ရုန်းကန်နေရတဲ့ ပရိဘောဂဈေးကွက်

ရုန်းကန်နေရတဲ့ ပရိဘောဂဈေးကွက် - Property News in Myanmar from iMyanmarHouse.com
26 Apr 2018 11:53 am တွင် တင်ခဲ့သည်
5987 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံရဲ့ ပရိဘောဂဈေးကွက်ထဲမှာ ကျွန်းသစ်အပြင် အခြားသစ်တွေကို အခြေခံပြီး ပြုလုပ်ထားတဲ့ ပရိဘောဂပစ္စည်းတွေဟာ ဈေးကြီးလွန်းပြီး သူ့ရဲ့ဒီဇိုင်း၊ လက်ရာတွေဟာ ခေတ်ရေစီးကြောင်းအရ ဘယ်လိုမှအဆင်မပြေတော့ တဲ့အတွက် သုံးစွဲသူတွေက စိတ်ဝင်စားမှုနည်းလာကြတာကို ဈေးကွက်အတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီနေရာမှာ နိုင်ငံခြားကနေ တင်သွင်းတဲ့ ကြိတ်သားနဲ့ ပလတ်စတစ် အပါအဝင် အခြားစက်မှုထုတ်ကုန်သုံး ပရိဘောဂပစ္စည်းတွေက အရှိန်အဟုန်နဲ့နေရာယူလာတာကိုလည်း တွေ့မြင်ရပါတယ်။

မြန်မာပြည်ရဲ့ ပရိဘောဂပစ္စည်းတွေ နိုင်ငံခြားတင်ပို့နိုင်မှုက အောက်ဆုံး မှာရှိနေပေမဲ့ ပြည်ပကနေတင်သွင်းတဲ့တန်ဖိုးကတော့ တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ဖိုးလောက် တင်သွင်းနေရတယ်လို့ မြန်မာနိုင်ငံ ပရိဘောဂ လုပ်ငန်းရှင်များအသင်းဥက္ကဠ ဦးကျော်ကျော်ဝင်းက ပြောပါတယ်။

''နိုင်ငံရဲ့စီးပွားရေး ကျဆင်းနေတဲ့အတွက်ကြောင့် ပရိဘောဂဈေးကွက် ဟာလည်း ကျဆင်းနေပါတယ်။ မသုံးမဖြစ်လို့ သုံးရတဲ့ပစ္စည်းတွေလောက်ပဲ အရောင်းအဝယ်ဖြစ်နေပြီး အများဆုံးကတော့ ရုံးသုံးပရိဘောဂပစ္စည်းတွေပဲ ရောင်းရတယ်''လို့ ဦးကျော်ကျော်ဝင်းက ဆိုပါတယ်။

အရင်ကတော့ ကျွန်းသစ်တွေဟာ ဈေးကွက်ထဲမှာ ပေါများလွန်းတာကြောင့် သူနဲ့ဆက်စပ်တဲ့ ပစ္စည်းတွေကို အလွယ်တကူပေါများစွာ ဝယ်ယူနိုင်ခဲ့ပေမဲ့ လက်ရှိအစိုးရလက်ထက်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်သလိုနဲ့ တရားမဝင်သစ်တွေကိုလည်း ပိုဖမ်းဆီးလာတာကြောင့် ကျွန်းသစ်တန်ဖိုး အရမ်းများလာပြီး ပရိဘောဂတွေကလည်း အဆမတန် ဈေးကြီးမြင့်လာရတာ ဖြစ်တယ်လို့ ၄င်းကဆိုပါတယ်။

''မှောင်ခိုဈေးကွက်ရှိနေတဲ့အတွက် မြန်မာနိုင်ငံမှာ ကျွန်းသစ်ရဲ့တန်ဖိုးက တန်ဖိုးအမှန်မရှိဘူး။ နိုင်ငံတကာပေါက်ဈေးနဲ့ ယှဉ်လိုက်ရင် အရမ်းနည်းနေ တယ်။ ဒီလိုဈေးအရမ်းနည်းတဲ့ ကျွန်းသစ်တွေနဲ့ပဲ ပရိဘောဂတွေကို ထုတ်လုပ်နေရတာလည်း နှစ်ပေါင်းများစွာကြာပြီ။ နိုင်ငံခြားကို တင်ပို့တဲ့သူတွေကျတော့ မြန်မာ့သစ်လုပ်ငန်းရဲ့ တရားဝင်စာချုပ်စာတမ်းနဲ့ သွားတဲ့အတွက် နိုင်ငံတကာပေါက်ဈေးအတိုင်း တင်ပို့လို့ရတယ်''လို့ ဦးကျော်ကျော်ဝင်းက ဆိုပါတယ်။

