စက်လှေကား ပါဝင်သည့် တတိယမြောက် လူကူးခုံးကျော်တံတားအား ကမ္ဘာအေး ဂမုန်းပွင့် ကုန်တိုက်ရှေ့၌ ယခုရက်ပိုင်း ဖွင့်လှစ်မည်
ရန်ကုန်မြို့၌ တတိယမြောက် စက်လှေကားပါဝင်သည့် လူကူးခုံးကျော်တံတားအား ကမ္ဘာအေးဂမုန်းပွင့် ကုန်တိုက်ရှေ့ ကမ္ဘာအေးစေတီလမ်းပေါ်တွင် ယခုရက်ပိုင်းအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့်တံတားဌာနမှ သိရသည်။
ကမ္ဘာအေးဂမုန်းပွင့် ကုန်တိုက်ရှေ့သည် ကမ္ဘာအေးစေတီတော်၊ ကမ္ဘာအေးကားမှတ်တိုင်တို့နှင့် နီးကပ်နေ၍ လူသွားလာမှု ရှုပ်ထွေးများပြားသည့်အပြင် ကားသွားလာမှုများခြင်းကြောင့် လူကူးခုံးကျော် ဆောက်လုပ်ရန် လိုအပ်ကြောင်း၊ အဆိုပါ ခုံးကျော်တံတားတွင် စက်လှေကားနှစ်စင်းအပြင် ရိုးရိုးလှေကားများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
“ဒီရက်ပိုင်းမှာ ဖွင့်မှာပါ။ ရက်တော့ အတိအကျ မသတ်မှတ်ရသေးဘူး။ အဲဒီနေရာက ကားသွားလာမှု၊ လူသွားလာမှုရှုပ်တဲ့အတွက် လူကူးခုံးကျော် ဆောက်လိုက်တာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့်တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အဆိုပါတံတားကို ၂၀၁၄ ခုနှစ် ဇွန်လမှ စတင်၍ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး သံကူကွန်ကရစ် အရှည်ပေ ၁၀၀၊ အကျယ် ၁၁ ပေရှိပြီး ကားလမ်းမကြီးမှ ကင်းလွတ်အမြင့် ၁၆ ပေရှိကာ တံတားအား နံနက် ၆ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းခုံးကျော်တံတား တည်ဆောက်မှု ကုန်ကျစရိတ်ကိုမူ ထုတ်ပြန်ခြင်း မပြုပေ။ ရန်ကုန်မြို့တွင် စက်လှေကားပါဝင်သည့် လူကူးခုံးကျော် တံတားများကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဆီးဂိမ်းမတိုင်မီကလည်းက ပန်းဆိုးတန်း-ဒလကူးတို့ဆိပ်အနီး၊ ကမ္ဘာအေးဂမုန်းပွင့် ကုန်တိုက်ရှေ့နှင့် လမ်းမတော်မြို့နယ် လမ်းသစ်လမ်းအနီးတို့တွင် ဆောက်လုပ်ရန် စီစဉ်ခဲ့သော်လည်း မဆောက်လုပ်ဖြစ်ခဲ့ဘဲ ၂၀၁၄ ခုနှစ်မှသာ မင်္ဂလာဒုံမြို့နယ် အောင်ဆန်းသူရိယ လှသောင်းကျောင်းရှေ့နှင့် ပန်းဆိုးတန်း-ဒလကူးတို့ဆိပ်အနီး ကမ်းနားလမ်းပေါ်တို့တွင် တစ်စင်းစီ ဆောက်လုပ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ယခုဖွင့်လှစ်မည့် တံတားမှာ တတိယမြောက် တံတားဖြစ်ပြီး ယခုဘဏ္ဍာရေးနှစ်အတွင်း လမ်းမတော်မြို့နယ် လမ်းသစ်လမ်းတွင်လည်း ထပ်မံဆောက်လုပ်နေကြောင်း သိရသည်။
လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်မြို့၏ လူကူးခုံးကျော်တံတား စုစုပေါင်း ခြောက်စင်း ထပ်မံတည်ဆောက်မည်ဖြစ်ပြီး ယင်းအထဲတွင် စက်လှေကား ပါဝင်သည့် လူကူးခုံးကျော်တံတားများလည်း ပါဝင်လာမည်ဖြစ်ကြောင်းနှင့် အဆိုပါတံတား ခြောက်စင်းအတွက် ကုန်ကျငွေကျပ် ၁ ဒသမ ၅၂ ဘီလျံ လျာထားကြောင်း သိရသည်။
Credit: eleven media group