အင်္ဂလန်အနောက်တောင်ပိုင်း၊ အင်္ဂလိပ်ရေလက်ကြား ကမ်းခြေတွင် ဒေါ်ဆက်ခရိုင်တည်ရှိပြီး ဒေါ်ဆက်ခရိုင်၏ တောင်ပိုင်းတွင်ကား “တိုင်းနမ်” အမည်ရှိ ကျေးရွာကလေးတည်ရှိခဲ့ဖူးသည်။
အင်္ဂလန်တွင် ၁၁ ရာစုခန့်က ဝီလျံဘုရင် (King William the Conqueror) ၏ အမိန့်ဖြင့် ရေးသားပြုစုခဲ့သည့် လက်ရေးမူ စာအုပ်ကြီးတစ်ခုရှိသည်။
အင်္ဂလန်တစ်နိုင်ငံလုံးရှိ မြေကွက်များနှင့် တန်ဖိုးများကို မှတ်တမ်းတင်ထားသည့် မြေရာဇဝင်စာအုပ်ဖြစ်ပြီး Domesday Book ဟု အမည်ရသည်။
အဆိုပါစာအုပ်ကြီးအတွင်းတွင် တိုင်းနမ်ကျေးရွာကလေးနှင့် ပတ်သက်သည့်မှတ်တမ်းများ ပါဝင်ခြင်းကြောင့် ရှေးယခင်ကတည်းက တည်ရှိခဲ့သည့် ကျေးရွာဖြစ်သည်ဟု သိနိုင်သည်။
ဝီလျံဘုရင်၏ မြေရာဇဝင်စာအုပ်ကို အလယ်ခေတ်လက်တင်ဘာသာဖြင့် ရေးသားခဲ့ခြင်းဖြစ်ပြီး တိုင်းနမ်ဟူသည်မှာ ဆိတ်ခြံဟု အဓိပ္ပာယ်ရသည်။
နောက်ပိုင်း ရာစုနှစ်တစ်ခုခန့် ကြာမြင့်ချိန်တွင်ကား တီဟမ်ဟုသာ လူသိများတော့ပြီး ယင်းနောက်တဖန် တိုင်းနမ်ဟူသောအမည်ကို ပြန်လည်လူသုံးများလာပြန်သည်။
ထုံးကျောက်ဖြင့် ဆောက်လုပ်ထားသော စိန့်မေရီ ဘုရားကျောင်းမှာ ၁၃ ရာစုနှစ်ကတည်းက ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ဖြစ်သည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း ရွာသားအားလုံးနေအိမ်စွန့်ခွာခဲ့ကြရခြင်းဖြစ်ပြီး ယခုအခါ ၇၅ နှစ်ရှိခဲ့ပြီ ဖြစ်လေသည်။
တိုင်းနမ်ကျေးရွာနှင့် အနီးဝန်းကျင် ရွာသိမ်ရွာငယ်များအားလုံးကို ၁၉၄၃ ခုနှစ်တွင် ဗြိတိန်အစိုးရက ပြောင်းရွှေ့ဖယ်ရှားစေခဲ့ပြီး အဆိုပါမြေနေရာတွင် နာဇီဂျာမနီကို ထိုးစစ်ဆင်မည့် D-Day ကမ်းတက်တိုက်ပွဲကြီးအတွက် မဟာမိတ်တပ်များ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြသည်။
တိုင်းနမ်ကျေးရွာမှ နောက်ဆုံးရွှေ့ပြောင်းခဲ့သူမှာ ဟယ်လင်တေလာအမည်ရှိ အမျိုးသမီးကြီးဖြစ်ပြီး သူကကျေးရွာတွင်းရှိ ဘုရားကျောင်းတွင် စာရေးသားထားခဲ့ရာ ယနေ့တိုင်တွေ့ရှိနိုင်သေးသည်။
ဟယ်လင် တေလာရေးသားခဲ့သည်မှာ…
“ဘုရားကျောင်းနဲ့ အိမ်တွေကို ကျေးဇူးပြုပြီး ဂရုတစိုက်ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ပေးကြပါ။ စစ်ကြီးအနိုင်ရဖို့ ကျွန်မတို့ ဘိုးစဉ်ဘောင်ဆက်နေထိုင်ခဲ့ကြတဲ့ နေအိမ်တွေကို စွန့်လွှတ်ခဲ့ကြပါတယ်။ တစ်နေ့ကြရင် ကျွန်မတို့ ပြန်လာမှာပါ။ ရွာကလေးကို ကြင်ကြင်နာနာထိန်းသိမ်းပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု ဖြစ်လေသည်။
၁၉၄၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ရွာသားများကို သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မဟာမိတ်တပ်များ စစ်ရေးလေ့ကျင့်ကြမည် ဖြစ်သောကြောင့် ၂၈ ရက်အတွင်း ထွက်ခွာပေးကြရန် သတိပေးစာတွင် ဖော်ပြခဲ့သည်။
