ဖေ့စ်ဘုတ်တည်ထောင်သူ မာ့ခ်ဇက်ကာဘာ့ခ်ျသည် အများပြည်သူတို့၏ မျှော်လင့်ချက်များနှင့် စိန်ခေါ်မှုများကို သိရှိနိုင်ရန်အတွက် အမေရိကန်ပြည်တစ်လွှား ခရီးများထွက်လျက်ရှိချိန်တွင် သူ၏ကုမ္ပဏီမှ စားသောက်ဆိုင်အလုပ်သမားများမှာ အခြေခံလိုအပ်ချက်များပင် ခက်ခဲစွာရုန်းကန်လျက်ရှိနေကြရကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
မစ္စတာဇက်ကာဘာ့ဂ်ျကို သူ၏ခရီးစဉ်များအတွင်း ထရပ်ကားကြီး တက်မောင်းနေပုံ ၊ဘိန်းဖြူဆေးဖြတ်သူများနှင့် တွေ့ဆုံနေပုံများ တွေ့ရပြီး ဆင်းရဲချမ်းသာမညီမျှမှုကို တိုက်ဖျက်ရန်အတွက် ကန်ဒေါ်လာ ၆၈ ဒသမ ၅ ဘီလီယံခန့် ရန်ပုံငွေထုတ်ပေးထားသည်ဟု ဆိုသည်။
သို့ရာတွင် ဖေ့စ်ဘုတ် ကန်တင်းန်စားသောက်ဆိုင် လုပ်သားတစ်ဦးဖြစ်သူ နစ်ကိုးလ်က မိမိတို့အနေဖြင့် အရေးကြီးသည့် မေးခွန်းတစ်ခု မေးမြန်းလိုကြောင်း၊ ယင်းမေးခွန်းမှာ မိမိတို့ထံသို့ မစ္စတာဇက်ကာဘက်ဂ်ျ အာရုံစိုက်ဦးမည်လောဟူသည့် မေးခွန်းဖြစ်ကြောင်း ပြောကြားသည်။
နစ်ကိုးလ်နေထိုင်ရာနေရာသည် ဇက်ကာဘက်ဂ်ျ၏ အဆောက်အအုံ ၅ လုံးပါ ပါလိုအယ်လ်တိုစံအိမ်ကြီးနှင့် မိုင်အနည်းငယ်မျှသာ ဝေးကွာပြီး ဖေ့စ်ဘုတ်၏ မန်လိုပါ့ခ်ရုံးချုပ်နှင့်မူ ဘလောက်အနည်းငယ်သာ ဝေးကွာသည်။
နစ်ကိုးလ်၏ ခင်ပွန်းဖြစ်သူ ဗစ်တာမှာလည်း ဖေ့စ်ဘုတ်ရုံးချုပ်စားသောက်ဆိုင်မှ ဝန်ထမ်းတစ်ဦးပင် ဖြစ်ပြီး အသက် ၉ နှစ်၊ ၈ နှစ်၊ လေးနှစ်အရွယ်အသီးသီးရှိသော ကလေးငယ် ၃ ဦးနှင့်အတူ ကား ၂ စင်းဆန့် ဂိုဒေါင်တစ်လုံးအတွင်း နေထိုင်ကြရလျက်ရှိသည်။
“သူ့အနေနဲ့ ကမ္ဘာပတ်နေစရာမလိုပါဘူး။ ဒီမြို့ထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာ အရင်ဆုံးလေ့လာသင့်ပါတယ်” ဟု နစ်ကိုးက ဆိုသည်။
နစ်ကိုးလ်တို့ သားအမိသားအဖ ၅ ဦး အဆိုပါ ကားဂိုဒေါင်အတွင်း နေထိုင်ကြရသည်မှာ ၃ နှစ်ခန့် ရှိခဲ့ပြီ ဖြစ်သည်။
ရေချိုးရန်နှင့် ချက်ပြုတ်ရန်အတွက်မူ အနီးရှိနေအိမ်သို့ သွားကြရသည်။
“ဒါက မလွယ်လှပါဘူး။ အထူးသဖြင့် မိုးတွေသည်းနေရင်သွားလို့မရဘူး။ သမီးကလည်း သူ့ကိုယ်ပိုင်အခန်းလေးနဲ့ ဘယ်တော့မှ နေရမှာလည်းလို့ မကြာမကြာမေးနေပြီ။ ကျွန်မတို့ ဘယ်လိုဖြေရမယ် မသိပါဘူး” ဟု နစ်ကိုးက ဆက်လက်ပြောကြားသည်။
