အားဘန်းနစ်ဇင်သည် မြို့ကြီးများ၊ မြို့ငယ်များ အစရှိသော မြို့ပြတွင် နေထိုင်သူများနှင့် ဆောက်လုပ်ထားသည့် ပတ်ဝန်းကျင်တို့ အပြန်အလှန်အကျိုး သက်ရောက်မှုရှိပုံကို လေ့လာခြင်းဖြစ်ပြီး မြို့ပြစီမံကိန်း၏ အခန်းကဏ္ဍတစ်ရပ်
လည်း ဖြစ်သည်။
ဗိသုကာပညာရှင်များ၊ စီမံကိန်းရေးဆွဲသူများနှင့် လူမှုဗေဒပညာရှင်များသည် လူနေထူထပ်သော မြို့ပြဒေသများ တွင် လူတို့နေထိုင်ပုံနည်းလမ်းများကို
စုံစမ်းကြ၏။
အားဘန်းနစ်ဇင်ကို ချဉ်းကပ်ရာတွင် ကွဲပြားသည့် သီအိုရီများစွာရှိသည်။
၂၀ ရာစုအစောပိုင်းတွင် အားဘန်းနစ်ဇင် ပေါ်ပေါက် ခဲ့ခြင်းဖြစ်ရာ ဗဟိုဦးစီးစနစ် ကုန်ထုတ်လုပ်ရေးကဏ္ဍ၊ ဘက်စုံသုံး ဆောက်လုပ်ရေး စီမံကိန်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ကွန်ယက်များ ထွန်းကားလာချိန်နှင့် တိုက်ဆိုင်နေသည်။
ယင်းကို နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးတို့ ဆုံမှတ် တူညီခြင်းဟု ဖော်ပြကြသည်။
နယူးအားဘန်းနစ်ဇင်မှာ မြို့ပြဒီဇိုင်းဆိုင်ရာ လှုပ်ရှား မှုတစ်ရပ်ဖြစ်ပြီး လမ်းလျှောက်ရလွယ်ကူသည့် ၀န်းကျင်များ ဖော်ဆောင်ပေးခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်မည့် အလေ့အထများကို အလေးပေးထားသည်။
အမေရိကန်ပြည်ထောင်စုတွင် ၁၉၈၀ ပြည့်လွန်ကာလ များအတွင်း ပေါ်ပေါက်ခဲ့ပြီး အိမ်ခြံမြေဆောက်လုပ်ရေး၊ မြို့ပြ စီမံကိန်းနှင့် မြေယာအသုံးချရေး မဟာဗျူဟာများအပေါ် တစ်စထက်တစ်စ သြဇာလွှမ်းနိုင်ခဲ့သည်။
ဗိသုကာပညာအရဆိုလျှင် နယူးအားဘန်းနစ်ဇင်၏ သီအိုရီ များဖြင့် ဆောက်လုပ်သော ဒေသများတွင် နယူးကလပ်စစ်ကယ်၊ ပို့စ်မော်ဒန် ၊ ဗနားကူလာဗိသုကာဟန်များကို တွေ့မြင်ရလေ့ ရှိသည်။
အချုပ်ဆိုရလျှင် နယူးအားဘန်းနစ်ဇင်သည် အခြား ဗိသုကာဟန်များကဲ့သို့ အဆောက်အအုံတစ်လုံးကို ပုံဖော်ပေး သည့် ဗိသုကာဟန်မဟုတ်ဘဲ လူနေဇုန်နယ်တစ်ခု၊ ရပ်ကွက်၊ မြို့တစ်ခုကို တည်ဆောက်ပုံ ဗိသုကာဖြစ်သည်။
+++ အားဘန်းနစ်ဇင်ကို အဓိပ္ပာယ်ဖွင့်ဆိုမည့် အချက်အလက်များ +++