သစ်ကိုအခြေခံပြီးပြုလုပ်ထားတဲ့ ပရိဘောဂတွေကို နိုင်ငံခြားကို တင်ပို့တဲ့အခါ မြန်မာ့သစ်လုပ်ငန်းရဲ့ ဥပဒေအရ တရားဝင်ရောင်းဝယ်ထားတဲ့ သစ်တွေနဲ့ပြုလုပ်ထားတဲ့ပစ္စည်းတွေကိုသာ တင်ပို့ခွင့်ရတဲ့အတွက် ဈေးကွက်ထဲမှာရှိနေတဲ့ တရားမဝင်သစ်တွေနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေက တင်ပို့လို့မရနိုင်တာ ဖြစ်ပါတယ်။

တရားမဝင်သစ်တွေနဲ့ ရပ်တည်နေရတဲ့ ပရိဘောဂဈေးကွက်ဟာလည်း ခိုင်မာမှုမရှိရုံသာမက တိုးတက်လာမှုလည်းမရှိတဲ့အပြင် ဒီလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေက လုပ်ငန်းဖြစ်ရုံလောက်ပဲ လုပ်ကိုင်နေတာကို တွေ့ရတယ် လို့လည်း ဦးကျော်ကျော်ဝင်းက ဆိုပါတယ်။

ပြည်တွင်းဈေးကွက်ထဲမှာတော့ သစ်တောအုပ်ချုပ်မှုအောက်မှာမရှိတဲ့သစ်တွေဖြစ်တဲ့ ရော်ဘာသားနဲ့ပြုလုပ်တဲ့ ပစ္စည်းတွေဟာ လတ်တလောဈေးကွက် ထဲမှာ အသုံးတွင်ကျယ်လာတယ်လို့ ဆိုပါတယ်။ အိမ်သုံးအနေနဲ့ တွင်တွင်ကျယ်ကျယ်သုံးတာမျိုး မရှိသေးပေမဲ့ စီးပွားရေးလုပ်ငန်းသုံးတွေဖြစ်တဲ့ ကော်ဖီဆိုင်၊ စားသောက်ဆိုင်နဲ့ ဟိုတယ်တွေမှာ ရော်ဘာသစ်နဲ့လုပ်တဲ့ ပရိဘောဂတွေ အများအပြား အသုံးပြုလာကြတယ်လို့ ဦးကျော်ကျော်ဝင်းက ဆိုပါတယ်။

''နိုင်ငံခြားကို တင်ပို့ရောင်းချနိုင်လောက်တဲ့ ဒီဇိုင်းတွေ၊ လက်ရာတွေမရှိဘူး။ ထုတ်လုပ်သုံးစွဲနေတဲ့ စက်တွေကလည်းပဲ ဒီလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင် မှန်မှန်ကန်ကန် ရင်းနှီးမြှုပ်နှံမှုလုပ်ထားတဲ့ စက်တွေမဟုတ်တဲ့အတွက် ပရိဘောဂလုပ်တဲ့စက်တွေက မပြည့်စုံဘူး။ ဒါကြောင့်လည်း ကောင်းမွန်ပြီး အရည်အသွေးပြည့်ဝတဲ့ ပရိဘောဂတွေမရဘူး''လို့ ဦးကျော်ကျော်ဝင်းက ပြောပါတယ်။

နောက်ထပ် နိုင်ငံခြားတင်ပို့ဖို့ အားနည်းချက်တစ်ခုကတော့ ဈေးကွက် မရှိခြင်းပဲဖြစ်ပါတယ်။ ဘယ်နိုင်ငံကို ဘယ်လိုပစ္စည်းမျိုး၊ ဘယ်လိုထုတ်ကုန်မျိုး တင်ပို့မယ်ဆိုတဲ့ ဈေးကွက်မရှိတဲ့အတွက် နိုင်ငံခြားကို တင်ပို့နိုင်မှုက သုညရာခိုင်နှုန်းနီးပါး ရှိနေတာဖြစ်တယ်လို့ ဦးကျော်ကျော်ဝင်းက ဆိုပါတယ်။