ဖေ့စ်ဘုတ်၏ စားသောက်ဆိုင်တွင် လုပ်ကိုင်ရသည်မှာ ဝင်ငွေကား မနည်းလှ။
နစ်ကိုး၏ လုပ်ခမှာ တစ်နာရီလျှင် ကန်ဒေါ်လာ ၁၉ ဒသမ ၈၅ ဒေါ်လာ (မြန်မာငွေ ၂၇၀၀၀ ကျော်) ရရှိပြီး ခင်ပွန်းဖြစ်သူ ဗစ်တာ၏ လုပ်ခမှာ တစ်နာရီလျှင် ကန်ဒေါ်လာ ၁၇ ဒသမ ၈၅ ဒေါ်လာ (မြန်မာငွေ ၂၄၀၀၀ ကျော်) ရရှိ၏။
သို့စေကာမူ အိမ်ငှားခဈေးမှာ အမေရိကန်တစ်ပြည်လုံးတွင် အမြင့်မားဆုံးအဖြစ် စံချိန်တင်နေသည့်အပြင် အစစအရာရာ ဈေးနှုန်းများ မြင့်မားလွန်းသဖြင့် အခြေခံလိုအပ်ချက်များပင် ရရှိသည့်ဝင်ငွေဖြင့် ဖြည့်တင်းနိုင်ခြင်းမရှိဘဲ ခက်ခဲစွာရုန်းကန်နေကြရသည်။
နစ်ကိုးတို့မှာ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ရရှိနိုင်ရန်အတွက်လည်း သူတို့၏ဝင်ငွေအတိုင်းအတာက မြင့်မားနေပြီး ကုမ္ပဏီက ပေးသည့် ကျန်းမာရေးအာမခံအတွက်လည်း မတတ်နိုင်ကြချေ။ကလေးငယ် ၃ ဦးအတွက် အစားအစာ၊ အဝတ်အထည် လောက်ငှနိုင်ရန်အတွက်ပင် ခက်ခက်ခဲခဲရုန်းကန်နေကြရသည်။သမီးငယ်တစ်ဦးအတွက် မွေးနေ့ကျင်းပပေးရန်နှင့် သွားဆရာဝန်ထံသွားရန်အတွက် မကြာသေးမီကပင် မိခင်ဖြစ်သူထံမှ ငွေချေးယူခဲ့ရသည်။
“ရတဲ့လုပ်အားခက များတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဒီမှာက အစစအရာရာ သိပ်ကိုဈေးကြီးလွန်းတယ်”
ဖေ့စ်ဘုတ်ကုမ္ပဏီရုံးချုပ် မန်လိုပါ့ခ်သို့ မပြောင်းရွှေ့မီကမူ ဗစ်တာအတွက် အရာရာအဆင်ပြေချောမွေ့နေခဲ့သည်။ဗစ်တာ လူပျိုပေါက်အရွယ်တွင် ဗစ်တာ၏ ဖခင်မှာ မြေယာအလှပြင်ဆင်ရေးအလုပ်ဖြင့်
အိမ်ကလေးတစ်လုံးပင် ဝယ်နိုင်ခဲ့သေးသည်။
ဗစ်တာနှင့် နစ်ကိုးလ်တို့ ချစ်သူဘဝက သူတို့၏ ဝင်ငွေမှာ တစ်နာရီလျှင် ၁၂ ဒေါ်လာသာ ရခဲ့သော်လည်း ထိုအချိန်က တိုက်ခန်းငှားရမ်းနေထိုင်နိုင်ခဲ့သေးသည်။
ဖေ့စ်ဘုတ်ရုံးချုပ်တွင် နစ်ကိုးလ်လုပ်ကိုင်ရသော စားသောက်ဆိုင်၏ အမည်မှာ “အိပ်မက်ကို ရှင်သန်ပါ” ဟု ဖြစ်သည်။