အားဘန်းနစ်ဇင်ဗိသုကာဟန်ဖြင့် ဆောက်လုပ်မည့် အသိုက်အ၀န်းဒေသများကို အားပေးရန် တည်ထောင်ထား သည် Congress for the New Urbanism ၏ တည်ထောင်သူ၊ အမေရိကန်ဗိသုကာပညာရှင်များဖြစ်သည့် Andrfés Duany နှင့် အဲလစ်ဇဘက် ပလေတာ ဇိုင်ဘာ့ခ်တို့ နှစ်ဦးသည် လမ်း ထောင့်ဈေးဆိုင်များ၊ မျက်နှာစာဆင်ဝင်များပါဝင်သည့် ဘက်စုံ သုံး ရောနှောလမ်းပုံစံများကို အချိန်ယူလေ့လာခဲ့ကြသည်။
၎င်းတို့နှစ်ဦးနှင့် အခြားပညာရှင်များ စူးစမ်းခဲ့ကြသည့် ပုံသဏ္ဌာန်များမှာ အောက်ပါအတိုင်း ဖြစ်ကြသည်။
၁။တည်ဆောက်မည့်အသိုက်အ၀န်း၊ ဇုန်နယ်တစ်ခုတွင် မြင်သာထင်ရှားသည့် ဗဟိုချက်နေရာပါဝင်ခြင်း။
အဆိုပါ ဗဟိုချက်နေရာမှာ ရင်ပြင်ကွက်လပ်တစ်ခု (သို့မဟုတ်) မြက်ခင်းပြင်တစ်ခုဖြစ်နိုင်။ ရံဖန်ရံခါတွင် လူသူထူ ထပ်သည့်နေရာ (သို့မဟုတ်) လမ်းထောင့်နေရာမျိုးလည်းဖြစ်နိုင်။ ကားဂိတ်၊ ရထားဘူတာ များမှာ ထိုနေရာတွင် ဖြစ်လေ့ရှိကြ။
၂။ နေထိုင်သူအများစုမှာ အဆိုပါ ဗဟိုနေရာသို့ ၅မိနစ် အတွင်း လမ်းလျှောက်ရုံဖြင့် ရောက်ရှိနိုင်ပြီး ပျှမ်းမျှအကွာ အဝေးမှာ ၀ ဒသမ ၂၅ မိုင် ( ၀ ဒသမ ၄၀ ကီလိုမီတာ) ခန့်သာရှိခြင်း။
၃။ နေအိမ်ပုံသဏ္ဌာန်အမျိုးအစား စုံလင်ပြီး လုံးချင်းအိမ် များ၊ အခန်းတွဲ တန်းလျက်နေအိမ်များ၊ တိုက်ခန်းများ ပါဝင်လေ့ ရှိပြီး ငယ်ရွယ်သူ၊ အသက်အရွယ်ကြီးမြင့်သူ၊ တစ်ကိုယ်ရေသမား များ၊ မိသားစုနှင့် နေထိုင်သူများ၊ ဆင်းရဲသူ၊ ချမ်းသာသူ အစရှိ သဖြင့် မတူညီသည့် ပုံစံပေါင်းစုံရောယှက်မှုကို တွေ့ရ။
၎။ ဒေသတွင်း ရပ်ကွက်အစွန်းတွင် အိမ်ထောင်စုတစ်စု ၏ လိုအပ်ချက်ဟူသမျှကို လုံလောက်စွာဖြည့်တင်းပေးနိုင် မည့် အမျိုးအစားစုံလင်သော ဈေးဆိုင်များနှင့် ရုံးများ တည်ရှိ ခြင်း။
၅။ မူလတန်းကျောင်းတစ်ခု နီးကပ်စွာ ထားရှိခြင်း။ ကလေးအများစုမှာ နေအိမ်မှ လမ်းလျှောက်သွားနိုင်ခြင်း။
၆။ ကစားကွင်းငယ်များကို နေထိုင်သူတိုင်း အလွယ်တကူ သွားရောက်နိုင်ရန်အတွက် တစ်မိုင်၏ ၁၀ ပုံတစ်ပုံထက် ပိုမိုမဝေးကွာစေဘဲထားရှိခြင်း။
၇။ လမ်းများမှာ ကျဉ်းမြောင်းပြီး အရိပ်ရသစ်ပင်များ စီတန်း စိုက်ပျိုးထားလေ့ရှိသည်။
သွားလာရမှု အမြန်နှုန်း နှေးကွေးခြင်းကြောင့် ခြေလျင် သွားလာသူများနှင့် စက်ဘီးစီးသူများအတွက် အထူးသင့်လျော် သည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးထားသည်။
