မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ တန်ဖိုးနည်း တိုက်ခန်းများ ရောင်းချပေးရန် လျှောက်လွှာများကို ပြည်သူများ အဆင်ပြေစေရန် လျှောက်လွှာ တင်သွင်းသည့်ရက်ကို တိုးမြှင့်လိုက်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
အဆိုပါ တန်ဖိုးနည်း တိုက်ခန်း လျှောက်လွှာများကို ဇူလိုင် ၁၀ ရက်မှ ၂၁ ရက်အထိ နောက်ဆုံးထား၍တင်ရန် ကြေညာထားသော်လည်း
လက်ရှိတွင် လျှောက်လွှာ တင်သွင်းမည့်ရက်ကို ဇူလိုင် ၃၁ ရက်
အထိ တိုးမြှင့်ပေးလိုက်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။
“လျှောက်လွှာ တင်သွင်းတဲ့သူတွေ အဆင်ပြေစေဖို့ ရက်ကို တိုးမြှင့်လိုက်တာပါ။ ပထမရက်နဲ့ ဒုတိယရက်မှာ တစ်နေ့ကို
လျှောက်လွှာ လာတင်သူ တစ်ရာကျော်တယ်။ အခုဆို
လျှောက်ထားသူ ၅၀ဝ ကျော် ၆၀ဝ ခန့်လောက် ရှိပါပြီ”ဟု ၎င်းက
ဆိုသည်။
လက်ရှိ ငွေစုထားသူ ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် (CHDB) တွင် အိမ်ရာဝယ်ယူရန် ငွေစုထားသူ တစ်သောင်းခွဲရှိပြီး တိုက်ခန်းတန်ဖိုး
၃၀ ရာခိုင်နှုန်း ပြည့်မီသူ တစ်ထောင်ကျော်ခန့် ရှိကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီး ဌာနထံမှ သိရသည်။
လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းအိမ်ရာ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ယုဇနအပိုင်း (၁)၊ (၂) နှင့် ကနောင်အိမ်ရာတို့မှ တည်ဆောက်ပြီးစီးခဲ့သည့် တန်ဖိုးနည်း တိုက်ခန်း ၉၀ဝ ခန့်ကို ၈၉ သိန်းမှ ၁၃၅ သိန်းစသည့် ဈေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ပြီး အိမ်ရာ ဝယ်ယူရန် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) တွင် တိုက်ခန်း တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းအထိ ငွေစုဆောင်းထားရှိပြီး ဘဏ်ချေးငွေ ရယူနိုင်ရန် လစဉ် ပေးဆပ်နိုင်စွမ်းရှိသည့် ပုံမှန်ဝင်ငွေ ရှိသူများကို ရောင်းချသွားမည်ဖြစ်သည်။
အိမ်ရာ စုဆောင်းငွေစာရင်း ဖွင့်လှစ်ထားသူများသည် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ (မြေညီထပ်)၊ အမှတ်(၂၂၈/၂၃၄)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်တွင် ယခုလ ၃၁ ရက်အထိ လျှောက်လွှာများ ဝယ်ယူကာ လျှောက်ထားနိုင်သည်။
Credit: The Voice