+++ ထိုင်းဘုရင်မင်းမြတ်တို့ ပိုင်ဆိုင်သော ဂိုးလ်ဒင်း ဂျူဗလီစိန်ကြီး +++
ထိုင်းဘုရင်မင်းမြတ်တို့ ပိုင်ဆိုင်သော ဂိုးလ်ဒင်း ဂျူဗလီစိန်ကြီးသည် အလေးချိန်အားဖြင့် ၅၄၅ ဒသမ ၆၇ ကာရက်ရှိပြီး ကမ္ဘာပေါ်တွင် အကြီးမားဆုံးစိန်ကြီးဖြစ်ကာ ကာလပေါက်ဈေးအားဖြင့် ကန်ဒေါ်လာ ၁၂ သန်းကျော် တန်ကြေးရှိသည်ဟု ဆိုသည်။
သို့ရာတွင် အကယ်၍သာ လေလံတင်ရောင်းချခဲ့မည် ဆိုပါက ယခုဖော်ပြသည့်နှုန်းထားထက် များစွာပိုမိုသည့် မခန့် မှန်းနိုင်သည့် ပမာဏတစ်ခု ရရှိဖွယ်ရာရှိသည်။
အဆိုပါ စိန်ကြီးသည် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် နှင့် ထိုင်းသံဃာ့အကြီးအကဲတို့က သိဒိ္ဓတင်ပေးထားသည့် စိန်ကြီးလည်း ဖြစ်သည်။
ဂိုးလ်ဒင်း ဂျူဗလီစိန်ကြီးကို ကမ္ဘာတစ်ဝန်းတွင် လှည့်လည်ပြသခဲ့ဖူးပြီး လက်ရှိအားဖြင့် ထိုင်းဘုရင့်နန်းတော် တွင်ထားရှိကာ ၂၄ နာရီပတ်လုံး အစောင့်အကြပ် ထူထပ်စွာဖြင့် ကာကွယ်ထားရှိသည်။
+++ အဲလစ်ဇဘက် ဘုရင်မကြီး စုဆောင်းထားသော အနုပညာ လက်ရာများ+++
အင်္ဂလန်၏ အဲလစ်ဇဘက် ဘုရင်မကြီး II စုဆောင်း ပိုင်ဆိုင်ထားသော အနုပညာလက်ရာများမှာ လက်ရှိအားဖြင့် ကမ္ဘာပေါ်တွင် ပမာဏ အများဆုံးနှင့် တန်ဖိုးအကြီးဆုံးအဖြစ် စံချိန်တင်ထားသည်။
အဆိုပါ အနုပညာလက်ရာများကို တော်ဝင်နန်းတော် တွင်းရှိ အဆောက်အအုံ ၁၃ လုံးအပြင် ဗြိတိန်နိုင်ငံတစ်ဝန်း နေရာအနှံ့အပြားတွင် သိမ်းဆည်းထားရှိသည်။
စုဆောင်းထားသော အနုပညာလက်ရာများတွင် ဆေးရေး ပန်းချီကားပေါင်း ၇၀၀၀ ၊ ရေဆေးနှင့် ကောက်ကြောင်း ပန်းချီကားပေါင်း ၃၀၀၀၀ နှင့် အခြားအနုပညာပစ္စည်းပေါင်း ၅၀၀၀၀၀ ခန့် စုဆောင်းထားသည်။
ယင်းအနက်မှ ၃၀၀၀ ခန့်ကို ကမ္ဘာတစ်ဝန်းရှိ ပြတိုက်များသို့ ငှားရမ်းထားပြီး အခြားလက်ရာအများအပြား ကိုလည်း ပြပွဲများတွင်ပြသရန် ယာယီငှားရမ်းခြင်းမျိုး ပြုလုပ် ပေးလေ့ရှိသည်။
ပန်းချီလက်ရာများတွင် ဧကရာဇ် ဟင်နရီ VIII ၊ ဂျော့ဘုရင် V ၊ ၀ိတိုရိယဘုရင်မကြီးနှင့် အဲလစ်ဇဘက်ဘုရင်မ ကြီး I တို့၏ ပုံတူပန်းချီကားများလည်း ပါဝင်သည်။
အခြားနာမည်ကျော် ပုံတူပန်းချီကားများမှာ ဆာ ၀င်စတန်ချာချီ၊ လော့ဒ် နယ်လ်ဆင်၊ ချားလ်စ် ဒစ်ကင်းနှင့် နောက်ပိုင်းနိုင်ငံရေး ခေါင်းဆောင်များဖြစ်သော မာဂရက် သက်ချာနှင့် ဂျွန်မေဂျာတို့ကဲ့သို့ ပုဂ်္ဂိုလ်များ၏ ပုံတူကားများ ပါဝင်သည်။