၈။ ကားရပ်နားရန် နေရာများနှင့် သိုလှောင်ရုံတံခါးများ မှာ လမ်းဘက်သို့ မျက်နှာမူထားရှိခြင်း ရှားပါးလှသည်။ ကား ရပ်နားရန်နေရာကို အဆောက်အအုံများ၏ နောက်ဘက်တွင် ထားလေ့ရှိပြီး အများအားဖြင့် လမ်းကြားများမှ တစ်ဆင့်ဆက် သွယ်ထားလေ့ရှိသည်။
၉။ ဒေသတွင်းဇုန်တစ်ခု၏ ဗဟိုချက်တွင် တည်ရှိသော အဆောက်အအုံများကို အများပြည်သူဆိုင်ရာ ခန်းမအဆောက် အအုံများအဖြစ် သီးသန့်ထားရှိလေ့ရှိကြသည်။
အဆိုပါ အဆောက်အအုံများတွင် အစည်းအဝေးများ ကျင်းပခြင်း၊ ပညာရေး-ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပွဲလမ်းများ ကျင်းပခြင်းတို့ ပြုလုပ်လေ့ရှိသည်။
နယူးအားဘန်းနစ်ဇင်နှင့် ဆက်နွှယ်နေသော အခြား ဝေါဟာရများမှာ Neotraditional Development နှင့် Tradi-tional Neighborhood Development တို့ ဖြစ်ကြသည်။
ယင်းဝေါဟာရများသည် ယေဘုယျအားဖြင့် မြို့သစ်၊ ၀န်းကျင်သစ်များကို ရည်ညွှန်းလေ့ရှိပြီး ရိုးရာဗိသုကာဟန် များဖြင့် ဆောက်လုပ်လေ့ရှိကြသည်။
ပို့စ်မော်ဒန်ဗိသုကာဟန်များတွင် နယူးအားဘန်းနစ်ဇင် လည်း ပါဝင်သည်။
+++ အားဘန်းနစ်ဇင်၏ အခြေခံမူများ +++
နယူးအားဘန်းနစ်ဇင်၏ သီအိုရီများကို အဆောက် အအုံတစ်လုံးခြင်းမှသည် အသိုက်အ၀န်းတစ်ခုလုံးအထိ ချဲ့ထွင် အသုံးပြုနိုင်စွမ်းရှိ၏။
၁။ လမ်းသွားလမ်းလာများ လမ်းလျှောက်ရလွယ်ကူခြင်း
ခြေလျင်သွားလာသူများနှင့် သဟဇာတဖြစ်မည့် လမ်း အသွင်အပြင်ရှိခြင်း (အဆောက်အအုံများမှာ လမ်းနှင့် နီးကပ်စွာ တည်ရှိခြင်း၊ ဆင်ဝင်များ၊ ပြတင်းများနှင့် တံခါးများ၊ ၀ဲယာတွင် သစ်ပင်များ စိုက်ပျိုးထားခြင်း၊ လမ်းပေါ်တွင် ကားရပ်နားခြင်း၊ ကျဉ်းမြောင်းကာ သွားလာရနှေးကွေးသည့်လမ်းများ အစရှိသဖြင့်)
အချို့နေရာများတွင် ကားများသွားလာခြင်းမရှိသည့် လမ်းလျှောက်ရန်သီးသန့်လမ်းများထားရှိခြင်း။
၂။ ဆက်သွယ်ရလွယ်ကူခြင်း
လမ်းများအတွင်း လေးထောင့်ကွန်ယက်သဖွယ် အခြားလမ်းများဖြတ်သန်းဖောက်လုပ်ခြင်းအားဖြင့် ယာဉ်ကြောပိတ်ဆို့မှုကို လျော့ပါးစေကာ လမ်းလျှောက်ရ လွယ်ကူစေခြင်း
A hierarchy of narrow streets, boulevards, and alle