ကျွန်းနဲ့လုပ်တဲ့ ပရိဘောဂတွေဖြစ်နေပေမဲ့ ပစ္စည်းအရည်အသွေးမကောင်း တာရယ် ဒီဇိုင်း၊ လက်ရာမကောင်းတာရယ်ကြောင့် ဈေးကြီးနေပေမဲ့ ပြည်ပကတင်သွင်းတဲ့ ပစ္စည်းတွေလောက် ဈေးကွက်မတွင်ကျယ်ဘူးလို့ ပရိဘောဂအဟောင်း ရောင်းဝယ်ပြုပြင်ရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ ဦးတင်မျိုးက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

''ကျွန်းနဲ့လုပ်ထားတဲ့ ပစ္စည်းတွေက ရွှေ့ပြောင်းရလည်းခက်တယ်။ နေရာချရတာလည်း မလွယ်ကူတဲ့အတွက်ကြောင့် အိမ်ပြောင်းတာနဲ့ ရတဲ့ဈေးနဲ့ ရောင်းထုတ်ကြတာ များတယ်။ အသစ်ဝယ်ရင်တော့ အဆမတန်ဈေးကြီးပေမဲ့အဟောင်းဈေးကွက်ထဲမှာတော့ အရောင်းအဝယ်ကောင်းနေပါတယ်'' လို့ ဦးတင်မျိုးက ဆိုပါတယ်။

ပရိဘောဂတွေရဲ့တန်ဖိုးတွေဟာလည်း အဆမတန်ကြီးမြင့်လာတဲ့အထဲမှာ ကုန်ကြမ်းဈေးကြီးခြင်း၊ လုပ်သားခဈေးကြီးမြင့်ခြင်းနဲ့ ခင်းကျင်းရောင်းချမယ့် အဆောက်အအုံငှားရမ်းခတွေ ဈေးကြီးမြင့်တာတွေကလည်း အဲဒီနောက်ကွယ်က အကြောင်းရင်းလို့ ဆိုပါတယ်။

ရန်ကုန်မြို့ထဲမှာ ဆိုင်ခန်းခင်းကျင်းပြီး ရောင်းချမယ်ဆိုရင် ဆိုဖာဆက်တီ တစ်ဆက်စာလောက် ခင်းကျင်းဖို့အတွက် တစ်လကို ငွေကျပ်နှစ်သိန်းလောက် ဆိုင်ခန်းခ ကုန်ကျခံရတယ်လို့ ဦးတင်မျိုးက ဆိုပါတယ်။

ဆိုင်ခန်းခ တစ်လကို နှစ်သိန်းရင်းထားရတဲ့ ဒီပစ္စည်းတွေရဲ့ တန်ဖိုးဟာလည်း ဝယ်ယူသူနည်းပြီး ပစ္စည်းအရောင်းထိုင်းလာတာနဲ့အမျှ ဈေးတက်ဖို့ အလားအလာက ပိုများလာနေတာလို့ သူကရှင်းပြပါတယ်။

ဒီစရိတ်တွေကို လျှော့ချပေးနိုင်မယ့် နည်းလမ်းကတော့ အခုချိန်ထိမရှိသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ပရိဘောဂတွေကို ခင်းကျင်းရောင်းချနိုင် မယ့် ဆိုင်ခန်းတွေ ရှားပါးတာကြောင့်လို့ ဦးတင်မျိုးက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ပရိဘောဂပစ္စည်းဈေးကွက်အတွက် ပရိဘောဂစက်ရုံ တည်ထောင်ဖို့ လိုအပ်နေပေမဲ့ နေရာအဓိကလိုအပ်နေပြီး ပစ္စည်းဒီဇိုင်းတွေရယ် ထုတ်လုပ်ရောင်းချမယ့်ဈေးကွက်ရှိဖို့ရယ်က နောက်ထပ် အဓိကလိုအပ်နေတဲ့ အကြောင်းအရာတွေဖြစ်တယ်လို့လည်း ဦးကျော်ကျော်ဝင်းက ပြောပါတယ်။

''နိုင်ငံတကာမှာ ပရိဘောဂဝယ်ရင် ဒီဇိုင်းနဲ့ အရည်အသွေးကို အဓိကထားကြည့်ပြီး ဝယ်ကြတယ်။ ဒီမှာတော့ ဈေးအနည်းဆုံးကို ရွေးဝယ်တယ်။ ဝယ်သူတွေက အရည်အသွေးကို မကြည့်ကြတော့ ထုတ်လုပ်သူတွေအနေနဲ့ ဈေးကွက်တိုးချဲ့ဖို့ အခက်အခဲဖြစ်ရတယ်''လို့ ဦးကျော်ကျော်ဝင်းက ပြောပါတယ်။