ဘုရင်မကြီး ပိုင်ဆိုင်သော အနုပညာလက်ရာအားလုံး ၏ စုစုပေါင်းတန်ဖိုးပမာဏကို ခန့်မှန်းနိုင်ခြင်း မရှိကြသေးချေ။
+++ မိုနာကို ဘုရင်နှင့်ထိမ်းမြားလက်ထပ်ခဲ့သော အမေရိကန် ရုပ်ရှင်မင်းသမီး ဂရေ့စ်ကယ်လီ၏ ကလေးဘ၀နေအိမ် +++
ဂရေ့စ် ပက်ထရစ်ရှာ ကယ်လီသည် အမေရိကန် သရုပ်ဆောင်မင်းသမီးဖြစ်ပြီး ၁၉၂၉ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်တွင် မွေးဖွားကာ ၁၉၈၂ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်တွင် ကွယ်လွန်သည်။
မိုနာကို တော်ဝင်မင်းသား ရိန်နီယာ III နှင့် ၁၉၅၆ ခုနှစ်၊ ဧပြီလတွင် လက်ထပ်ကာ မိုနာကို တော်ဝင်မင်းသမီး ဖြစ်လာခဲ့သည်။
ဂရေ့စ် ကယ်လီသည် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ တွင် ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး ၁၉၅၄ ခုနှစ်တွင် ထုတ်လုပ်ခဲ့ သည် The Country Girl ဇာတ်ကားတွင် အကောင်းဆုံး ဇာတ်ဆောင်အဖြစ် အော်စကာဆု ရရှိခဲ့သည်။
ရိန်နီယာ III သည် မိုနာကိုနိုင်ငံကို ၅၆ နှစ်နီးပါး အုပ်ချုပ်သွားခဲ့ရာ ဥရောပသမိုင်းတွင် သက်တမ်းအကြာဆုံး ဘုရင်များတွင် တစ်ဦး အပါအ၀င်ဖြစ်ခဲ့သည်။
ဂရေ့စ် ကယ်လီသည် ကလေးဘ၀ကတည်းက နေထိုင်ခဲ့သည့် နေအိမ်တွင်ပင် မိုနာကိုတော်ဝင်မင်းသား၏ လက်ထပ်ရန် ကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်းဖြစ်ပြီး ၁၉၅၅ ခုနှစ်အတွင်း ဖြစ်သည်။
အဆိုပါနေအိမ်ကို ရိန်နီယာ III နှင့် ဂရေ့စ် ကယ်လီ တို့၏ သားတော် မိုနာကို တော်ဝင်မင်းသား အဲလ်ဘတ် (ယခု မိုနာကို ဘုရင်) က ၀ယ်ယူထိန်းသိမ်းခဲ့ရာ ကန်ဒေါ်လာ တစ်သန်းအောက် ဈေးနှုန်းဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ယင်းနေအိမ်သည် မိမိတို့ မိသားစုအတွက် အလွန် အရေးပါပြီး ဖျက်သိမ်းကာ အဆောက်အအုံသစ်ပြန်လည် ဆောက်လုပ်ခံရမည့်ဘေးမှ ကာကွယ်လိုက်နိုင်ခြင်းကြောင့် ပျော်ရွှင်မိကြောင်းလည်း အဲလ်ဘတ်က ပြောကြားခဲ့ဖူးသည်။
၁၉၃၅ ခုနှစ်တွင် ကယ်လီ၏ ဖခင် ဂျွန် ဘီ-ကယ်လီက ဆောက် လုပ်ခဲ့ခြင်းဖြစ်သည်။
