ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကြယ်ပွင့် အင်ဒီမာရေးသည် အမေရိကန်ပြည်ထောင်စု၊ မီယာမီရှိ ကွန်ဒိုခန်းကို ရောင်းချလိုက်ပြီဖြစ်ကြောင်း သြစတေးလျအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါကွန်ဒိုခန်းကို အရောင်းဈေးကွက်တင်ထားသည်မှာ ၂ နှစ်ကျော်ခဲ့ပြီဖြစ်ကာ အကြိမ်ကြိမ် ဈေးနှုန်းလျှော့ချပေးခဲ့ပြီးနောက် ယခုအခါ ကန်ဒေါ်လာ ၂ ဒသမ ၃၇၅ သန်းဖြင့် ရောင်းထွက်သွားခြင်း ဖြစ်သည်။
ယခုအရောင်းအဝယ်တွင် ဝယ်လက်ဖက်မှ ပါဝင်သည့် ကုမ္ပဏီဖြစ်သော Fortune International Realty မှ အိမ်ခြံမြေအကျိုးဆောင် ကလော်ဒင်းလက်တ်ဇ်ကလည်း မကြာသေးမီကမှ အရောင်းအဝယ်ဖြစ်သွားကြောင်း အတည်ပြုခဲ့သည်။
ဇွန်လကုန်တွင် အဆိုပါကွန်ဒိုခန်း၏ ခေါ်ဈေးမှာ ကန်ဒေါ်လာ ၂ ဒသမ ၅ သန်းဖြစ်ခဲ့သည်။
၂၀၁၆ ခုနှစ်၊ ဧပြီလတွင် ကန်ဒေါ်လာ ၂ ဒသမ ၉၉ သန်းဖြင့် အရောင်းဈေးကွက်သို့ ပထမဆုံးအကြိမ် စတင်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ယင်းနောက်တစ်လအကြာတွင် ကန်ဒေါ်လာ ၂ ဒသမ ၅၉ သန်းသို့ ဈေးလျှော့ချပေးခဲ့သည်။
၂၀၁၇ ခုနှစ်မတ်လတွင် ကန်ဒေါ်လာ ၂ ဒသမ ၅ သန်းဖြင့် ခေါ်ဈေးငြိမ်မသွားမီအထိ အကြိမ်ကြိမ် ဈေးနှုန်းအတက်အကျရှိခဲ့ကြောင်း မှတ်တမ်းများတွင် ဖော်ပြသည်။
၃၁၇ စတုရန်းမီတာကျယ်ဝန်းသည့် ကွန်ဒိုခန်းတွင် အိပ်ခန်း ၄ ခန်းအပြင် ရေချိုးခန်း ၅ ခန်း၊ ကျယ်ဝန်းသော ညစာစားခန်းနှင့် ဂိမ်းကစားသည့်ခန်းမတစ်ခုတို့ ပါဝင်ကြောင်း အရောင်းဈေးကွက်တင်သည့် City Realty Group International ၏ ဖော်ပြချက်တွင် တွေ့ရသည်။
အင်ဒီမာရေး၏ ကွန်ဒိုခန်းတည်ရှိရာ အဆောက်အအုံကို Jade Residences ဟု အမည်ပေးထားပြီး ၄၈ ထပ်အမြင့်ရှိသည့် အဆောက်အအုံဖြစ်ကာ အင်ဒီမာရေး၏ အခန်းမှာ ၄၅ ထပ်မြောက်တွင် ဖြစ်သည်။
ယင်းအဆောက်အအုံကို ဒီဇိုင်နာ ဘားနတ် ဇိုင်ကိုဗစ်ခ်ျက ဒီဇိုင်းရေးဆွဲပေးထားပြီး Fortune International Group က ၂၀၀၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
ဝယ်လက်၏ အမည်ကိုမူ ထုတ်ဖော်ကြေညာထားခြင်းမရှိချေ။
အသက် ၃၀ အရွယ်ရှိပြီဖြစ်သော အင်ဒီမာရေးသည် အိုလံပစ်တင်းနစ်ချံပီယံဆု ၂ ကြိမ်ဆွတ်ခူးထားပြီး ယခုကွန်ဒိုခန်းကို ၂၀၀၈ ခုနှစ်အတွင်းက ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ထိုစဉ်က ဝယ်ယူခဲ့သည့်ဈေးနှုန်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၅၇၅ သန်းဖြစ်ရာ ယခုအရောင်းအဝယ်တွင် ကန်ဒေါ်လာ တစ်သန်းနီးပါး (၀ ဒသမ ၈ သန်းခန့်) မြတ်စွန်းခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)