မြန်မာ့ပရိဘောဂဈေးကွက်ထဲမှာ သစ်ကိုအခြေခံပြီးထုတ်လုပ်တဲ့ ပစ္စည်းတွေအပြင် ဝါး၊ ကြိမ် စတဲ့ပစ္စည်းတွေကို အခြေခံပြီးပြုလုပ်တဲ့ ပရိဘောဂတွေက လည်း ဈေးကွက်တစ်နေရာမှာ ရှိနေပါတယ်။ ဝါးကို အခြေခံပြီး ထုတ်လုပ်တဲ့ ပရိဘောဂပစ္စည်းတွေဖြစ်တဲ့ မီးအိမ်၊ တစ်သျှူးဘောက်စ်၊ မျက်နှာကြက် စသဖြင့်ပစ္စည်းတွေကို အိမ်သုံးထက် စီးပွားရေးလုပ်ငန်းသုံးဖြစ်တဲ့ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေမှာပဲ သုံးကြတယ်လို့ ဈေးကွက်ထဲက သတင်းရင်းမြစ်တချို့က ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ တတိယ ဝါးအများဆုံးထုတ်လုပ်နိုင်တဲ့နိုင်ငံဖြစ်ပေမဲ့ ဝါးကိုအခြေခံပြီး ပစ္စည်းထုတ်လုပ်နိုင်မှုနဲ့ ဝါးကနေရတဲ့ ဝင်ငွေကတော့ အိမ်နီးချင်းနိုင်ငံတွေထက် အလွန်အားနည်းနေပါတယ်။ ဒါဟာ နည်းပညာ၊ ဒီဇိုင်းတီထွင်နိုင်မှုနဲ့ လုပ်သားအားနည်းမှုကြောင့် ဖြစ်တယ်လို့ ဝါးလက်မှု ပညာရှင် ဦးဇော်လွင်ဦးက ပြောပါတယ်။

ဒါ့ပြင် ကိုယ်ပိုင်ဒီဇိုင်းတီထွင်ပြီး ထုတ်လုပ်ကြတဲ့သူတွေရှိပေမဲ့ ဒီဇိုင်းမူပိုင်ခွင့်လို ဥပဒေမျိုးတွေမရှိတာကြောင့် ပစ္စည်းပုံစံတူပေမဲ့ အရည်အသွေးနဲ့ ဈေးနှုန်းပိုနိမ့်တဲ့ ပစ္စည်းတုတွေ ထွက်ပေါ်လာတာကြောင့် ဆက်လက်လုပ်ကိုင် လိုစိတ် လျော့နည်းလာကြတယ်လို့လည်း ဦးဇော်လွင်ဦးက ဆိုပါတယ်။

''ဝါးလက်မှုလုပ်ငန်းကို ၁၉၉၆ ခုနှစ်က စတင်လုပ်ကိုင်ခဲ့တာဖြစ်ပေမဲ့အခုချိန်ထိ နည်းပညာတွေကတော့ လိုအပ်နေဆဲဖြစ်တယ်။ နိုင်ငံခြားကို တင်ပို့နိုင်ဖို့အတွက် ကျွန်တော်တို့ဘက်မှာ ပစ္စည်းအရည်အသွေးအတွက် အာမခံချက်တွေ လိုအပ်နေဆဲ ဖြစ်ပါတယ်''လို့ ဦးဇော်လွင်ဦးက ဆိုပါတယ်။

ဒီလိုထုတ်လုပ်နိုင်မှုမရှိခြင်းဟာလည်း ဝါးကိုအခြေခံပြီး ထုတ်လုပ်တဲ့ ပရိဘောဂဈေးကွက် မတွင်ကျယ်ခြင်း၊ နည်းပညာနဲ့ စက်ပစ္စည်းမရှိခြင်းနဲ့ ဝယ်ယူသူတွေအနေနဲ့ ဝါးကို သစ်နဲ့ ကြိမ်လောက် တန်ဖိုးမထားတာကြောင့် ထုတ်လုပ်နိုင်မှု နည်းပါးရခြင်းဖြစ်တယ်လို့လည်း ၄င်းကဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဝါးပင်ပေါက်ရောက်မှုဧရိယာဟာ များပြားပေမဲ့ နွေရာသီ တောမီးလောင်တာတွေ၊ ဝါးကို စနစ်တကျမခုတ်တာတွေကြောင့် နောက်ပိုင်းမှာ ဝါးတောတွေလည်း ပြုန်းတီးလာတာကို တွေ့ရတယ်လို့ ဦးဇော်လွင်ဦးကဆိုပါတယ်။ ဒီလိုဝါးတွေနည်းပါးလာပြီး သယ်ယူစရိတ်နဲ့ အလုပ်သမားခ များပြားတာကြောင့် ဝါးနဲ့လုပ်တဲ့ပစ္စည်းတွေကလည်း ဈေးကြီးတာဖြစ်ပါတယ်။