ဂျွန်ဘီ-ကယ်လီသည် ၁၉၂၀ ပြည့်လွန်ကာလများ အတွင်း အိုလံပစ် ရွှေတံဆိပ်ဆု ၃ ကြိမ်ရရှိခဲ့သည့် လှေလှော် အားကစားသမားတစ်ဦးဖြစ်သည့်အပြင် အောင်မြင်သည့် လုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်သည်။
တော်ဝင်မင်းသမီး ဂရေ့စ်သည် ပြင်သစ်နိုင်ငံတွင် ကားမှောက်ရာမှ ရရှိသည့်ဒဏ်ရာများဖြင့် ၁၉၈၂ ခုနှစ်တွင် ကွယ်လွန်သွားရာ ကွယ်လွန်ချိန်၌ အသက် ၅၂ နှစ်သာ ရှိသေးသည်။
+++ ဒရေ့ကင်စတိန်း ရဲတိုက် Drakensteyn Castle +++
နယ်သာလန်နိုင်ငံ၊ ဘန်းအရပ်တွင် တည်ရှိသည့် ဒရေ့ကင်စတိန်းရဲတိုက်မှာ နယ်သာလန်မင်းသမီး ဘီထရစ်ဇ် ၏ သီးသန့်စံအိမ်တော်အဖြစ် အသုံးပြုခဲ့သည့်နေရာဖြစ်သည်။
မင်းသမီး ဘီထရစ်ဇ်သည် အဆိုပါရဲတိုက်ကို ၁၉၅၉ ခုနှစ် တွင် ၀ယ်ယူခဲ့ပြီး မွမ်းမံမှုများ ကာလအတန်ကြာပြုလုပ်ခဲ့ပြီး နောက် ၁၉၆၃ ခုနှစ်တွင် စတင်နေထိုင်ခဲ့သည်။ မင်းသား ကလော့စ်နှင့် ၁၉၆၆ ခုနှစ်တွင် လက်ထပ်ခဲ့ပြီးနောက်ပိုင်းတွင် လည်း ဆက်လက်နေထိုင်ခဲ့ပြီး သားတော် သုံးဦးကိုလည်း အဆိုပါ ရဲတိုက်ကြီးတွင်ပင် မွေးဖွားခဲ့ခြင်းဖြစ်သည်။
၁၉၈၁ ပြည့်နှစ်တွင်မူ မိခင်ဖြစ်သူ ဂျူလီယန်နာ၏ အရိုက်အရာကို ဆက်ခံကာ နယ်သာလန်ဘုရင်မကြီးဖြစ်လာ ပြီးနောက် အဆိုပါရဲတိုက်မှ ထွက်ခွာကာ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့သို့ ပြောင်းရွှေ့ခဲ့သည်။
၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၈ ရက်တွင်မူ ဘီထရစ်ဇ် က ထိုနှစ်ကုန်ပိုင်းတွင် နန်းစွန့်လျှင် ရဲတိုက်ကြီးတွင် ပြန်လည် နေထိုင်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
ရှစ်ထောင့်သဏ္ဌာန်ရဲတိုက်ကြီးကို ၁၆၄၀ ပြည့်နှစ်မှ ၁၆၄၃ ခုနှစ်အကြား ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကျုံးတစ်ခုဖြင့် ၀န်းပတ်ထားကာ ရဲတိုက်သို့သွားရန် တံတားတစ်စင်း ဆက်သွယ် ပေးထားသည်။
ဘုရင်မကြီး ဘီထရစ်ဇ်သည် ထီးနန်းစွန့်ခဲ့ပြီး မင်းသမီး တစ်ပါးအဆင့်အတန်းဖြင့်သာ ဆက်လက်နေထိုင်လျက်ရှိပြီး ၀န်ထမ်းများနှင့် အထွေထွေသုံးရန်အတွက် လစာငွေ ယူရို ၄၆၆၀၀၀ ရရှိထားသည်။
ဒရေ့ကင်စတိန်းရဲတိုက်ကြီးအပါအ၀င် ကန်ဒေါ်လာ ၁၆၁ သန်းခန့် ချမ်းသာကြွယ်ဝသည်ဟု ခန့်မှန်းထားသည်။
