ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ပဲခူးမြို့တွင် အကောင်အထည်ဖော်တည်ဆောက်မည့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းဧရိယာအတွင်းမှ ဖယ်ရှားခံရသူများအား လျော်ကြေးငွေပေးချေရာတွင် နိုင်ငံတော်မှ သတ်မှတ်ထားသည့် မြေသိမ်းဥပဒေအတိုင်း ဆောင်ရွက်ပေးရန် ဒေသခံများက တင်ပြတောင်းဆိုထား ကြောင်း သိရသည်။
တောင်းဆို
ပဲခူးမြို့ နယ် ဝါးမရမ်းကျေးရွာတွင် ဇွန် ၃ ရက် နံနက် ၉နာရီခန့်ကပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒေသခံလူထုတွေ့ဆုံပွဲ၌ ရော်ဘာလုပ်ငန်းရှင် ဦးအောင် လင်းက ယင်းကဲ့သို့ တင်ပြတောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။
" ကျွန်တော်တို့ခြံတွေ လေယာဉ်ကွင်းဧရိယာအတွင်း ပါခဲ့တဲ့အတွက် ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ရန် ရော်ဘာ လုပ်ငန်းရှင်များအသင်းအနေနဲ့ ဆွေးနွေးတဲ့နေရာမှာ အစိုးရအနေနဲ့ ငြင်းပယ်ခဲ့တယ်။ အကြောင်းအမျိုးမျိုးပြ ခဲ့တယ်။ မြေသိမ်းဥပဒေအတိုင်း ဆောင်ရွက်ပေးဖို့တောင်းဆို တဲ့နေရာမှာ နောက်ပိုင်း အစည်းအဝေးတွေ မခေါ်တော့ဘူး။ ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေဆိုတာ ကာလပေါက်ဈေး အတိုင်းပေးရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကိုလည်း မပယ်ဖျက်ခဲ့သေးဘူး။ ဒီဥပဒေအတိုင်း မဆောင်ရွက်ဘူး။ အရင်အစိုးရပုံစံအမှားအတိုင်း ဆက်လက်ဆောင်ရွက်နေ တယ်။ ဥပဒေအတိုင်း ဆောင်ရွက်တယ်ပြောနေပေမယ့် လက်တွေ့မှာ အားနည်းနေပါတယ်။ မြေသိမ်းဥပဒေအတိုင်း ပေးလျော်ခြင်းမရှိပါက ကျွန်တော်တို့ ကန့်ကွက်ပါတယ်"ဟု ရော်ဘာလုပ်ငန်းရှင် ဦးအောင်လင်းက ပြောဆိုသည်။
လျော်ကြေးမယူ
အဆိုပါလေယာဉ်ကွင်းဧရိယာ၌ သိမ်းဆည်းခံရသည့် ရော်ဘာစိုက်တောင်သူ ၁၈ ဦး၏ စိုက်ဧကတစ်ထောင်ခန့်ရှိကာ တိုင်းဒေသကြီးအစိုးရအနေဖြင့် လျော်ကြေးငွေပေးရန်အတွက် သက်ဆိုင်ရာကော်မတီများနှင့် ညှိနှိုင်းဆွေးနွေးရာတွင် ပုဂ္ဂလိကရော်ဘာလုပ်ငန်းပညာရှင်အဖွဲ့၏ ညှိနှိုင်းခြင်းကို လက်မခံဘဲ အစိုးရအဖွဲ့က ဖွဲ့စည်းထားသည့် ရော်ဘာလုပ်ငန်းပညာရှင်များမှ အပင်သက်တမ်းပေါ်မူတည်၍ တွက်ချက်ပေးလျော်မှုဖြင့် ဆုံးဖြတ်ခဲ့ရာ လုပ်ငန်းရှင်သုံးဦးက လျော်ကြေးငွေယူခဲ့ခြင်း မရှိသေးကြောင်း သိရသည်။
"နိုင်ငံတော်ရဲ့ စီမံကိန်းဖြစ်တယ်။ နိုင်ငံတော်အတွက် အလုပ်လုပ်နေကြတာ၊ အားလုံးအတွက်လုပ်ပေးနေကြတာ၊ ဘယ်သူ့အတွက်မှ လုပ်နေကြတာမဟုတ်ဘူး။ ဒီလေယာဉ်ကွင်း ကြီးလည်း နိုင်ငံတော်ကပိုင်မှာလေ။ အဲဒီတော့ သိမ်းဆည်းခံရတဲ့ မြေဧကအလိုက် နိုင်ငံတော်ကသတ်မှတ်တဲ့ နှုန်းထားအတိုင်းပဲရမယ်။ နိုင်ငံတော်က ချမ်းသာတဲ့တိုင်းပြည် မဟုတ်ဘူး"ဟု ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောဆိုသည်။
ကာလတန်ဖိုးအောက်မနိမ့်
၁၈၉၄ ခုနှစ် မြေသိမ်းအက်ဥပဒေ (၆၇)အရ သီးနှံ အတွက် နစ်နာကြေးပေးရာတွင် စိုက်ပျိုးထားသည့် နှစ်ရှည်ပင်အတွက် လက်ရှိ အပင်တန်ဖိုးကို အခြေခံလျက် ဒေသ၏ ကာလပေါက်ဈေးဖြင့် တွက်ချက်သော တန်ဖိုး၏သုံးဆ၊ မြေအတွက်လျော်ကြေးကို နိုင်ငံတော်၏ ရေရှည် အမျိုးသားရေးအကျိုးစီးပွားအလို့ငှာ ငွေကြေးအကျိုးအမြတ် ဖြစ်ထွန်းနိုင်မှုရှိသော စီးပွားရေးလုပ်ငန်းအတွက် အသုံးပြုခြင်းဖြစ်လျှင် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ နစ်နာမှုမရှိစေ ရေးအတွက် ညှိနှိုင်းသဘောတူညီသည့် ငွေကြေးပမာဏ (သို့မဟုတ်) ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဖွဲ့စည်းထားသော လျော်ကြေးသတ်မှတ်ရေးအဖွဲ့က စီးပွားရေးလုပ်ငန်း အမျိုးအစားပေါ်မူတည်၍ဆုံးဖြတ်သည့် ဒေသ၏ကာလပေါက် ဈေးဖြင့်တွက်ချက်သော တန်ဖိုးအောက်မနိမ့်သည့် ငွေကြေး ပမာဏပေးရမည်ဟု ဖော်ပြထားသည်။
Credit: The Myanmar Times