Knowledge | Posted by Aye Myat Thu
အမွေဆက်ခံပိုင်ဆိုင်ခွင့်ရှိသူသည် ကွန်လွန်သူ၏ အမွေပစ္စည်းအပေါ်၌ အမွေခွဲဝေမှု မပြုရသေးမီ အမွေထိန်းစာလက်မှတ် လျှောက်ထားခြင်းပြုနိုင်သည်။ အမွေထိန်းလျှောက်ထားသည်ကို ခွင့်ပြုခြင်းမှာ ကွယ်လွန်သူ၏ အမွေပစ္စည်းအား မပျောက်ပျက်အောင်နှင့် တိကျစွာစီမံခန့်ခွဲ၍ အမွေခွဲဝေနိုင်ရန်အတွက် ရည်ရွယ်ပါသည်။ ကွယ်လွန်သူ၏ အမွေပစ္စည်းမှာ အခြားသူ (သို့) အမွေဆက်ခံသူတစ်ဦးဦး၏ လက်ဝယ်တွင် ရောက်ရှိနေသောအခါ တား ဆီးရန်အတွက်လဲ အမွေထိန်းစာ လျှောက်ထားနိုင်ပါသည်။
တရားရုံးမှ ကွယ်လွန်သူ၏ အမွေပစ္စည်းအပေါ်တွင် အမှန်တကယ် ရထိုက်ခွင့်ရှိသူ၊ ၎င်းသင့်လျော်သည်ဟု ထင်မြင်ယူဆသည့် တစ်ဦး (သို့) အများကို၊ ကြွေးပေးဆပ်ရန်ရှိနေသော မြီရှင်တစ်ဦးဦးကို အမွေထိန်းစာထုတ် ပေးနိုင်ပါသည်။ကွယ်လွန်သူရရန်ရှိ (သို့) ပေးရန်ရှိသော ကြွေးမြီများအား ဖြေရှင်းဆောင်ရွက်ရန်အတွက်လဲ အမွေထိန်းစာ လျှောက်ထားနိုင်ပါသည်။
အမွေထိန်းစာရရှိသူသည် အမွေသာစီမံခန့်ခွဲပိုင်ခွင့်သာ ရရှိမည်ဖြစ်ပြီး အမွေအားလုံးအား ပိုင်ဆိုင်ခွင့် ရှိခြင်း မဟုတ်ပါ။(ဦးပါစီ လောင်း၊ ၂၀၀၀ ပြည့်နှစ်၊ မတစ၊ စာ-၁၆၈ (၁၆၉) )၊အမွေပစ္စည်းအား မည်သူမှပိုင်ထိုက်သည်မှာ တရားရုံးမှ အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု စစ်ဆေးမှုပြုပြီးမှ ဆုံးဖြတ်ပေးခြင်း ဖြစ်ပါသည်။ အမွေထိန်းစာမှာ မဖြစ်မနေ ထုတ်ပေးခြင်းမျိုးတော့ မဟုတ်ပါ။ အမွေထိန်းစာ ခန့်အပ်ခြင်း မပြုလျှင်သင့်လျော်သည်ဟု တရားရုံးမှ ထင်မြင်ယူဆပါကထုတ်ပေးမည် မဟုတ်ပါ။
အမွေထိန်းစာ ထုတ်ပေးခြင်းအား အမွေမှု တရားမမှုကြီးကဲ့သို့ စစ်ဆေးစီရင်ဆုံးဖြတ်ခြင်း မဟုတ်ဘဲ အမွေဆက်ခံရေး အက်ဥပဒေပုဒ်မ - ၂၉၅ အရ သင့်လျော်သည်ဟု တရားရုံးမှ ယူဆသူကို အမွေထိန်းခန့်အပ်ခြင်း မျိုးဖြစ်ပါသည်။ အမွေပစ္စည်းနှင့် သက်ဆိုင်ကာ အမွေအား ရပိုင်ခွင့်ရှိသူ အရည်အချင်းရှိကာ အမွေထိန်းအပြိုင် လျှောက်ထားခြင်းလဲ မရှိပါက တရားရုံးမှ ငြင်းပယ်ရန် မသင့်ဟု ( မောင်စာဆိုနှင့် မပေါပါ - ၂၉၁၉၀၂-၀၃၊၂ ယူ ဘီအာ၊ အမွေထိန်းစာ - ၇)ဟု ထုံးဖွဲ့ထားပါသည်။ အမွေပုံပစ္စည်းစီမံခန့်ခွဲမှု တရားစွဲဆိုလျှင်လဲ အမွေပစ္စည်းများ စုံ လင်စွာ ပါဝင်ရမည်ဖြစ်ပါသည်။
အမွေထိန်းစာဖြင့် အမွေပစ္စည်းများအား စီမံခန့်ခွဲထိန်းသိမ်းခွင့်ရရှိသူသည် တရားရုံး၏ ခွင့်ပြုချက်ရရှိမှသာ အမွေပစ္စည်းအား အမွေဆိုင်များ ကိုယ်စားရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ လဲလှယ်ခြင်းတို့ ဆောင်ရွက်ခွင့်ရှိပါသည်။ အမွေဆက်ခံခြင်းအက်ဥပဒေပုဒ်မ - ၂၆၃ အရလဲ ခန့်အပ်ပြီးသော အမွေထိန်းစာ လက် မှတ်ကို တရားရုံးမှ ပြန်လည်ပယ်ဖျက်ခြင်းလဲ ပြုနိုင်ပါသည်။
သေဆုံးသူ၏ ရရန်ရှိသော ကြွေးမြီများကို တောင်းခံရာတွင်လဲ အမွေဆက်ခံသူမှ ပုဒ်မ- ၂၁၄ အရ အမွေဆက်ခံခွင့် လက်မှတ်ဦးစွာ လျှောက်ထားမှုပြုရမည်ဖြစ်ပါသည်။အမွေစား၊ အမွေခံတို့သည် အမွေဆက်ခံခွင့်လက် မှတ်အား အဆင့်ဆင့်ဆက်ခံခွင့်တော့ မရှိကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com