+++ ဆန်ဒရင်းဟမ် စံအိမ် Sandringham House +++
ဆန်ဒရင်းဟမ် စံအိမ်တော်ကို ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက် က ပိုင်ဆိုင်ထားပြီး ကျေးလက်ဒေသတွင် အပန်းဖြေရန်နေရာအဖြစ် ဘုရင်မကြီးက အလွန်နှစ်ခြိုက်သည် ဟု ဆိုသည်။
ဗြိတိန်တော်ဝင်မိသားစုတို့ ပိုင်ဆိုင်သည့်စံအိမ်အဖြစ် ၁၈၆၂ ခုနှစ်မှ စတင်ကာ မျိုးဆက်လေးဆက်ကြာ ပိုင်ဆိုင်ထား ခဲ့ခြင်းဖြစ်ပြီး ရင်သပ်ရှုမောဖွယ် ပန်းဥယျာဉ်များ အပါအ၀င် မြေအကျယ်အ၀န်း ၂၄ ဟက်တာခန့် ရှိသည်။
ဘုရင်မကြီးသည် ခရစ်္စမတ်ကာလများတွင် တော်ဝင်မိသားစု နှင့်အတူ ဆန်ဒရင်းဟမ်စံအိမ်တွင် ဖြတ်သန်းလေ့ရှိသည်။
ဆန်ဒရင်းဟမ် စံအိမ်တော်ဝန်းကြီးအတွင်း အခြား စံအိမ်များလည်း တည်ရှိနေရာ ယောက်ခ်စံအိမ်၊ ပါ့ခ်စံအိမ် (ဝေလမင်းသမီး ဒိုင်ယာနာ မွေးဖွားခဲ့ရာနေရာ)၊ အန်မာစံအိမ် နှင့် ၀ုဒ်စံအိမ်တို့ဖြစ်ပြီး ၀ုဒ်စံအိမ်ကိုမူ တော်ဝင်မိသားစုထံ လာရောက်လည်ပတ်သော မိတ်ဆွေများ တည်းခိုရန် နေရာအဖြစ် အသုံးပြုလေ့ရှိခဲ့သည်။
+++ အိုမန်ဘုရင်၏ ကန်ဒေါ်လာ သန်း ၃၀၀ တန် ရွက်လှေ Al Said Luxury Yacht +++
အိုမန်ဘုရင်သည် စတီး၊ အလူမီနီယံတို့ဖြင့် တည် ဆောက်ထားသည့် တန်ဖိုးကြီးဇိမ်ခံရွက်လှေကြီးတစ်စင်း ပိုင်ဆိုင် ထားပြီး ကာလတန်ကြေးအားဖြင့် ကန်ဒေါ်လာ သန်း ၃၀၀ ခန့် တန်ကြေးရှိသည်ဟု ဆိုသည်။
ရွက်လှေကြီးတွင် အခန်းပေါင်း ၃၀ ပါဝင်ပြီး ဧည့်သည် ပေါင်း ၆၅ ခန့် နားနေလိုက်ပါနိုင်ပြီး ရွက်လှေကြီး၏ သင်္ဘော သားအမှုထမ်း ၁၄၀ ခန့်မှာမူ လှေဝမ်းအနိမ့်ပိုင်းရှိ အခန်းပေါင်း ၇၀ တွင် နေထိုင်နိုင်သည်။
အရွယ်အစားအားဖြင့်ဆိုရလျှင် ကမ္ဘာပေါ်တွင် အကြီး မားဆုံးရွက်လှေကြီးများတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး အနောက် ဘက်တွင် ရဟတ်ယာဉ်ဆင်းသက်နိုင်သည့် ရဟတ်ယာဉ်ကွင်း တစ်ခုလည်း ပါဝင်သည်။
အဆိုပါရွက်လှေကြီးကို အယ်လ်ဆက်ဒ်တော်ဝင် ရွက်လှေဟု အမည်ပေးထားပြီး အများအားဖြင့် အိုမန်နိုင်ငံ ၏မြို့တော်၊ မတ်စ်ကက်ထ်အနီးရှိ ဆူလ်တန် ကာဘူးစ်ဆိပ်ကမ်း တွင် ဆိုက်ကပ်ထားလေ့ရှိသည်။
အယ်လ်ဆက်ဒ်ရွက်လှေကြီးဖြင့် အိုမန်ဘုရင်ခရီးသွား လာလျှင် အိုမန်ရေတပ်က အမြဲလိုက်ပါစောင့်ရှောက်ရသည်။
