ရန်ကုန်တိုင်းဒေသကြီး အစိုးရကိုယ်တိုင်က ကုမ္ပဏီတစ်ခုတည်ထောင်ပြီး ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်တော့မည်ဟု မတ် ၃၁ ရက်တွင် ကြေညာခဲ့သည်။
အဆိုပါသတင်းသည် စီးပွားရေးနယ်ပယ်အတွင်း စိတ်ဝင်စားမှုဒီဂရီ မြင့်တက်ခဲ့သလို ထိုဆောင်ရွက်ချက်အပေါ် ဝေဖန်သူ၊ အကောင်းမြင်သူ စသည်ဖြင့် အမြင်အမျိုးမျိုး ထွက်ပေါ်လာခဲ့သည်။
အစိုးရကိုယ်တိုင် ကုမ္ပဏီထူထောင်မှုဖြင့် မြို့သစ်စီမံကိန်းကြီး အကောင်အထည်ဖော်မည်ဆိုသည့်အချက်သည် စီးပွားရေးနယ်ပယ်အတွင်း ဝေဖန်မှုများပြားနေသလို ရန်ကုန်တိုင်းလွှတ်တော်တွင် အကျယ့်တဝင့်တင်ပြပြီး အတည်ပြုချက်မယူခဲ့သော အဆိုပါကုမ္ပဏီနှင့် စီမံကိန်းအစီအစဉ် ကြေညာခြင်းလုပ်ရပ်ကြောင့် တိုင်းလွှတ်တော်အမတ်များလည်း အံအားသင့်နေကြသည်။
ရန်ကုန်မြို့သစ်စီမံကိန်းသည် ယခင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် စတင်ပေါ်ထွက်ခဲ့သော စီမံကိန်းတစ်ခုဖြစ်ပြီး မြို့သစ်စီမံကိန်းများကို ကုမ္ပဏီအစုအဖွဲ့ သုံးခုက လုပ်ကိုင်ခွင့်ရရှိခဲ့သည်။ သို့သော် ရန်ကုန်တိုင်းအစိုးရ၏ အဆိုအရ ၎င်းကုမ္ပဏီများနှင့် မြို့သစ်စီမံကိန်းများ အကောင်အထည်ဖော်မည့် အစီအစဉ်ကို စွန့်လွှတ်ခဲ့ပြီး စာချုပ်ဖျက်သိမ်းခဲ့ပြီးဖြစ်သည်ဟု သိရသည်။
၎င်းနောက်ပိုင်းတွင် ယခုတိုင်းအစိုးရက ချပြလာသော ရန်ကုန်မြို့သစ်စီမံကိန်း အစီအမံအသစ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
တိုင်းအစိုးရအဖွဲ့က ရာနှုန်းပြည့်ပိုင်ဆိုင်သော ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ (New Yangon Development Company (NYDC)) ကို ထူထောင်လိုက်ပြီး အဆိုပါကုမ္ပဏီ၏ ဦးဆောင်မှုဖြင့် ရန်ကုန်မြစ်အနောက်ဘက်ကမ်းရှိ ကြည့်မြင်တိုင်တွင် 'ရန်ကုန်မြို့သစ်စီမံကိန်း'အမည်ဖြင့် အကောင်အထည်ဖော်မည် ဖြစ်သည်။ အဆိုပါမြို့သစ်စီမံကိန်းသည် စင်ကာပူနိုင်ငံ အရွယ်အစားထက် နှစ်ဆကျယ်ဝန်းမည် ဖြစ်သည်။
စီမံကိန်းကို ပထမအဆင့်နှင့် ဒုတိယအဆင့် ခွဲခြားထားပြီး ပထမအဆင့်တွင် အခြေခံအဆောက်အအုံ ဆောက်လုပ်ခြင်းအတွက် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ဘီလျံကျော် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။ မြို့နယ် ငါးခု၊ တံတားနှစ်စင်း၊ ပင်မလမ်းမများ၊ စက်မှုဇုန်၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစက်ရုံ၊ ရေသန့်နှင့် ရေဆိုးထုတ်စက်ရုံ စသည့်အဓိကအစိတ်အပိုင်းကြီး ခြောက်ခုပါဝင်မည်ဖြစ်သည်။ ထို့ပြင် လျှပ်စစ်အတွက် ဧရာဝတီတိုင်းမီးလောင်ချိုင့်ဒေသတွင် အကောင်အထည်ဖော်မည့် ဓာတ်အားပေးစက်ရုံသစ်က ရယူမည်ဖြစ်သလို ပန်းလှိုင်မြစ်တွင် ရေတံခါးတည်ဆောက်ပြီး ရေချိုရရှိရေးအစီအစဉ်တို့ကို လျာထားသည်ဟု သိရသည်။
