မြေဧက ၂၀၀၀ ကျော်ပေါ်တွင် ကနဦးမတည်ငွေ ကျပ်ဘီလျံ ၅၀၀ ရင်းနှီးမြှုပ်နှံ အကောင်အထည်ဖော်မည့် အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းကို ၂၀၁၇ ခုနှစ်ကုန်ပိုင်းက စတင်ခဲ့သော်လည်း လက်ရှိတွင် Pilot Project အဖြစ် ဧက ၄၀ ပေါ်တွင်သာ သဲဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မန္တလေးမြို့ အမရပူရမြို့နယ် ရှမ်းလေးကျွန်း ဧရိယာဝန်းကျင် မြေဧက ၂၀၀၀ ပေါ်တွင် အကောင်အထည်ဖော်မည့် အမရပူရ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းမှာ ယခင်အစိုးရချုပ်ဆိုခဲ့သည့် စာချုပ်အရ လက်ရှိအစိုးရလက်ထက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ သေချာစိစစ်ပြီး ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့ပြီး စီမံကိန်းဆောက်လုပ် အကောင်အထည်ဖော်မည့် MBCCD (Mandalay Business Capital City) ကုမ္ပဏီမှာ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကာ လက်ရှိတွင် အမရပူရမြို့ပြဖွံ့ဖြိုးမှု အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဖွဲ့စည်းတည်ထောင်ပြီးဖြစ်ကြောင်း သိရသည်။
၂၀၁၆ ခုနှစ် ဇွန်လပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သဘောတူညီချက် လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့သည့် အမရပူရ ဖွံ့ဖြိုးရေးစီမံကိန်းမှာ အပိုင်း (၇) ပိုင်းပါဝင်ကာ စီမံကိန်းကာလ ၁၀ နှစ် ကြာမြင့်မည်ဖြစ်ပြီး လက်ရှိတွင် စီမံကိန်း စတင်အကောင်အထည်ဖော်နိုင်ရန် မြေဧရိယာများ လိုက်လံဝယ်ယူခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုစစ်တမ်းများကို နိုင်ငံတကာပညာရှင်များဖြင့် လိုက်လံကောက်ယူခြင်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အပြင် သုတေသနအချက်အလက်များကိုလည်း အစိုးရသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
“အမရပူရရဲ့ အဓိကရိုးရာထွက်ကုန် တစ်မျိုးဖြစ်တဲ့ ပိုးထည်ချည်ထည် လုပ်ငန်းဇုန်တစ်ခု ပါဝင်မယ်။ အရောင်းအ၀ယ် စီးပွားရေးဇုန်ပါမယ်။ ကုန်စည်စီးဆင်းမှုအတွက် ဆိပ်ကမ်းတစ်ခု၊ ဟိုတယ်ဇုန်၊ စားသောက်ဆိုင်ဇုန်တွေနဲ့ လုံးချင်းအိမ်ရာတွေပါမယ်။ ပြီးတော့ ပညာရေးဇုန်တွေဖြစ်တဲ့ ကိုယ်ပိုင်ကျောင်းတွေ၊ အသက်မွေးဝမ်းကျောင်းတွေ၊ နိုင်ငံတကာကျောင်းတွေအပြင် ဆေးရုံတွေပါဝင်ပါမယ်။ စီမံကိန်းအနေနဲ့ ဇုန်ခုနစ်ဇုန် အပိုင်း (၇) ပိုင်းနဲ့ အကောင်အထည်ဖော်သွားမှာဖြစ်ပြီး မြေယာဝယ်ယူထားမှုက ၆၅ ရာခိုင်နှုန်းလောက် ရရှိထားပါပြီ။ ပြောရရင် ဒီဇုန်တွေမှာ စက်ရုံလုပ်ငန်းတွေ ပါဝင်မှာမဟုတ်ပါဘူး။ ပြီးတော့ ဒီစီမံကိန်းတစ်ခုလုံးရဲ့ မြေဧရိယာတွေဟာ သိမ်းဆည်းတာမျိုးမဟုတ်ဘဲ အားလုံးကို ၀ယ်ယူအကောင်အထည်ဖော်တာ ဖြစ်ပါတယ်” ဟု စီမံကိန်းမှ သတင်းပြန်ကြားရေးတာဝန်ခံ ဦးဇော်ရဲဝင်းက ပြောကြားသည်။
“တချို့ပုဂ္ဂလိကပိုင်ဖြစ်တဲ့ မြေဧကတွေနဲ့ နှစ်စဉ်ပေါ်ထွက်လာတဲ့ မြေနုကျွန်းတချို့ကိုတော့ သက်ဆိုင်ရာကျေးရွာနဲ့ ညှိနှိုင်းနေရတာတွေ ရှိပါတယ်။ မြေနုကျွန်းတွေက စီမံကိန်းဧရိယာထဲပါပေမယ့် လုပ်ကိုင်ခွင့်ရှိတာမျိုးနဲ့ ပုံစံ (၁၁) ပိုင်ဆိုင်ပြီးသားတွေရှိကြတယ်။ အဲဒီလိုမြေတွေလည်း အတိုင်းအတာတစ်ခုအထိ ၀ယ်ယူထားပြီးပါပြီ။ အဲဒီလို မြေယာပိုင်ဆိုင်မှုတွေ တိုးတက်လာပေမယ့် လုပ်ဆောင်မှုအပိုင်းမှာတော့ ဧက ၄၀ လောက်မှာ Pilot Project အနေနဲ့ သဲဖို့ထားပြီး Ground Improvement လုပ်ပါမယ်။ ပြီးရင်တော့ လျာထားချက်အတိုင်း အဆောက်အအုံတွေ ဆောက်လုပ်သွားမှာပါ” ဟု သတင်းပြန်ကြားရေး တာဝန်ခံ ဦးဇော်ရဲဝင်းက ပြောကြားသည်။
“အမရပူရမြို့ပြစီမံကိန်းဟာ သယံဇာတတွေ ထုတ်ယူသွားမယ့် လုပ်ငန်းတွေလို လုပ်ငန်းအမျိုးအစားတွေထဲမှာ မပါဝင်ပါဘူး။ အဆောက်အအုံတွေ၊ လမ်းတွေ၊ တံတားတွေ ဟာသယံဇာတတွေလို ဘယ်လိုမှသယ်သွားလို့မရပါဘူး။ ဒီမြေ ဒီဒေသမှာပဲ တည်ရှိနေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ စကားနည်းနည်းပြောပြီး မြေပြင်ဖွံ့ဖြိုးမှုလုပ်ငန်းတွေကို အမြန်ဆုံးနဲ့ အကောင်းဆုံး လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု MBCCD ကုမ္ပဏီ ဥက္ကဋ္ဌ ဦးမောင်ဝိတ်က ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်းက ပြုလုပ်သည့် ရွှေဂဲရေဆိုးစွန့် စက်ရုံတည်ဆောက်လှူဒါန်းပွဲတွင် ပြောကြားခဲ့သည်။
လက်ရှိတွင် စီမံကိန်းဧရိယာတွင် ပါဝင်ဖောက်လုပ်မည့် ရှစ်လမ်းသွားကမ်းနားလမ်း (မြို့ပတ်လမ်း) အနေဖြင့်လည်း လမ်းပိုင်း ဒီဇိုင်းရေးဆွဲနေပြီဖြစ်သော်လည်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဒီဇိုင်းအချောသတ် အတည်ပြုမှုအတွက် ညှိနှိုင်းနေဆဲဖြစ်၍ စတင်ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
Credit: Eleven Media Group