+++ လန်ကက်စ်တာမြို့စားပိုင်နက် The Duchy of Lancaster +++
လန်ကက်စ်တာမြို့စားပိုင်နက်ဟု အမည်ပေးထား သော စံအိမ်တော်ဝန်းကြီးသည် အလွန်အမင်းကျယ်ဝန်းလှပြီး အိမ်ခြံမြေများစွာ ပါဝင်ကာ လက်ရှိ ဘုရင်မကြီး အဲလစ်ဇဘက် II က ပိုင်ဆိုင်ထားသည်။
မြေဧကပေါင်း ၄၅၅၅၀ ခန့်အထိ ကျယ်ပြန့်လှပြီး ကျေးလက်အိမ်များ၊ ယာတောများ၊ မြို့ပြဟန်ဆောက်လုပ်ထား မှုများ၊ သမိုင်းဝင်အဆောက်အအုံများ ပါဝင်သည်။
အင်္ဂလန်နှင့် ဝေလပြည်တို့အကြားဖြန့်ကျက်တည် ရှိပြီး အတိအကျအားဖြင့် ချက်စ်ရှိုင်းယား၊ စတက်ဖို့ဒ်ရှိုင်းယား နှင့် ဒါဘီရှိုင်းယားတို့ ပါဝင်သည်။
၂၀၁၅ ခုနှစ် တန်ဖိုးအရ အဆိုပါဝန်းကြီးသည် ပေါင် ၄၇၂ သန်းခန့် တန်ကြေးရှိခဲ့သည်။
လန်ကက်စ်တာရဲတိုက်၊ ဘိုလင်းဘရုတ်ခ်ရဲတိုက်၊ ဂို့သ်လန်းစံအိမ်၊ ပစ်ကားရင်းရဲတိုက်နှင့် ဆဗွိုင်းစံအိမ်တော်တို့ ပါဝင်သည်။
၁၉၅၂ ခုနှစ်က ယင်းမြေဧရိယာအတွက် တစ်နှစ် လျှင် ပေါင် ၁၀၀၀၀၀ ခန့် အခွန်ဆောင်ခဲ့ရပြီး ၂၀၀၀ ပြည့်နှစ် တွင် ပေါင် ၅ ဒသမ ၃ သန်းအထိ အလွန်အမင်းမြင့်တက်သွား ကာ ၂၀၁၇ ခုနှစ်တွင်ကား ၁၉ ဒသမ ၂ သန်းအထိပင် ရောက် ရှိသွားခဲ့သည်။
+++ ဒူဘိုင်းစော်ဘွား၏ ဘဏ္ဍာငွေ Abu Dhabi Investment Authority +++
ဒူဘိုင်းစော်ဘွား ဟာမက် ဘင် ဇာယက်ဒ် အယ်လ် နာယန်သည် အာရပ်စော်ဘွားများပြည်ထောင်စုတွင် အချမ်းသာ ဆုံး တော်ဝင်မျိုးနွှယ်များ၌ တစ်ဦးအပါအ၀င်ဖြစ်သည်။
ဒူဘိုင်းစော်ဘွားပိုင် “အဘူဒါဘီရင်းနှီးမြှုပ်နှံမှု အာဏာ ပိုင်အဖွဲ့ -ADIA ” သည် အာရပ်စော်ဘွားများပြည်ထောင်စု တစ်ဝန်း အရေးပါသည့် စီမံကိန်းကြီးများစွာတွင် ရင်းနှီးမြှုပ်နှံ မှုများ ပြုလုပ်လျက်ရှိသည်။ ADIA ၏ ပိုင်ဆိုင်မှုအရပ်ရပ် မည်မျှရှိသည်ကို တရားဝင်ထုတ်ဖော် ကြေညာခဲ့ခြင်းမျိုး မရှိ သော်လည်း အချို့ခန့်မှန်းချက်များအရ ကန်ဒေါ်လာ ၈၀၀ ဘီလီယံမှ ၈၇၅ ဘီလီယံအကြား ရှိနိုင်သည်ဟု ခန့်မှန်းကြ သည်။
ADIA သည် လန်ဒန်၊ အမေရိကန်ပြည်ထောင်စု နှင့် အရှေ့အလယ်ပိုင်းဒေသတို့ အပါအ၀င် ကမ်္ဘာတစ်ဝန်း တွင် အိမ်ခြံမြေအကြီးမားဆုံး ၀ယ်ယူသူများတွင် အပါအ၀င် ဖြစ်သည်။
ကမ္ဘာတစ်ဝန်းတွင် ရင်းနှီးမြှုပ်နှံထားမှုအရပ်ရပ်မှာ ကန်ဒေါ်လာ ၂ ဒသမ ၅ ထရီလီယံဖိုးအထိရှိနိုင်ကြောင်း ခန့်မှန်းကြသည်။