မြို့သစ် ပထမအဆင့်သည် အလုပ်အကိုင်အခွင့်အလမ်း နှစ်သန်းခန့် ဖန်တီးပေးနိုင်မည်ဟု ဆိုပြီး မြို့သစ်သည် ဧက ၂ဝ,ဝဝဝ အကျယ်အဝန်းရှိမည် ဖြစ်သည်။ လက်ရှိအချိန်မှ ၂ဝ၂ဝ ပြည့်နှစ် နှောင်းပိုင်းအထိ အခြေခံအဆောက်အအုံများတည်ဆောက်ခြင်းလုပ်ငန်း အများစုပြီးစီးမည်ဟု ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီ၏ အမှုဆောင်အရာရှိ ဦးသိမ်းဝေက ပြောသည်။
+++ ရန်ကုန်အစိုးရကုမ္ပဏီ +++
ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီ၏ ဥက္ကဌအဖြစ် ရန်ကုန်တိုင်းလျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် အမှုဆောင်အရာရှိချုပ်အဖြစ် Serge Pun & Associate လုပ်ငန်းစုကြီး၏ဥက္ကဌ ဦးသိမ်းဝေ၊ ဒါရိုက်တာအဖြစ် ရန်ကုန်တိုင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်း အပါအဝင်လွတ်လပ်သော ဒါရိုက်တာနှစ်ဦးတို့ဖြင့် ဒါရိုက်တာအဖွဲ့ကို ဖွဲ့စည်းထားသည်။
အခြားတစ်ဖက်တွင်မူ အုပ်ချုပ်သူအစိုးရက ကုမ္ပဏီထူထောင်လုပ်ကိုင်ခြင်းအပေါ် စီးပွားရေးလုပ်ငန်းရှင်အချို့က သဘောမတူကြပေ။
ဒေါ်နီလာကျော်ကလည်း မြို့သစ်စီမံကိန်းသည် လုပ်ငန်းပမာဏကျယ်ပြန့်မှုကြောင့် အစိုးရသည်သာလျှင် ဦးဆောင်အကောင်အထည်ဖော်နိုင်သော လုပ်ငန်းမျိုးဖြစ်သည်ဟု တုံ့ပြန်ပြောကြားသည်။ ပုဂ္ဂလိက ကုမ္ပဏီသုံးခုဖြင့် ခွင့်ပြုရန်ဖြစ်နိုင်သော လုပ်ငန်းမျိုးမဟုတ်သည့်အတွက် လုပ်ငန်းအကောင်အထည်ဖော်မှုပုံစံကို ပြောင်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
''ဘာကြောင့်အစိုးရက စီးပွားရေးဝင်လုပ်တာလဲ'' ဟု မန္တလေးတက်ကနိုလော်ဂျီကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်နိုင်က မေးခွန်းထုတ်သည်။ ယခင် တပ်မတော်အစိုးရလက်ထက်တွင် တပ်မတော်ပါဝင်သော စီးပွားရေးအဖွဲ့အစည်းများသည် စီးပွားရေးကဏ္ဍများကို မောင်းပိုင်စီးခဲ့သောသာဓက အများအပြားရှိခဲ့သည်ကိုလည်း သူက ထောက်ပြသည်။
