ဟောင်ကောင်အနောက်ဖျား၊ Tuen Mun ခရိုင်တွင် ဆောက်လုပ်လျက်ရှိသော Tplus အဆောက်အအုံစီမံကိန်းတွင် ဆောက်လုပ်မည့် လူနေခန်းများသည် ဟောင်ကောင်တွင် အသေးငယ်ဆုံးလူနေခန်းများ ဖြစ်လာမည်ဖြစ်ပြီး တစ်လလျှင် ငှားရမ်းခ ဒေါ်လာ ၄၀၀၀ (မြန်မာငွေ ၇၀၂၀၀၀ ) ခန့် ပေးရဖွယ်ရှိကြောင်း ဟောင်ကောင်အခြေစိုက်
သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
TPlus အဆောက်အအုံမှာ လက်ရှိအားဖြင့် ဆောက်လုပ်ဆဲဖြစ်ပြီး အခန်းအရွယ်အစားမှာ ၁၂၈ စတုရန်းပေ (၁၂ စတုရန်းမီတာ) မှ စတင်သည်ဟု ဆိုသည်။
ယင်းလူနေခန်းများ၏ အနိမ့်ဆုံးငှားရမ်းခမှာ တစ်လလျှင် ဟောင်ကောင်ဒေါ်လာ ၄၀၀၀ ဖြစ်ရာ တစ်စတုရန်းပေလျှင် ၃၁ ဒေါ်လာနှုန်း ဖြစ်သည်။
အဆိုပါငှားရမ်းခမှာ အနီးဝန်းကျင်ရှိ ပျှမ်းမျှလူနေခန်းငှားရမ်းခထက် ပိုမိုများပြားနေခြင်းကြောင့် ဝင်ငွေနည်းပါးသူများအဖို့ property ladder ဟူသော အိမ်ခြံမြေတိုးတက်ပိုင်ဆိုင်မှု စီမံကိန်းမှ သွေဖည်သွားကြဖွယ်ရှိကြောင်း ရတက်မအေးဖြစ်နေမှုများ ရှိသည်။
အခန်းအကျယ်အဝန်းမှာ အသေးငယ်ဆုံးဖြစ်ခြင်းကြောင့် “nano flats” ဟု တင်စားခေါ်ဝေါ်ကြသည်။
အဆိုပါအခန်းများ၏ အကျယ်အဝန်းမှာ ပုံမှန်ကားရပ်နားရန်နေရာ အကျယ်အဝန်းဖြစ်သော ၁၃၄ စတုရန်းပေအောက်ပင် ကျဉ်းမြောင်းလျက်ရှိကြောင်း Many Wells အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာ ချောင်ချွိုင်ကွမ်က ပြောကြားသည်။
TPlus အဆောက်အအုံတည်ရှိရာ အနီးဝန်းကျင်၏ ပျှမ်းမျှလူနေခန်း ငှားရမ်းခမှာ တစ်စတုရန်းပေလျှင် ဟောင်ကောင်ငွေ ၂၄ ဒေါ်လာမှ ၂၆ ဒေါ်လာကြားဖြစ်ရာ ယခုဈေးနှုန်းမှာ ၁၉ ရာခိုင်နှုန်းမှ ၂၉ ရာခိုင်နှုန်းအထိ ပိုမိုမြင့်မားလျက်ရှိသည်။
ဟောင်ကောင်တွင် စတုရန်းပေ ၄၃၀ အောက် သေးငယ်သောလူနေခန်းများ ငှားရမ်းရမှုနှုန်း နှစ်စဉ်မြင့်တက်မှု ပမာဏ ၁၀ ရာခိုင်နှုန်းရှိခဲ့ပြီး စတုရန်းပေ ၁၀၇၆ ပေမှ ၁၇၂၁ ပေအကြား လူနေခန်းများ ငှားရမ်းမှုနှုန်းမှာ ၃ ရာခိုင်နှုန်းသာ မြင့်တက်မှုရှိသည်။
ဈေးဝယ်စင်တာပေါင်းများစွာ ပိုင်ဆိုင်ထားသူ အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူ သူဌေးကြီး တန်ရှင်းဘော်က TPlus စီမံကိန်းကို Asia Allied Infrastructure Holdings ထံမှ ဟောင်ကောင်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ (ကန်ဒေါ်လာ ၁၅၃ သန်း) ဖြင့် ဝယ်ယူလိုက်ခြင်း ဖြစ်သည်။
တန်ရှင်းဘော်၏ သားဖြစ်သူ တန်ယုရှင်းက ပြောကြားရာတွင် အဆိုပါစီမံကိန်းကို အရောင်းထက် အငှားကိုသာ ပိုမိုဦးစားပေးသွားရန် ရည်မှန်းထားကြောင်း ပြောကြားသည်။
TPlus တွင် အကြီးမားဆုံးလူနေခန်းမှာ ၂၅၀ စတုရန်းပေရှိမည်ဖြစ်ပြီး
လာမည့် ၂၀၁၈ ခုနှစ် ၊ စက်တင်ဘာလတွင် အပြီးသတ်ဆောက်လုပ်နိုင်ရန် ရည်မှန်းထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)