၃။ ဘက်စုံသုံး။ အမျိုးအစားစုံလင်ခြင်း
ဈေးဆိုင်များ၊ ရုံးများ၊ လူနေခန်းများနှင့် အိမ်များ ရောယှက်တည်ရှိခြင်း။ ဒေသတစ်ခုအတွင်း၊ လမ်းဘလောက် တစ်ခုအတွင်း၊ အဆောက်အအုံတစ်ခုချင်းစီအတွင်း ဘက်စုံသုံး အဖြစ် ရောနှောထားခြင်း။
အသက်အရွယ်၊ ၀င်ငွေပမာဏ၊ ယဉ်ကျေးမှုနှင့် လူမျိုး မျိုးစုံရောနှောထားခြင်း
၎။ အဆောက်အအုံဟန် ရောယှက်ထားခြင်း
အမျိုးအစား၊ အရွယ်အစား၊ ဈေးနှုန်းတို့မှာ အနီး စပ်ဆုံးတူညီမှုရှိခြင်း
၅။ အရည်အသွေးမြင့် ဗိသုကာဟန်နှင့် မြို့ပြဒီဇိုင်း
အလှတရား ၊ ရသဗေဒနှင့် သက်သောင့်သက်သာဖြစ် မှုအပေါ် အလေးထားခြင်း။
အားဘန်းနစ်ဇင်၏ ကောင်းကျိုးများ
၁။နေထိုင်သူများအတွက် ကောင်းကျိုးများ
လူနေမှုအဆင့်အတန်းမြင့်မားခြင်း။ နေထိုင်ရန်၊ အလုပ်လုပ်ရန် ၊ ဆော့ကစားရန် ပိုမိုကောင်းမွန်သည့်နေရာ ဖြစ်ခြင်း။ အိမ်ခြံမြေတန်ဖိုးများ တည်ငြိမ်မှုရှိခြင်း။
ယာဉ်ကြောပိတ်ဆို့မှု နည်းပါးခြင်းနှင့် ယာဉ်မောင်း ရသည့် ခရီးအကွာအဝေးနည်းပါးသွားခြင်း။ လမ်းပိုလျှောက်ရ ခြင်းကြောင့် ကျန်းမာသည့် ဘ၀နေထိုင်မှုပုံစံရရှိခြင်း။
စက်ဘီးလမ်းများ၊ ပန်းခြံများနှင့် နီးကပ်စွာတည်ရှိ ခြင်း (သဘာဝတရားနှင့် နီးကပ်ခြင်း)။ လမ်းလျှောက်သူများ အတွက် သဟဇာတဖြစ်သည့် အသိုက်အ၀န်းပုံသဏ္ဌာန်ဖြစ်ခြင်း ကြောင့် ဒေသတွင်း၊ မြို့တွင်းရှိ အခြားသူများနှင့် သိကျွမ်းရန် အခွင့် အလမ်းပိုမိုရရှိခြင်း။
အကျိုးဆက်အားဖြင့် အဓိပ္ပာယ်ရှိသည့် လူမှုဆက်ဆံ ရေး ရရှိလာကာ နွေးထွေးဖော်ရွေသည့် မြို့တစ်မြို့ဖြစ်လာခြင်း။
ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ဆင်းရဲသားများ အလုပ်အကိုင်ရရှိရန်၊ အပန်းဖြေရန် ပိုမိုလွတ်လပ်မှုရှိခြင်း။
ကားတစ်စင်းရှိရန် (သို့မဟုတ်) ကားမောင်းမည့် ယာဉ်မောင်းရှိရန်မလိုဘဲ အထွေထွေဝန်ဆောင်မှုများရှိရာသို့ ရောက်ရှိနိုင်ခြင်း။
ကလေးငယ်များအနေဖြင့် လမ်းလျှောက်၍သော်လည်း ကောင်း၊ စက်ဘီးစီး၍ သော်လည်းကောင်း ကျောင်းသွားနိုင်သော ကြောင့် ဘတ်စ်ကားခ ကုန်ကျစရိတ်များ လျှော့ချနိုင်ခြင်း။ ကားဖြင့် သွားလာရသည့်ခရီးနည်းပါးခြင်းကြောင့် ပိုမို၍ ငွေစုမိခြင်း။
