အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၏ နာမည်ကျော် ဆီလီကွန်တောင်ကြားတွင် လူနေအိမ်ခန်း ရှားပါးမှုမှာ အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိနေရပြီဖြစ်ရာ ဖေ့စ်ဘုတ်ကုမ္ပဏီ Facebook Inc က ၎င်းတို့၏ ရုံးချုပ်အနီးတွင် လူနေခန်းပေါင်း ၁၅၀၀ ခန့် ပထမဆုံးအဖြစ် ဆောက်လုပ်သွားရန် စီစဉ်လျက်ရှိကြောင်း ဘန်ကောက်အခြေစိုက် သတင်းဝက်ဆိုက်၏ သတင်းတစ်ရပ် တွင် ဖော်ပြသည်။
Facebook ၊ Google နှင့် အခြားသော နည်းပညာကုမ္ပဏီများစွာ အပြိုင်းအဆိုင် ဖွံ့ဖြိုးလာခြင်းသည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ထောင်နှင့်ချီ၍ မြင့်တက်လာသော ဝန်ထမ်းