ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
၂၀၁၈ ခုနှစ် တတိယ ၃ လပတ်ကာလအတွင်း တရုတ်လုပ်ငန်းရှင်ကြီးများသည် အမေရိကန်ပြည်ထောင်စုတွင် ပိုင်ဆိုင်ထားသော အိမ်ခြံမြေ ကန်ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး ပြန်လည်ရောင်းထုတ်ခဲ့ကြောင်း ဝေါစထရိသတင်းတစ်ရပ်တွင် ဖော်ပြသည်။
တရုတ်အစိုးရက ပြည်ပအိမ်ခြံမြေဝယ်ယူမှုများနှင့် အရင်းအနှီးသွင်းအားစုများ စီးထွက်မှုအပေါ် တင်းကျပ်မှုများ ပြုလုပ်လာသောကြောင့် ယခုကဲ့သို့ ပြည်ပအိမ်ခြံမြေများကို ရောင်းထုတ်လာခြင်းလည်း ဖြစ်သည်။
တတိယ ၃ လပတ်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံသူတို့သည် အိမ်ခြံမြေဝယ်ယူမှု ကန်ဒေါ်လာ ၂၃၁ ဖိုးသာရှိခဲ့ပြီး ပြန်လည်ရောင်းချမှုမှာ ကန်ဒေါ်လာ ၁ ဒသမ ၀၅ ဘီလီယံဖိုးအထိရှိခဲ့သည်။
အရောင်းပမာဏမှာ ဝယ်ယူမှုထက် များပြားနေမှု ၃ လပတ် ၂ ကြိမ်ဆက်တိုက် ဖြစ်ပေါ်ခဲ့ခြင်းလည်း ဖြစ်သည်။
တရုတ်ကုမ္ပဏီကြီးများ၏ ကြွေးမြီများ ခေါင်ခိုက်လာနေခြင်းနှင့်အတူ ငွေကြေးတည်ငြိမ်မှု ရတက်မအေးဖွယ်ရာများ ဖြစ်လာခြင်းကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်လာခဲ့ခြင်း ဖြစ်သည်။
တရုတ်ရင်းနှီးမြှုပ်နှံသူများသည် လွန်ခဲ့သော ၅ နှစ်တာကာလအတွင်း အမေရိကန်အိမ်ခြံမြေများကို ကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ အသုံးပြုပြီး ဝယ်ယူခဲ့ရာ အဓိကအားဖြင့် နယူးယောက်၊ လော့စ်အိန်ဂျလိ၊ ဆန်ဖရန်စစ္စကိုနှင့် ချီကာဂိုတို့တွင် ဖြစ်ကြသည်။
တရုတ်ဝယ်လက်တို့သည် အချို့သော အမေရိကန်အိမ်ခြံမြေများကို စံချိန်တင်ဈေးနှုန်းများဖြင့်ပင် ဝယ်ယူခဲ့သည်။
သာဓကအားဖြင့် နယူးယောက်မြို့ရှိ ဝါးဒေါ့ဖ် အက်စ်တိုးရီးယား ဟိုတယ်ကို ၂၀၁၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၉၅ ဘီလီယံဖြင့် ဝယ်ယူခဲ့ရာ အမေရိကန်တွင် ဈေးနှုန်းအမြင့်မားဆုံး ဟိုတယ်အရောင်းအဝယ်အဖြစ် စံချိန်တင်ခဲ့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)