မုံရွာအိမ်ခြံမြေဈေးကွက် တန်ဖိုးနည်းမြေကွက်များ အဝယ်လိုက်ဟု ဆို
မြို့ပေါ်ရပ်ကွက်များတွင် အိမ်ခြံမြေဈေးကွက်သည် ယခု နှစ်ဆန်း၌ ဝယ်လိုအားကျဆင်းသွားသော်လည်း တန်ဖိုးနည်းအိမ်ခြံမြေကွက်များအဝယ်လိုက်နေကြောင်း မုံရွာဒေသခံအိမ်ခြံမြေအကျိုးဆောင်များထံမှ သတင်းရရှိသည်။
‘‘မြို့ပေါ်လမ်းမကြီးတွေမှာ ကျပ်သိန်း ထောင်ဂဏန်းကနေ သိန်းသောင်းဂဏန်းအထိ နေရာ အလိုက် ရောင်းချင်တဲ့သူတွေက ဈေးတွေခေါ်ကြတယ်။ ဒါပေမဲ့ အရောင်းအ၀ယ်မဖြစ်ဘူး။ အရောင်းအဝယ်အေးတယ်လို့ ပြော လို့ရတယ်။ ဒီရက်ပိုင်းအရောင်း အဝယ်ဖြစ်တာက ကျပ်သိန်းနှစ် ရာ၊ သုံးရာဝန်းကျင်ပဲ အရောင်း အဝယ်ဖြစ်နေတယ်’’ဟု မုံရွာမြို့ ၀ါရင့်အိမ်ခြံမြေအကျိုးဆောင် ဦး ဇော်ကြီးက ပြောသည်။
ချင်းတွင်းတံတားအနောက် ဘက် ယင်းမာပင်မြို့နယ်အတွင်း ကွန်ပျူတာ တက္ကသိုလ်တည် ဆောက်ရေးလုပ်ငန်းများ စတင် အကောင်အထည်ဖော် ဆောင် ရွက်ခဲ့သည့် နောက်ပိုင်း အောင် ဇေယျမြို့သစ်တွင် ကျပ်သိန်းတစ် ရာအောက် အိမ်ခြံမြေအရောင်းအဝယ် ပိုသွက်လာကြောင်း အောင်ဇေယျမြို့သစ် အိမ်ခြံမြေ အကျိုးဆောင်များက ပြောကြား သည်။
မုံရွာမြို့ပေါ်ရှိ ချင်းမြဝတီ၊နန္ဒဝန်၊ အင်း ရွာသစ်ရပ်ကွက်များရှိ ကျပ်သိန်းတစ်ရာမှ ကျပ် သိန်းသုံးရာဝန်းကျင် အိမ်ခြံမြေများကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်ဖြင့် အရောင်းအ၀ယ်ဖြစ်လျက်ရှိသည်။ ချမ်းမြဝတီရပ်ကွက် အတွင်း ပေ ၃၅ × ပေ ၅၀ စလစ်ပါခြံဝင်းတစ်ကွက်လျှင် ယခင်က ကျပ်သိန်း ၇၀ ဝန်းကျင်ရှိရာမှ ယခုနှစ်ဆန်းတွင် ကျပ်သိန်းတစ်ရာ ဝန်းကျင်အထိ အရောင်းအဝယ်ဖြစ်ခဲ့သည်။ အင်းရွာသစ်ရပ်ကွက်အ တွင်း ပေ ၃၀ × ပေ ၇၀ ရွာမြေခြံဝင်းတစ်ကွက်လျှင် ယခင်နှစ်က ကျပ်သိန်း ငါးဆယ်ဝန်းကျင်အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုနှစ်ဆန်းတွင် ကျပ် သိန်းရှစ်ဆယ်မှ တစ်ရာခန့်အထိ နေရာ အကျယ်အ၀န်းပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များ ပြောပြချက်အရ သိရှိရသည်။
တိုင်းဒေသကြီး အစိုးရရုံး စိုက်ရာ မုံရွာမြို့တွင် ချင်းတွင်းမြစ်အထက်ပိုင်းဒေသများမှ ရွှေလုပ် ငန်းများ၊ ကျောက်မျက်တူးဖော် ရေးလုပ်ငန်းများ၊ ရေနံတူးဖော် ရေးလုပ်ငန်းများနှင့် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းများတွင် အရှုံးနှင့် ရင်ဆိုင်ခဲ့ရ၍ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုတွင် လျော့နည်းလာခြင်းဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက သုံးသပ်ပြောကြားသည်။
‘‘နိုင်ငံရေးအရ အိမ်ခြံမြေ ဈေးကွက်အလှည့်အပြောင်းကို စီးပွားရေးလုပ်ငန်းရှင်တွေ စောင့် ကြည့်နေတဲ့ သဘောလည်းပါ တယ်’’ဟု မုံရွာမြို့ ချမ်းမြဝတီရပ် ကွက်မှ အိမ်ခြံမြေအကျိုးဆောင် တစ်ဦးက သုံးသပ်ပြောကြားသည်။လွန်ခဲ့သောနှစ်များက အိမ် ခြံမြေရင်းနှီးမြှုပ်နှံမှု မြင့်တက်ခဲ့ ပြီး နောက်ပိုင်း မုံရွာမြို့အနီးဝန်း ကျင်ရှိ လယ်ယာမြေများပါ စိုက် ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ရန် ဝယ်ယူမှုများရှိခဲ့သည်။ ယခုနှစ် ဇန်နဝါရီအတွင်း ပြည်ထောင်စုလမ်းမကြီးနှင့်အပြိုင် မီးရထားလမ်းအရှေ့ဘက်တွင် လမ်းသစ်တစ်လမ်းဖောက်လုပ်ရန် စီစဉ်ခဲ့ပြီးနောက် အိမ်ခြံမြေဈေးကွက် နှစ်ဆခန့်မြင့်တက်သွားသော်လည်း ဝယ်ယူသူမရှိသလောက် နည်းပါးသွားခဲ့သည်။ မုံ ရွာမြို့ မြို့သစ်ရပ်ကွက်တွင် ယခင်နှစ်များက ပေ ၈၀ပတ်လည် မြေကွက်တစ်ကွက်လျှင် ကျပ်သိန်းနှစ်ရာ၊ သုံးရာဝန်းကျင်အရောင်းအ၀ယ်ဖြစ်ခဲ့ရာမှ ယခုနှစ်ဆန်းတွင် မြေသားလမ်းမှ ကတ္တရာလမ်းအဆင့်တိုးမြှင့် ဖောက်လုပ်ပြီးစီးချိန်၌ မြေကွက်တစ်ကွက်အနည်းဆုံး ကျပ်သိန်းငါးရာခန့်အထိ မြင့်တက်သွားသည်။
Credit: 7 day daily