“အိပ်မက်ကို ရှင်သန်အကောင်အထည်ဖော်တာက ကျွန်မတို့မဟုတ်ပါဘူး။ နည်းပညာရှင်တွေပါ။ ဒါက သူတို့အတွက်ပါ။ ကျွန်မတို့ကို သူတို့အောက် နိမ့်ကျသလို အကြည့်မျိုးနဲ့ ကြည့်ကြတယ်။ တခြားနေရာမှာ အလုပ်လုပ်တာကမှ ကျွန်မအတွက် အရာရာကောင်းလိမ့်မယ်လို့ တွေးမိတယ်။ တခြားမှာဆို ဒီလိုအကြည့်မျိုးအကြည့်ခံရမှာ မဟုတ်ပါဘူး” ဟု နစ်ကိုးလ်က ဆိုသည်။
အခြားအသေးအဖွဲဖြစ်ရပ်များစွာလည်း ရှိသေးသည်။
စားသောက်ဆိုင်ရှိ အစားအသောက်အကျန်များကို နေအိမ်သို့ ယူသွားလိုသော်လည်း အိမ်သို့ ယူခွင့်မပေးချေ။
ထို့အပြင် စားသောက်ဆိုင်အလုပ်သမားများသည် ဖေ့စ်ဘုတ်ကုမ္ပဏီ၏ ဆေးခန်းများမှ ကျန်းမာရေးစောင့်ရှောက်မှု ရယူခွင့် မရှိဟု ဆိုသည်။
ဖေ့စ်ဘုတ်ကုမ္ပဏီတွင် ကလေးများကို ရုံးသို့ခေါ်လာခွင့်ပေးသည့်နေ့ Bring your kids to work day ကို မကြာသေးမီက သတ်မှတ်ပေးလိုက်သော်လည်း စားသောက်ဆိုင်ဝန်ထမ်းများ ပါဝင်ခြင်းမရှိချေ။
“လူတွေကတော့ထင်ကြမယ်၊ မင်းဖေ့စ်ဘုတ်မှာ အလုပ်လုပ်တယ်ဟုတ်လား။ အရမ်းမိုက်တာပဲလို့ ပြောကြမှာပါပဲ” ဟု ဗစ်တာက ဆိုသည်။
“ကျွန်တော့်ကိုလည်း ဆွေမျိုးထဲမှာ လုပ်ငန်းကိုင်ငန်းအကောင်းဆုံးလို့ တွက်ထားကြတယ်။ ပြီးရင်ကလေးတွေအတွက် အစားအသောက်ကောင်းကောင်းကျွေးဖို့၊ အဝတ်အစားကောင်းကောင်းဆင်ဖို့ ဖိအားပေးကြတယ်။ ကျွန်တော်တို့ လင်မယား ၂ ယောက်လုံး ဖေ့စ်ဘုတ်မှာ အလုပ်လုပ်တယ်။ ဒါတောင် အိမ်ငှားမနေနိုင်ကြသေးပါဘူး” ဟု ဗစ်တာက ဆက်လက်ပြောကြားသည်။
“ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က ကုမ္ပဏီကို တိုက်ခိုက်ဖို့မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ မိသားစုအတွက် ပြောနေရတာပါ။ ကျွန်တော်တို့ အလုပ်လုပ်နေတဲ့ ကုမ္ပဏီက တခြားသူတွေရဲ့ ဘဝတွေကို မြင့်မားလာအောင် လုပ်ပေးနေချိန်မှာ ကျွန်တော်တို့က ဘာလို့ ဒီလိုအခြေအနေမျိုး နေနေရတာလဲ” ဟု ဗစ်တာက ဆိုသည်။
“ဒေါ်လာသန်းချီပြီး ကျွန်တော်တို့ တောင်းဆိုနေတာမဟုတ်ပါဘူး။ ဆေးကုဖို့ လိုအပ်လာချိန်မျိုးမှာ ပိုက်ဆံမရှိလို့ စိတ်ပျက်နေရတာမျိုး မဖြစ်ချင်ရုံလေးပဲ ကျွန်တော်လိုချင်တာပါ”ဟု ဗစ်တာက ဆက်လက်ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)