အမေရိကအခြေစိုက် Hilton ဟိုတယ်လုပ်ငန်းစုနှင့်ပူးပေါင်း၍ အင်းလေးနှင့် ပုဂံတွင် ဆောက်လုပ်မည့်ဟိုတယ် နှစ်လုံးအတွက် ဧဒင်အုပ်စုက
အမေရိကန် ဒေါ်လာသန်း ၁၀ဝ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း Eden ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားသည်။
လက်ရှိအချိန်တွင် Hilton နှင့် Eden ပူးပေါင်းကာ ငပလီ၊ နေပြည်တော်နှင့် မန္တလေးတို့တွင် ဟိုတယ်သုံးလုံး တည်ဆောက်ထားပြီး ပုဂံတွင် တည်ဆောက်မည့်ကာလကို ၂၀၁၉ ခုနှစ်တွင် စတင် အကောင်အထည် ဖော်မည်ဖြစ်ကာ အင်းလေးဒေသတွင်မူ ၂၀၂၀ မှသာ စတင် တည်ဆောက်သွားနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ပုဂံမှာလုပ်ဖို့ စီစဉ်ထားတာတော့ ကြာပါပြီ။ ဒါပေမဲ့ အဲဒီမှာက မြေတူးတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကောလာဟလတွေ ထွက်နေတယ်။ ကျွန်တော်တို့က ဟိုတယ် ဆောက်ဖို့ မြေတူးရတာ ရှိတယ်။ ဒါကို ရှေးဟောင်းပစ္စည်းတွေ ရှာနေတယ်ဆိုပြီး အသံထွက်တယ်။ နောက်ပြီး ထန်းပင်ပေါင်း ၈၀ဝ လောက်ကို နေရာရွှေ့နေရတာ ရှိတော့ ပုဂံပရောဂျက်က ကြန့်ကြာသွားတာပါ”ဟု ၎င်းကရှင်းပြသည်။
Hilton အုပ်စုအနေနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဧဒင်ကုမ္ပဏီနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင်လည်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ဒီပလိုမာဘွဲ့ ၂ နှစ် သင်တန်းကို အခမဲ့ သင်ကြားပေးနေကြောင်း ယင်းအုပ်စု၏ HR ဌာနမှ ဒုတိယဥက္ကဋ္ဌ Mr.Brendan Toomey က ပြောကြားသည်။
“ရင်းနှီးမြှုပ်နှံမှုအပိုင်းကို ဧဒင်က တာဝန်ယူပြီး စီမံခန့်ခွဲမှုအပိုင်းကို Hilton က တာဝန်ယူထားတာပါ”ဟု ၎င်းက ဆိုသည်။
Hilton ဟိုတယ်လုပ်ငန်းစုသည် မြန်မာနိုင်ငံဈေးကွက်သို့ ၂၀၁၄ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး Edenကုမ္ပဏီ နှင့်လက်တွဲကာ မြန်မာနိုင်ငံ၏ အထင်ကရ နေရာများတွင် ဟိုတယ်ငါးလုံး ဖွင့်လှစ်သွားမည်ဖြစ်သည်။
Credit: The Voice