အမေရိကန်ပြည်ထောင်စု မိန်းပြည်နယ်၊ ကမ်းလွန်တွင်ရှိသော Mount Desert ကျွန်းပေါ်တွင် ကွယ်လွန်သွားပြီဖြစ်သော ကမ္ဘာကျော်သူဌေးကြီး ဒေးဗစ် ရော့ခ်ဖဲလားပိုင် စံအိမ်ကြီး ရောင်းချရန် အရောင်းဈေးကွက်ဝင်လာသည်။
ရော့ခ်ဖဲလားနေထိုင်ဖူးသော စံအိမ်ကြီး၏ ခြံဝန်းအကျယ်မှာ
၁၅ ဧကနီးပါးရှိပြီး ကန်ဒေါ်လာ ၁၉ သန်းဖြင့် ရောင်းချမည် ဖြစ်သည်။
Mount Desert ကျွန်းသည် စတုရန်းမိုင် ၁၀၈ မိုင်ခန့် ကျယ်ဝန်းပြီး
နေထိုင်သူ ၄ ထောင်ကျော်သာရှိသည်။
၁၄ ဒသမ ၅ ဧကအကျယ်အဝန်းရှိသော ခြံဝန်းကြီး၏ နယ်နိမိတ်တွင် ကျောက်ဆောင်ထူထပ်သော ကမ်းရိုးတန်းနှင့် အငူများ ပါဝင်နေကာ အတ္တလန္တိတ်သမုဒ္ဒရာ၏ အလှကို အနီးကပ်တွေ့မြင်ရမည် ဖြစ်သည်။
ဒေးဗစ်ရော့ခ်ဖဲလားသည် ရေနံသူဌေးကြီး ဂျွန်ဒီ-ရော့ခ်ဖဲလား၏ မြေးဖြစ်ပြီး အသက် ၁၀၁ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။
နေအိမ်ဒီဇိုင်းရေးဆွဲခဲ့သူမှာ သူ၏ဇနီး ပက်ဂီဖြစ်ပြီး ပက်ဂီမှာ ၁၉၉၆ ခုနှစ်တွင် ကွယ်လွန်သည်။ပြင်ပနေအိမ်တွင် အိပ်ခန်း ၇ ခန်း၊ မီးလင်းဖိုများစွာပါဝင်ပြီး ပြင်ပပင်လယ်ရှုမျှော်ခင်းကို ကြည့်ရှုခံစားနိုင်ရန်အတွက် ကြီးမားသော မှန်တံခါးများ တပ်ဆင်ထားသည်။
ရော့ခ်ဖဲလားမိသားစုက နေအိမ်အတွင်းပိုင်းကို ပေါ်တူဂီ အုပ်ကြွပ်နံရံများ၊ ဆေးရေးကြမ်းပြင်များဖြင့် အလှဆင်ထားသည်။
ပက်ဂီရော့ခ်ဖဲလားသည် ကျယ်ဝန်းသော ခြံဝန်းအတွင်း မြေယာအလှပြင်ဆင်မှုကိုလည်း အသေးစိတ်ညွှန်ကြားကွပ်ကဲခဲ့ပြီး ပန်းဥယျာဉ်နှင့် မြက်ခင်းများကို အဆောက်အအုံ၏ အရောင်နှင့် တစ်သားတည်းဖြစ်အောင် ဖန်တီးစေခဲ့သည်။
မြက်ခင်းလမ်းကွန်ရက်များစွာသည် ပန်းဥယျာဉ်များနှင့် ဆိတ်ငြိမ်လှသော နှင်းဆီဥယျာဉ်၊ သစ်ခွဥယျာဉ်တို့ဆီသို့ ဦးတည်ဖောက်လုပ်ထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)