''လူတွေက ဝါးနဲ့လုပ်တာဆိုရင် အထင်မကြီးကြတော့တဲ့အထဲ ဈေးကကြီး နေတော့ ဈေးကွက် ပိုမတွင်ကျယ်ဘူးပေါ့။ နောက်ပိုင်းမှာတော့ သစ်တွေအစား အစားထိုးသုံးတာများလာရင် ဈေးကွက်တွင်ကျယ်လာဖို့တော့ မျှော်လင့်ရတာပေါ့''လို့ ဦးဇော်လွင်ဦးက ဆိုပါတယ်။

သူကတော့ ပုဂံမြို့မှာရှိတဲ့ သူ့ရဲ့အိမ်မှာ အလုပ်ခန်းဖွင့်ပြီး မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ ပြည်နယ်တော်တော်များများကို ဝါးနဲ့လုပ်တဲ့ပစ္စည်းတွေ ဖြန့်ဖြူးရောင်းချနေတဲ့သူပဲ ဖြစ်ပါတယ်။

ဝါးတစ်လုံးကို အိမ်အရောက် ပျမ်းမျှငွေကျပ် ၃,၅ဝဝ ပေးဆောင်ရပြီး အလုပ်သမားတစ်ယောက်အတွက် တစ်နေ့ လုပ်အားခ ငွေကျပ် ၇,ဝဝဝ ပေးရတယ်လို့ သူကဆိုပါတယ်။ ဘာပစ္စည်းမှ ထွက်မလာသေးခင် စိုက်ထားရတဲ့ အရင်းငွေဟာ များပြားလွန်းပြီး ထပ်မံအသုံးပြုရတဲ့ ဆေးပစ္စည်းတွေကလည်း အရည်အသွေးကောင်းကောင်း သုံးရင်သုံးသလောက် ဈေးကြီးတာကြောင့် ပစ္စည်းတန်ဖိုးကလည်း ကြီးနေရတာဖြစ်တယ်လို့ ဦးဇော်လွင်ဦးက ဆိုပါတယ်။

ဈေးကွက်ကို လေ့လာကြည့်တဲ့အခါ မြန်မာနိုင်ငံရဲ့ ပြည်တွင်းပရိဘောဂထုတ်ကုန်ပစ္စည်းတွေဟာ ကုန်ကြမ်းဈေးကြီးမှု၊ ဒီဇိုင်းအရည်အသွေး၊ လက်ရာညံ့ဖျင်းမှုနဲ့ နည်းပညာစက်ပစ္စည်းတွေ အားနည်းမှုတွေကြောင့် ရှိသင့်၊ ဖြစ်သင့်တဲ့ဈေးနှုန်းတွေထက် မြင့်မားနေပြီး ဝယ်ယူသူတွေ တတ်နိုင်တဲ့ဈေးကို ကျော်လွန်နေတယ်လို့ ဈေးကွက်သတင်းရင်းမြစ်တွေက မှတ်ချက်ပေးပါတယ်။

ဒါတွေကို ဖြေရှင်းနိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက မြန်မာနိုင်ငံ ပရိဘောဂလုပ်ငန်းရှင်များအသင်းနဲ့ တွေ့ဆုံပြီးပရိဘောဂစက်ရုံတည်ထောင်ကာ ပြည်တွင်းပြည်ပဈေးကွက် ပြန်လည်ဖွံ့ဖြိုးတိုးတက်လာဖို့ လုပ်ဆောင်မယ်လို့ မကြာသေးခင်က ဆွေးနွေးည§ိနှိုင်းထားတာ ရှိပါတယ်။

စက်ရုံတည်ထောင်ဖို့အတွက် အစိုးရက မြေနေရာထောက်ပံ့ပေးမှာ ဖြစ်ပြီးတော့ စီမံကိန်းအကောင်အထည် ပေါ်လာပါက မြန်မာနိုင်ငံရဲ့ ပရိဘောဂဈေးကွက်ဖွံ့ဖြိုးတိုးတက်လာရုံသာမက အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ ဦးကျော်ကျော်ဝင်းက ပြောပါတယ်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service