၂။ စီးပွားရေးလုပ်ငန်းများအတွက် ကောင်းကျိုးများ
ခြေလျင်သွားလာသူ ပိုမိုများပြားသည့်အတွက် ဈေးဆိုင်များ ရောင်းအားတက်ခြင်း။
ကြီးမားသည့် ဆိုင်းဘုတ်ကြီးများ အသုံးပြုရခြင်း မရှိသည့်အတွက် ကုန်ကျစရိတ်လျှော့ချနိုင်ကာ အမြတ်အစွန်း ပိုမိုရရှိခြင်း။
လူနေနှင့် ရုံးတွဲလျက်အဆောက်အအုံများတွင် နေထိုင်ခြင်းအားဖြင့် ယာဉ်ကြောပိတ်ဆို့မှုဆိုင်ရာ စိတ်ဖိစီးမှု များ ကင်းလွတ်နိုင်ခြင်း။
နေရာကျဉ်းမြောင်းခြင်းနှင့် ကားရပ်နားရန်နေရာ ကျဉ်းမြောင်းခြင်းတို့ကြောင့် ငှားရမ်းခများ သက်သာသွားခြင်း။
၃။ Developer တို့အတွက် ကောင်းကျိုးများ
လူနေထူထပ်စွာ နေထိုင်နိုင်ရန် ဒီဇိုင်းရေးဆွဲကြ ခြင်းဖြစ်ရာ အငှားချထားနိုင်သည့် ၊ ရောင်းချနိုင်သည့် စတုရန်း ပေ ပိုမိုများပြားလာခြင်းကြောင့် ၀င်ငွေပိုမိုများပြားနိုင်ခြင်း။
လူနေနှင့် ကူးသန်းရောင်းဝယ်ရေးနေရာများ ရောနှော ဆောက်လုပ်ထားခြင်းကြောင့် တစ်နေရာမှ တစ်နေရာသို့ လမ်း လျှောက်၍ သွားလာနိုင်ရာ ကားရပ်နားရန်အတွက် နေရာကျယ် ၀န်းစွာ မလိုအပ်ခြင်း။ ထို့ကြောင့် ကုန်ကျစရိတ် သက်သာခြင်း။
Consumers များက ကြီးကြီးမားမားလက်ခံမှု အတိုင်းအတာ ရှိခြင်းကြောင့် အလျင်အမြန်ရောင်းထွက်ခြင်းနှင့် ဈေးကွက် ဝေစု ပိုမိုရရှိခြင်း။
+++ ဒေသန္တရကောင်းကျိုး +++
အဆောက်အအုံများ ပိုမိုများပြားလာပြီး လူနေပိုမို ထူထပ်ခြင်းကြောင့် အကောက်ခွန်ရရှိမှု မြင့်တက်လာခြင်း။
နေ့ညမရွေး လူသူမပြတ်ရှိခြင်းကြောင့် လုံခြုံရေးအတွက် စောင့် ကြည့်ရမှု သက်သာကာ ရာဇ၀တ်မှုများ ကျဆင်းနိုင်ခြင်း။
+++ သာဓကအနေဖြင့် လေ့လာသင့်သည့် ဒေသများ +++
အောက်ဖော်ပြပါ ဒေသများမှာ နယူးအားဘန်းနစ်ဇင် ဖြင့် ပုံဖော်ဆောက်လုပ်ထားသည့် နယ်ပယ်များ ဖြစ်ကြသည်။
+++ ဥရောပ +++
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ အနောက်တောင်ဘက် ဆင်ခြေဖုံးအရပ်ရှိ Le Plessis-Robinson အမည်ရှိ ဒေသ တစ်ခုရှိရာ နယူးအားဘန်းနစ်ဇင်နှင့် ဆက်နွှယ်နေသော neo-traditionalism ဟန်ဖြင့် ပုံဖော်ထားခြင်း ဖြစ်သည်။
(့ttps://en.wikipedia.org/wiki/Le_Plessis-Robinson )
