ဒူဘိုင်းတွင် နိုင်ငံခြားသားများ ၀ယ်ယူနိုင်မည့်မြေကွက်သစ်များချထားပေးလျက်ရှိ
အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းရှိ Dubai World Central အမည်ရှိစီးပွားရေးဇုန်သစ် အတွင်း နိုင်ငံခြား သားများဝယ်ယူနိုင်မည့် မြေကွက်များသတ်မှတ်ချထားပေးမည်ဖြစ်ကြောင်း ဒူဘိုင်းဝန်ကြီးချုပ် (အာရပ်စော်ဘွား များပြည်ထောင်စု ဒုတိယ သမ္မတရှိတ်မိုဟာမက် ဘင်ရာရှစ်အယ်လ်မတ်ခ်တမ်က ထုတ်ဖော်ပြောကြားသည် ဟုအရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
Dubai World Central စီးပွားရေးဇုန်သည် ဒူဘိုင်းတွင် တည်ဆောက်ဆဲဖြစ်ပြီး ကုန်စည်ပို့ဆောင်ရေး၊ လေကြောင်း ကူးသန်းရောင်းဝယ်ရေးကုန်စည်ပြပွဲများလူနေအိမ်ရာအစရှိသောစီးပွားရေးလုပ်ငန်းများအခြေစိုက်မည်ဖြစ်ပြီးအယ်လ်မတ်ခ်တမ်နိုင်ငံတကာလေဆိပ်ပတ်လည်တွင် တည်ဆောက်မည်ဖြစ်သည်။
နှစ်စဉ်ကုန်စည် တန်ချိန် ၁၂ သန်းသယ်ယူပို့ဆောင်ကာခရီးသည် သန်း ၁၆၀ ၀င်ထွက်သွားလာနိုင်ရန် ရည်မှန်းထားသည်။မြေအကျယ်အ၀န်း စတုရန်းကီလိုမီတာ ၁၄၀ ပေါ်တွင် ဆောက်လုပ်မည်ဖြစ်ရာ အဆိုပါအကျယ်အ၀န်းမှာ ဟောင်ကောင်ကျွန်း၏ နှစ်ဆရှိသည်။ယင်းဒေသတွင် အနာဂတ်၌ လူပေါင်း ၉၀၀၀၀၀ အခြေချနေထိုင်နိုင်ရန် ရည်မှန်းထားသည်။
ဆုံးဖြတ်ချက်အမှတ် နံပါတ် (၈)/၂၀၁၆ ဖြင့် Dubai World Centralဧရိယာရှိမြေကွက်အမှတ် ၂၀၅၊ ၂၀၆ နှင့်၂၀၇တို့ရှိမြေများကိုနိုင်ငံခြားသားများအားဝယ်ယူခွင့်နှင့်အကြွင်းမဲ့ပိုင်ဆိုင်ခွင့်ပေးအပ်သွားမည်ဖြစ်ပြီးပိုင်ဆိုင်ခွင့် အချိန်ကာလအတိအကျ သတ်မှတ်မထားကြောင်းဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ဒူဘိုင်းလေကြောင်းကဏ္ဍစဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးလေကြောင်းနှင့်ကုန်စည်ပို့ဆောင်ရေးတွင်ကမ္ဘာ့အချက်အခြာဖြစ်လာစေရေးလေကြောင်းနှင့်ဆက်နွှယ်သည့်ကဏ္ဍများပြပွဲကျင်းပရာတွင်ဒူဘိုင်းကိုအဓိကရွေးချယ်လာစေရေးနှင့်ဒူဘိုင်းတွင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပိုမိုပြုလုပ်လာစေရန်ဆွဲဆောင်နိုင်ရေးတို့အတွက်ရည်ရွယ်ကာယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟုဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)