ကျေးရွာလေးကို နောက်ဆုံးကျောခိုင်းစွန့်ခွာခဲ့ကြသည့် ရွာသားများမှာ ၁၉၄၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်တွင် ထွက်ခွာခဲ့ကြခြင်းဖြစ်ပြီး တစ်ချိန်တွင် ဇာတိချက်မြှုပ်ရွာကလေးသို့ ပြန်လာကြမည်ဟူသော ယုံကြည်မျှော်လင့်ချက်များ ရင်ဝယ်ပွေ့ပိုက်ရင်း စွန့်ခွာခဲ့ကြခြင်း ဖြစ်၏။
ဝမ်းနည်းဖွယ်ကောင်းသည်မှာ ၎င်းတို့၏ မျှော်လင့်ခြင်းအိပ်မက် မည်သည့်အခါတွင်မျှ ဖြစ်မလာတော့ခြင်း ဖြစ်လေသည်။
ကျေးရွာသားများ စွန့်ခွာသွားကြပြီးနောက်ပိုင်း များစွာသောနှစ်ကာလများအတွင်း နေအိမ်များအားလုံးနီးပါး ယိုယွင်းပျက်စီး ပျောက်ကွယ်သွားခဲ့ကြပြီး ဘုရားကျောင်းနှင့် စာသင်ကျောင်းတို့သာလျှင် မူရင်းလက်ရာမပျက် တည်ရှိလေသည်။
စာသင်ကျောင်းအတွင်းတွင်မူ စားပွဲများပေါ်၌ ကျောင်းသင်ခန်းစာများ လက်စတန်းလန်းရှိနေပြီး လွန်ခဲ့သည့် တစ်မိနစ်ခန့်ကမှ ကလေးများ မုန့်စားကျောင်းဆင်းသွားဟန် ထင်မှတ်ရသည်။
ဘုရားကျောင်းတံခါးမကြီးပေါ်တွင် နှုတ်ဆက်စာနှင့် ရောက်ရှိလာမည့် စစ်သည်တို့ကို မေတ္တာရပ်ခံစာရေးသားခဲ့ပြီး ၇၅ နှစ်အကြာ ယနေ့အခါ အသက် ၉၂ နှစ်အရွယ်ရှိပြီဖြစ်သော အဘွားအို ဟယ်လင်တေလာက ပြောကြားရာတွင် ၎င်းအနေဖြင့် စစ်တပ်အပေါ် အငြိုးထား အမျက်ရှခြင်း မရှိကြောင်း ပြောကြားခဲ့သည်။
“ကျွန်မတို့တွေ စိတ်ထားကောင်းတွေနဲ့ပဲ ထွက်ခွာခဲ့ကြတယ်။ စစ်ပွဲကြီးအတွက် အကူအညီပေးဖို့ ငါတို့လုပ်နေကြတာပဲလို့ပဲ တွေးခဲ့ကြပါတယ်” ဟု အဘွားအိုတေလာက ဆိုသည်။
ယနေ့တိုင်ပင် အဆိုပါကျေးရွာမှာ စစ်တပ်က ပိုင်ဆိုင်ထားသည့်နေရာဖြစ်နေသည်။
သို့ရာတွင် သီတင်းပတ်ကုန် ရုံးပိတ်ရက်များနှင့် အခြားအစိုးရရုံးပိတ်ရက်များတွင် အများပြည်သူများကို လာရောက်ကြည့်ရှုလည်ပတ်ခွင့် ပေးထားသည်။
ကျေးရွာလေးတွင် နေထိုင်ခဲ့ဖူးသည့် ရွာသားဟောင်းများကိုမူ ဘုရားကျောင်းဝန်းအတွင်းတွင် ယနေ့တိုင်အောင် မြှုပ်နှံခွင့် ပေးထားဆဲ ဖြစ်သည်။
ကျေးရွာမှ ရွာသားများ ရွှေ့ပြောင်းပေးရခြင်းမှာ ဒုတိယကမ္ဘာစစ်တွင်းကာလအတွက် ယာယီမျှသာဖြစ်သည်ဟု မူလက တွေးထင်ခဲ့ကြသည်။
သို့ရာတွင် ၁၉၄၈ ခုနှစ်၌ ရွာနေရာကို ဝယ်ယူကြောင်း စစ်တပ်ဘက်က တဖက်သတ်ကြေညာလိုက်ကာ ယင်းနောက်ပိုင်းကတည်းက စစ်ဘက်လေ့ကျင့်မှုများ ပြုလုပ်သည့်နေရာ ဖြစ်လာခဲ့သည်။
စိုက်ပျိုးထွန်ယက်ခြင်း၊ လူနေအိမ်ဆောက်လုပ်ခြင်းများမရှိဘဲ စွန့်ပစ်ထားခြင်းကြောင့် တောရိုင်းတိရ စ္ဆာန်တို့ခိုအောင်းရာလည်း ဖြစ်လာသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)