အမေရိကန်ပြည်ထောင်စုအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခု၏ သြဂုတ်လ ၁၈ ရက်၊ ညနေ ၄ နာရီ ၄၉ မိနစ်တွင် ဖော်ပြခဲ့သည့် သတင်းတစ်ရပ်အရ မိုင်လေဆိုင်းရပ်စ်သည် နက်ရှ်ဗီးရှိ ယာတောအိမ်ကြီး
ကို ကန်ဒေါ်လာ ၅ ဒသမ ၈ သန်းသုံးစွဲကာ ဝယ်ယူလိုက်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။
မိုင်လေဆိုင်းရပ်စ်သည် ၂၄ နှစ်အရွယ်သာရှိသေးသော်လည်း အိမ်ခြံမြေပိုင်ဆိုင်မှုများမှာ အလွန်များပြားလာနေကာ ယခုအခါတွင်
လည်း နက်ရှ်ဗီးလ်မြို့ တောင်ဘက် မိုင် ၂၀ အကွာရှိ ယာတောအိမ်တစ်ခုကိုထပ်မံဝယ်ယူလိုက်ပြန်သည်။
လူသူကင်းဝေးသည့်နေရာတွင်တည်ရှိကာ ၃၃ ဒသမ ၅ ဧကကျယ်ဝန်းသည့် ခြံမြေတွင် သစ်ကြီးဝါးကြီးများ အုပ်ဆိုင်းညှို့ မှိုင်းနေသည်။
ဖုန်ထူထူ တစ်ဖက်ပိတ်လမ်းကလေး၏ အဆုံးတွင်ကား စတုရန်းပေ ၆၆၈၉ အကျယ်အဝန်းရှိသည့် ရှေးဟောင်းဟန် ယာတောအိမ်ကြီး တစ်လုံး မားမားစွင့်စွင့် တွေ့ရသည်။
နေအိမ်ကို ဆောက်လုပ်ထားသည်မှာ ၃ နှစ်ခန့်သာရှိသေးပြီး အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၄ ခန်းပါဝင်သည်ဟု ဆိုသည်။
မီးဖိုဆောင်ကိုလည်း ကျေးလက်ဟန်ဖြင့်ပင် မွမ်းမံထားပြီး နံရံမြှုပ်စာအုပ်စင်များကြားတွင် ကျောက်တုံးမီးလင်းဖိုတစ်ခု တွေ့ရသည်။
ရေချိုးခန်းအတွင်းမှ ကြီးမားသောပြတင်းများမှတစ်ဆင့် ဝန်းကျင်တောအုပ်များ၏ စိမ်းလန်းသော မြင်ကွင်းများကို တိုက်ရိုက်တွေ့မြင်နေရသည်။
ပင်မနေအိမ်နှင့် အတန်ငယ်ဝေးကွာသောနေရာတွင် စပါးကျီသဏ္ဍာန် အဆောက်အအုံတစ်ခုတွေ့ရရာ မိုင်လေဆိုင်းရပ်စ်အနေဖြင့် ဖျော်ဖြေရေးနေရာ (သို့မဟုတ်) အသံဖမ်းစတူဒီယို (သို့မဟုတ်) ဧည့်ဂေဟာအဖြစ် အသုံးချနိုင်ဖွယ်ရှိသည်။
၂၀၁၁ ခုနှစ်က အသက် ၁၈ နှစ်သာရှိသေးသော မိုင်လေသည် စတူဒီယိုစီးတီးတွင် ကန်ဒေါ်လာ ၃ ဒသမ ၉ သန်းဖြင့် နေအိမ်တစ်လုံး၊
၂၀၁၅ ခုနှစ် ဧပြီလတွင် အကျော်အမော်များစုဝေးရာ ဟိုက်ဒန်းဟေးလ်တွင် အကျယ်အဝန်း ၅ ဒသမ ၅ ဧကရှိ ခြံဝန်းကြီးကို ကန်ဒေါ်လာ ၅ သန်းဖြင့်လည်းကောင်း၊ ၂၀၁၆ ခုနှစ် အစောပိုင်းတွင် လော့စ်အိန်ဂျလိမြို့ ၊ မာလီဘူးရှိ ၂ ဧကကျော် ကျယ်ဝန်းသော ခြံဝန်းကြီးကို
ကန်ဒေါ်လာ ၂ ဒသမ ၅၂၅ သန်းဖြင့်လည်းကောင်း
ဝယ်ယူခဲ့ပြီးလည်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)