+++ ဗီလာရော့က ဒေ ဒရာဂိုးနီ စံအိမ် Villa Rocco dei Dragoni +++
နယ်သာလန်မင်းသမီး ဘီထရစ်ဇ်နှင့် မင်းသား ကလော့စ်တို့က ၎င်းင်းတို့၏ သားတော် ၃ ပါးအတွက် ၁၉၇၅ ခုနှစ်တွင် ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။
ဖလောရင့်စ်နှင့် ဆီနာအကြား ရောမသို့သွားသည့် လမ်းမကြီးပေါ်တွင် တည်ရှိသည့် တာဗာနယ်လီကျေးရွာ ကလေးတွင် တည်ရှိသည်။
မူလပိုင်ရှင်မှာ မြို့စားကြီး ဒီ ဗီစီနီဖြစ်ပြီး ဗီစီနီသည် အနီးဝန်းကျင်တွင် မြေဟက်တာပေါင်း ၆၀၀ ခန့်ပိုင်ဆိုင်ထား ကာ သံလွင်ပင်များ စိုက်ပျိုးထားသည်။
စံအိမ်ကြီး၏ ကာလပေါက်ဈေးမည်မျှရှိသည်ကို မသိရသည့်အပြင် အတွင်းပိုင်းမြင်ကွင်းဓာတ်ပုံများလည်း ယနေ့ချိန်ထိ မရှိသေးချေ။
+++ လေတန်စတိုင်း နန်းတော် Palace of Liechtenstein +++
လေတန်စတိုင်းနန်းတော်သည် သြစထရီးယားနိုင်ငံ၊ ဗီယန်နာမြို့တော်အတွင်းတွင် တည်ရှိပြီး တော်ဝင်မိသားစု တို့ ပိုင်ဆိုင်သည့် နန်းတော် ၂ ခုအနက် တစ်ခုလည်း ဖြစ် သည်။
၁၆၉၂ ခုနှစ်မှ ၁၇၀၅ ခုနှစ်အကြား တည်ဆောက်ခဲ့ ခြင်းဖြစ်ပြီး ဒုတိယကမ်္ဘာစစ်ကြီးအတွင်း နန်းတော်အနီးတွင် ဗုံးများ ကျရောက်ပေါက်ကွဲသော်လည်း နန်းတော်မှာမူ ကံကောင်း ထောက်မစွာဖြင့် ဗုံးဒဏ်မှ လွတ်ကင်းခဲ့သည်။
၂၀၁၃ ခုနှစ်တွင် အကြီးမားပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့ပြီး ယနေ့တိုင်အောင် တော်ဝင်မိသားစုတို့၏ သီးသန့် စံအိမ်တော်အဖြစ် အသုံးပြုနေဆဲဖြစ်သည်။
ထို့အပြင် ၁၉ ရာစု အနုပညာလက်ရာများလည်း စုစည်းပြသထားသည်။ လက်ရှိပိုင်ဆိုင်ထားသူမှာ လေတန် စတိုင်းမင်းသား ဟန်စ်-အဒမ် II ဖြစ်ပြီး ၎င်း၏ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံခန့်ရှိမည်ဟု ခန့်မှန်းထား သည်။
၎င်းင်းတို့မိသားစု၏ ချမ်းသာကြွယ်ဝမှုမှာ အလွန်ကြီး မားလှကာ မိသားစုပိုင်ဘဏ်တစ်ခု၊ နယ်ပယ်ကျယ်ပြန့်သော ရင်းနှီးမြှုပ်နှံမှုများ၊ အခြားနန်းတော်များစွာ၊ မြေယာများစွာနှင့် နှစ်ပေါင်း ၄၀၀ သက်တမ်းအထိရှိသော အနုပညာလက်ရာ များ စုဆောင်းပိုင်ဆိုင်ထားသည်။
အိအိအေးအောင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com