနေတာဖြစ်လို့ ဒီအချက်ကို အမိအရယူ ပြီး အဓိကပို့ကုန်တွေဖြစ်တဲ့ ဆန်ပဲအမျိုးမျိုး သစ်တောထွက် ရာသီသီးနှံ အထည်စတာတွေကို ဈေးကွက်အသစ်တွေရအောင် အစိုးရဘက်က ဈေး ကွက်ရှာပေးသင့်တယ်။ တစ်ဖက်မှာလည်း ကုန်ကြမ်းသွင်းကုန်တွေကို ရေတိုအနေနဲ့ အကောက်ခွန်ချပေးတာမျိုး လုပ်ပေးစေချင်တယ်။ ဒါမှ နိုင်ငံခြားကုန်ကြမ်းကို အမှီပြုနေရတဲ့ လုပ်ငန်းတွေ အဆင်ပြေနိုင်မယ်။ ပြီးတော့ တရားမဝင်ဈေးကွက်ထဲမှာ လည်ပတ်နေတဲ့ ဒေါ်လာတွေကို ထိန်းချုပ်ဖို့ လက်တွေ့ကျကျ ဆောင်ရွက်ပေးစေချင်တယ်။ အလုပ်ကမြန်မာငွေနဲ့တွက်ရင် ပိုရတာဆိုပေမယ့် အိမ်အသုံးစရိတ်က မြင့်တက်သွားတယ်။ ဒေါ်လာဈေးက ဆက်တိုက်တက်နေတော့ နိုင်ငံခြားသွင်းကုန် ပစ္စည်းရောင်းချတဲ့သူတွေလည်း မရောင်းရဲတော့ဘူး။ ဒေါ်လာဈေးတက် တာကို စောင့်ကြည့်ထိန်းရောင်းရင်း ဈေးကွက်က လုံးဝငြိမ်သွားတယ်။ ဒီဈေးကွက်ကို မှီနေရတဲ့အခြေခံလူတန်းစားတွေအတွက် သူတို့ဘဝကို တိုက်ရိုက်ထိလာတယ်။ အစိုးရအနေနဲ့ ဈေးကွက်ထဲ ဒေါ်လာငွေတွေ ပိုဝင်လာနိုင်အောင် နည်းပေါင်းစုံနဲ့ ကြိုးစားသင့်တယ်။

ဦးကျော်ဝင်း (ဝန်ထမ်းအငြိမ်းစား)

ဒီနေ့ ဒေါ်လာတွေ ဈေးတက်သလို စားသောက်ကုန်အပါအဝင် အားလုံးဈေးတက်ကုန်တော့ အရင်ကမှ မပြေလည်ရတဲ့အထဲ အခုမိသားစုလိုအပ်ချက်တွေအတွက် ပိုချွေတာရတယ်။ ပိုအကြွေးတင်တော့ မယ်။ မလောက်ငရင်၊ စားစရာမရှိရင် ခိုးဆိုးနှိုက် လိမ်ညာလုယက်တွေ ပိုများလာလိမ့်မယ်။ ရောင်းလို့ရတဲ့ဈေးနဲ့ ကိုယ်ပြန်ဝယ်မယ့်ဈေး မကာမိ တော့ ရှုံးတော့တာပေါ့။ ရှာလို့ရတဲ့ငွေကြေးထက် လိုအပ်ချက်အတွက် ကုန်ကျမယ့် ငွေကြေးက မကာမိလို့ ဒါကိုမထိန်းနိုင်ရင် စီးပွားရေးအကျပ် အတည်း Crisis ဖြစ်နိုင်ပါတယ်။ ဒေါ်လာဈေးက တက်နေဦးမှာပဲလို့ယူဆပါတယ်။ ဒေါ်လာကိုပဲ စုဆောင်းဆုပ်ကိုင်ထား။ ဈေးကစားတာက ဘာမှ မပင်ပန်းဘဲ အမြတ်အများကြီးကိုက်တာကိုး။ မြန်မာငွေက မြန်မာပြည်မှာတောင် နယ်စပ်မှာသုံးမရတတ်ပေမယ့် ဒေါ်လာက ကမ္ဘာအနှံ့ ဘယ်နေရာမဆို သုံးလို့ရနေတာ ကိုး။ ပြည်ပက ဒေါ်လာနဲ့ဝယ်ရတဲ့ ဆေးဝါး လျှပ်စစ်ပစ္စည်း စက်ယန္တရား ကားစက်သုံးဆီ စတဲ့ဈေးတွေမြင့်တက်သလို စားသောက်ကုန်အပါအဝင် အားလုံးဈေးတက်တဲ့အတွက် တကယ်တတ်သိတဲ့ စီးပွားရေးပညာရှင်တွေရဲ့ အကြံဉာဏ်တွေကိုရယူပြီး အစိုး ရနဲ့ တာဝန်ရှိသူတွေက စနစ်တကျ ငွေကြေးလည်ပတ်စီးဆင်းမှု၊ အရေး ကြီးတဲ့ စားသောက်ကုန်တွေ စီးဆင်းရောင်းဝယ်မှုတွေလည်း ပိုကောင်းလာအောင် စီစဉ်ဖို့ လိုမယ်ထင်ပါတယ်။ ဒေါ်လာနဲ့ ပြည်ပက ဝယ်ရမယ့် ပစ္စည်းတွေကို လောလောဆယ် Essential ဖြစ်တဲ့ ပစ္စည်းမှအပခဏ ရပ်ထားသင့်ပါတယ်။ ဗဟိုဘဏ်အပါအဝင် တခြားဘဏ်တွေကလည်း ပြည်သူတွေ ငွေကြေးအဆင်ပြေစွာ သုံးစွဲဖို့ ဆောင်ရွက်ပေးတာထက် ကိုယ်တိုင် ဒေါ်လာစု၊ မြတ်ရောင်း၊ ပြန်ဝယ်စနစ်တွေကို ထိန်းသိမ်း သင့်ပါတယ်။


Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service