''စီမံခန့်ခွဲရေးကို နိုင်နိုင်နင်းနင်းလုပ်နိုင်ဖို့တော့ အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရဆိုတာ ပြောင်းနေတာ။ ဒီအစိုးရဆက်ရှိရင်တော့ တစ်မျိုး။ နောက်လူပြောင်းသွားပြန်ရင် တစ်ခါ ပုံစံတစ်မျိုးဖြစ်မှာတော့ စိုးရိမ်ရတယ်'' ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဦးကျော်ကျော်စိုးက ပြောသည်။
''အစိုးရက အစိုးရအလုပ်မလုပ်ဘဲ စီးပွားရေးတွေ ဝင်လုပ်လို့ရှိရင် အစိုးရလုပ်ရမယ့် ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေပြဌာန်းတာ၊ ဥပဒေစိုးမိုးရေးလုပ်ငန်းတွေမှာ အားနည်းမှာ စိုးတယ်။ စီးပွားရေးကလည်း စီးပွားရေးလုပ်ငန်း လုပ်မယ့်သူတွေ ဆောင်ရွက်တာအကောင်းဆုံးပါ။ သူနေရာနဲ့ သူပေါ့'' ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးရဲလင်းက မှတ်ချက်ပြုသည်။
တိုင်းဒေသကြီးအစိုးရအနေဖြင့် ယခုကုမ္ပဏီအပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဝန်ကြီးအချို့နှင့် ထိပ်တန်းစီးပွားရေးလုပ်ငန်းအချို့ဖြင့် စုဖွဲ့ထားသော ရန်ကုန်မက်ထရိုပိုလီတန် အများပိုင်ကုမ္ပဏီတစ်ခုလည်း ရှိသေးသည်။ ယင်းကုမ္ပဏီသည် မြို့သစ်ဖော်ထုတ်ရေး၊ ဆောက်လုပ်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ကိုင်မည်ဟု ကြေညာထားသည်။
+++ မြို့သစ်စီမံကိန်းအကောင်အထည်ဖော်မည့် ငွေကြေးအရင်းအနှီး +++
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြို့သစ်စီမံကိန်းကို နိုင်ငံ့ဘဏ္ဍာက ငွေကြေးမထည့်ဝင်ဘဲ Public Private Partnership (PPP) ပုံစံဖြင့် ဆောင်ရွက်မည်ဟု ဆိုသည်။
အစိုးရက စီမံကိန်းအစီအစဉ်များကို လွယ်ကူချောမွေ့ပြီး ကြိုးနီစနစ်များနည်းပါးစေရန် ဆောင်ရွက်ခြင်းနှင့် မြေစီမံခန့်ခွဲမှုအပိုင်းတို့ကိုသာဆောင်ရွက်မည်ဟု ဆိုသည်။ အစိုးရကုမ္ပဏီက စီမံခန့်ခွဲမှုအပိုင်းကို တာဝန်ယူမည်ဟု ပြောသည်။
ကုမ္ပဏီအနေဖြင့် မြို့သစ်စီမံကိန်းအခြေခံအဆောက်အအုံများအတွက် ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး ပွင့်လင်းမြင်သာမှုရှိစေရန် နိုင်ငံတကာတွင်ကျင့်သုံးသော Swiss Challenge Model ကို နိုင်ငံနှင့် ကိုက်ညီမှုရှိစေရန် ပြုပြင်ပြီး NYDC Challenge ဟူသော ပုံစံဖြင့် ကျင့်သုံးမည်ဟု ဆိုသည်။
NYDC Challenge သည် တင်ဒါလုပ်ငန်းစဉ်အဆင့်ဆင့်တွင် ကျင့်သုံးမည့်ပုံစံတစ်ခုဖြစ်သည်။ ကုမ္ပဏီတွင် အမှုဆောင်အရာရှိတာဝန်ယူထားသော ဦးသိမ်းဝေက ၎င်း၏လုပ်ငန်းများသည် မြို့သစ်စီမံကိန်းနှင့် ဆက်စပ်သောစီမံကိန်းများတွင် မပါဝင်ပါဟု ပြောသည်။
