ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန် သုံးဇုန်ရှိသည့်အနက် သီလဝါဇုန်(ယာပုံ)က ဖွံ့ဖြိုး တိုးတက်မှုရှိသော်လည်း ထားဝယ်အထူးစီးပွားရေးဇုန်က တိုးတက်မှုနှေးကွေးနေပြီး နိုင်ငံတကာ စံချိန်စံညွှန်းများ၊ လုပ်ထုံးလုပ်နည်းများဖြင့်ကိုက်ညီသည့်အာမခံချက်များပေးနိုင်မှသာ ရင်းနှီး မြှုပ်နှံသူများ ဝင်ရောက်လာမည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဖေဖော်ဝါရီ ၂၈ ရက်က နေပြည်တော်တွင် ကျင်းပခဲ့သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ သုံးသပ်ပြောကြားခဲ့သည်။
မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာဗဟို အဖွဲ့၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၁/၂၀၁၉ ကို ယင်းနေ့ ညနေ ၃ နာရီက နေပြည်တော် ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြောကြားခဲ့ကြောင်း ထုတ်ပြန် ချက်များအရ သိရသည်။
ကုမ္ပဏီပေါင်း ၁၀၅ ခု
မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်သုံး ဇုန်ရှိသည့်အနက် သီလဝါအထူးစီးပွားရေးဇုန် သည် အတော်အတန်ခရီးရောက်နေပြီဟုဆိုရ မည်ဖြစ်ပြီး ကုမ္ပဏီပေါင်း ၁၀၅ ခုအထိ ရင်း နှီးမြှုပ်နှံထားပြီးဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု စုစု ပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံအထိ တိုးတက်လာပြီး လက်ရှိလည် ပတ်နေသည့်စက်ရုံ ၆၅ ရုံရှိသည်။
အချိန်နှင့်တစ်ပြေးညီ
ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် တင်ဒါ အောင်မြင်ထားသည့် CITIC Group ကုမ္ပဏီ နှင့် Framework Agreement ရေးထိုးနိုင်ခဲ့ပြီဖြစ်သည်။ ရေနက်ဆိပ်ကမ်းစီမံကိန်း အတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် Transaction Document များ၊ EIA၊SIA၊G.T Survey ကိစ္စရပ်များ ဆက်လက်ညှိနှိုင်း ဆွေးနွေးလျက်ရှိပြီး စီမံကိန်းလုပ်ငန်းများ ရပ်တန့်မသွားစေဘဲ အချိန်နှင့်တစ်ပြေးညီ တိုးတက်မှုရရှိရေး စီမံဆောင်ရွက်ပေးကြရန် ဒုတိယသမ္မတက တိုက်တွန်းခဲ့သည်။
ထားဝယ်အထူးစီးပွားရေးဇုန်အကောင်အထည်ဖော်မှုဆိုလျှင် တိုးတက်မှုနှေးကွေး အားနည်းနေသည်ကို တွေ့ရှိရပြီး တိုးတက်မှု အနေဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်မှ ထီးခီးသို့ဆက်သွယ်ထားသည့် နှစ်-လမ်းသွား ကားလမ်း အဆင့်မြှင့်တင်ဖောက်လုပ်ခြင်း အား ထိုင်းနိုင်ငံမှ NEDA နှင့် ဆောက်လုပ် ရေးဝန်ကြီးဌာနတို့ Terns of Reference (TOR)မူကြမ်းညှိနှိုင်းနိုင်ခဲ့ပြီး ကွင်းဆင်းစစ် ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်။ တိုး တက်မှုနှေးကွေးနေသည့်အပိုင်းသည် ကနဦး စီမံကိန်းများ ရှေ့ဆက်နိုင်ရေး ဖြစ်သည့်အတွက် ထားဝယ်အထူးစီးပွားရေးဇုန်အတွက် ဆွေးနွေး ညှိနှိုင်းမှုများ ဆောင်ရွက်ရာတွင် အစိုးရချင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုအပိုင်းများရှိ သကဲ့သို့ ပုဂ္ဂလိကကုမ္ပဏီ ITD နှင့် ညှိနှိုင်း ဆောင်ရွက်ရသည့်အပိုင်းများလည်းရှိ ကြောင်း ဒုတိယသမ္မတက ထည့်သွင်းပြောကြားခဲ့သည်။
အားသာချက်
အထူးစီးပွားရေးဇုန်များသည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါပြီး ဒေသခံများ ၏ အလုပ်အကိုင်အခွင့်လမ်း အားသာချက် များရှိပြီး အထူးစီးပွားရေးဇုန်များ အောင်မြင် ရေးအတွက် နိုင်ငံခြားသားများ ယုံကြည်စိတ် ချစွာ ရင်းနှီးမြှုပ်နှံရန် လိုအပ်သည်။
စံချိန်စံညွှန်း
ရင်းနှီးမြှုပ်နှံသူများအတွက် ဥပဒေနှင့် အညီ ဝန်ဆောင်မှုကိစ္စရပ်များ၊ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် လုပ်ထုံး လုပ်နည်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ပြီး အာမခံချက်ပေးနိုင်မှသာ ရင်းနှီးမြှုပ်နှံ သူများ ဝင်ရောက်လာမည်ဖြစ်ကြောင်း ဒုတိယ သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။
Credit: The Myanmar Times