အင်္ဂလန်နိုင်ငံ၊ အနောက်တောင်ပိုင်း၊ ဒေါ်ဆက် ခရိုင်ရှိ Poundbury မြို့သစ်
(https://en.wikipedia.org/wiki/Poundbury )
စကော့တလန်နိုင်ငံ၊ အင်ဗားနက်စ်မြို့၏ အရှေ့ မြောက်ဘက် ၇ မိုင်အကွာတွင် တည်ရှိသော တော်နာဂရိန်း ဒေသ
(https://en.wikipedia.org/wiki/Tornagrain )
ဆွီဒင်နိုင်ငံတောင်ပိုင်းရှိ ဂျာကရီဘော့ဂ်ျ အိမ်
(https://en.wikipedia.org/wiki/Jakriborg )
နယ်သာလန်နိုင်ငံ တောင်ပိုင်း မီယာလိုမြို့၏ မြောက် ဘက်ရှိ ဘရန်းဒီဗော့ထ်အရပ်
(https://en.wikipedia.org/wiki/Brandevoort )
ဘယ်လ်ဂျီယံနိုင်ငံ၊ ၀က်စ်ဖလန်ဒါပြည်နယ်ရှိ နော့ကီဟိုက်စ်ဒေသ
(https://en.wikipedia.org/wiki/Knokke-Heist )
+++ အမေရိကတိုက် +++
အမေရိကန်ပြည်ထောင်စုတွင် နယူးအားဘန်းနစ်ဇင် လက်ရာများစွာရှိသည်။ မစ်္စစ်္စပီပြည်နယ်၊ စတာ့ခ်ဗီးလ်မြို့ရှိ The Cotton District သည် အစောဆုံးပေါ်ပေါက်ခဲ့သည့် နယူးအားဘန်းနစ်ဇင် လက်ရာတစ်ခုဖြစ်သည်။
(https://en.wikipedia.org/wiki/The_Cotton_District )
လက်တင်အမေရိကနှင့် မြောက်အမေရိကအကြား ဗဟိုအမေရိကရှိ ကော့စတာရီကာနိုင်ငံ၊ အနောက်မြောက် ပိုင်း၊ ဂွါနာကက်စ်တီပြည်နယ်ရှိ ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ် သော Las Catalinas
(https://en.wikipedia.org/wiki/Las_Catalinasç_Costa_Rica )
+++ အာရှတိုက် +++
ဘူတန်နိုင်ငံ၏ မြို့တော်ဖြစ်သော သင်မ်ဖူသည် နယူးအားဘန်းနစ်ဇင်၏ ပြယုဂ်တစ်ခု ဖြစ်၏။
(https://en.wikipedia.org/wiki/Thimphu )
+++ အာဖရိကတိုက် +++
တောင်အာဖရိကနိုင်ငံတွင် နယူးအားဘန်းနစ်ဇင် သီအိုရီကို အသုံးပြုထားသည့် ဒေသများစွာ တွေ့ရသည်။ ယင်းတို့အနက် အထင်ရှားဆုံးမှာ တောင်အာဖရိက၏ အကြီး မားဆုံးမြို့တော် ၊ ဂျိုအန်နက်စ်ဘတ်ရှိ မဲလ်ရို့စ်အရပ် ဖြစ်သည်။
(https://en.wikipedia.org/wiki/Melroseç_Gauteng )
+++ သြစတေးလျတိုက် +++
သြစတေးလျနိုင်ငံ၊ နယူးဆောက်ဝေးပြည်နယ်ရှိ တူလင်ဘာကျေးရွာသည် နယူးအားဘန်းနစ်ဇင်၏ မူများဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ ။
အိအိအေးအောင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com