ပုဂ္ဂလိက ကဏ္ဍက ရင်းနှီးမြှုပ်နှံမည့်ငွေကြေးဖြင့်သာ မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ရန် ရည်မှန်းကြောင်း ဦးသိမ်းဝေက ဆက်ပြောသည်။
''ဒီလုပ်ငန်းအတွက် လိုအပ်တာတွေကို အစိုးရနဲ့ စာချုပ်ချုပ်ထားတာပြပြီး ဘဏ်ဆီက ချေးမယ်၊ ရှယ်ယာရောင်းမယ်။ ဒီလိုနည်းနဲ့ပဲ လုပ်ကြတာ။ ကုမ္ပဏီတွေက ငွေရေးကြေးရေးစိုက်ထုတ်ပြီးတော့ ဒီမြို့သစ်ကြီးကို ထူထောင်မယ်ဆိုတာကတော့ အိမ်မက်တစ်ခုပဲလို့ သုံးသပ်တယ်''ဟု အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သော ရန်ကုန်စောင့်ကြည့် (Yangon Watch) အဖွဲ့၏ တည်ထောင်သူ တိုင်းလွှတ်တော်အမတ်ဟောင်းဒေါက်တာညိုညိုသင်းက ပြောသည်။
+++ လွှတ်တော်အမတ်တွေ မသိသော စီမံကိန်း +++
ယခုစီမံကိန်းသည် ယခင်အစိုးရလက်ထက်က ရန်ကုန်တိုင်းလွှတ်တော်တွင် အတည်ပြုခဲ့ပြီး ဖြစ်သော်လည်း ယခင်ပုံစံနှင့်မတူဘဲ ပုံစံပြောင်းလဲဆောင်ရွက်ခြင်းဖြစ်သောကြောင့် လွှတ်တော်အတွင်း ဆွေးနွေးပြီး အတည်ပြုချက်ရယူပြီးမှသာ ဆက်လက်ဆောင်ရွက်ရန် လွှတ်တော်အမတ်အချို့က တိုင်းလွှတ်တော်သို့ တင်ပြခဲ့သည်။
မတ် ၂၈ ရက်တွင် ကျင်းပခဲ့သော ဒုတိယအကြိမ် တိုင်းလွှတ်တော်တွင် ရန်ကုန်တိုင်းအတွက် ဒေသန္တရစီမံကိန်းကို အတည်ပြုခဲ့သည်။ ထိုဒေသန္တရစီမံကိန်း၏ နောက်ဆက်တွဲအဖြစ် မြို့သစ်စီမံကိန်းအပါအဝင် စီမံကိန်းပေါင်း ၂၃ ခု ပါဝင်ခဲ့သည်။ အဆိုပါ စီမံကိန်း ၂၃ ခုကို ထိုစဉ်က အတည်မပြုခဲ့ဘဲ အသေးစိတ်တင်ပြရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သလို၊ အစိုးရကလည်း သဘောတူခဲ့သည်ဟု တိုင်းလွှတ်တော်အမတ် ဦးကျော်ဇေယျက ပြောသည်။
သို့သော် နောက်သုံးရက်အကြာ မတ် ၃၁ ရက်တွင် တိုင်းအစိုးရသည် မြို့သစ်စီမံကိန်းတည်ထောင်မည့် အစီအစဉ်နှင့် အကောင်အထည်ဖော်မည့် အစိုးရပိုင်ကုမ္ပဏီတို့ကို ရှင်းလင်းပွဲလုပ်ကာမိတ်ဆက်ခဲ့သည်။ NYDC ကုမ္ပဏီ မြို့သစ်စီမံကိန်း အကြောင်းနှင့် စပ်လျဉ်း၍ လွှတ်တော်အမတ်အချို့ပင် အကျယ်တဝင့်သိရှိခြင်းမရှိသေးကြောင်း မြန်မာတိုင်း(မ်)၏ မေးမြန်းမှုအရ သိရသည်။
''သဘောတူထားတာက အကောင်အထည်ပေါ်မလာဘဲ ကုမ္ပဏီကြီးဖွဲ့တယ်ဆိုပြီး လုပ်ချလိုက်တယ်။ အမှန်က ဥပဒေအရ လွှတ်တော်ကနေ အသေးစိတ်တင်ပြပြီး အတည်ပြုချက်ယူသင့်တာပေါ့။ ကုမ္ပဏီဖွဲ့တာလည်း ဖွဲ့လို့ရတယ်။ သို့သော် သက်ဆိုင်ရာလွှတ်တော်ကို တင်ပြရမယ်''ဟု တိုင်းအမတ်ဦးကျော်ဇေယျက ပြောသည်။
သင်္ကြန်ပြီးနောက် ကျင်းပမည့်လွှတ်တော်တွင် ယခုကဲ့သို့ ရန်ကုန်တိုင်းအစိုးရ၏ လုပ်ရပ်များသည် ဥပဒေနှင့် မညီညွတ်ကြောင်း ထောက်ပြပြီး တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီအနေဖြင့် လွှတ်တော်၌ တင်မည်ဟု ယင်းကော်မတီ အတွင်းရေမှူးဖြစ်သူ ၎င်းက ဆိုသည်။
ကြည့်မြင်တိုင် ပြည်သူ့လွှတ်တော်အမတ် ဦးကျော်နန္ဒအောင်က ဒေသခံများသည် အစိုးရက ပွင့်ပွင့်လင်းလင်း ရှင်းလင်းချပြမှုကို လိုလားနေသည်ဟုလည်း ပြောသည်။
ရန်ကုန်မြို့သည် နိုင်ငံ၏ စီးပွားရေးဗဟိုအချက်အချာဖြစ်ရာ လာမည့်နှစ် ၂ဝ ကျော်တွင် လူဦးရေ ၁ဝ သန်းခန့် နေထိုင်မည်ဟု ခန့်မှန်းထားသည်။ တိုးပွားလာသည့်လူဦးရေကြောင့် အလုပ်အကိုင်၊ လူနေအိမ်နှင့် အခြေခံအဆောက်အအုံများ၊ ရေဖြန့်ဖြူးရေးနှင့် လျှပ်စစ်ဓာတ်အားလုံလောက်စွာ ပေးနိုင်ရေးတို့တွက် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လာမည်ဖြစ်ခြင်းကြောင့် တိုင်းအစိုးရအနေဖြင့် မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ရခြင်းဖြစ်သည်ဟု တာဝန်ရှိသူတို့က ဆိုသည်။
ယခုစီမံကိန်းသည် ဂျပန်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ (JICA) က ရေးဆွဲပေးထားသော မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးမှုမဟာဗျူဟာစီမံကိန်း (Strategic Urban Development Plan of Greater Yangon) တွင် ပါဝင်သော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ အဆိုပါစီမံကိန်းအရ ကြည်မြင်တိုင်၊ ဒဂုံအရှေ့နှင့် ဒလတို့တွင် မြို့သစ်များလုပ်ရန် ပါဝင်သည်။ ယခုထုတ်ပြန်ခဲ့သော ရန်ကုန်မြို့သစ်စီမံကိန်း ပထမအဆင့်တည်နေရာသည် ကြည်မြင်တိုင်မြို့နယ်၏ ရန်ကုန်မြစ် တစ်ဖက်ကမ်းတွင်တည်ရှိပြီး ဒုတိယအဆင့်နေရာသည် ဒလ၊ ကော့မှူးနှင့် ကွမ်းခြံကုန်းအပိုင်နေရာများ ဖြစ်သည်။
''ကြည့်မြင်တိုင်ဘက်မှာ အများကြီးပိုက်ဆံကုန်လိမ့်မယ်။ မစသင့်ဘူး''ဟု မြို့ပြဖွံ့ဖြိုးရေးပညာရှင် ဒေါက်တာကျော်လတ်က သုံးသပ်ပြီး ၎င်းအနေဖြင့် မြို့သစ်ချဲ့ထွင်လိုပါက ရန်ကုန်မြို့နှင့် လမ်းပန်းဆက်သွယ်ရေး တစ်ဆက်တည်းဖြစ်သော အရှေ့ဒဂုံဘက်ခြမ်းသို့ ချဲ့ထွင်ရန် ပိုမိုသင့်လျော်သည်ဟု ဆိုသည်။
''တိုင်းပြည်စီးပွားရေး သိပ်မကောင်းတဲ့အချိန်မှာတော့ ဒီလောက်ရင်းနှီးမြှုပ်နှံမှုကြီးကို မလုပ်သင့်ဘူးတော့ ထင်တယ်''ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဦးကျော်ကျော်စိုးက ပြောသည်။
Credit: The Myanmar Times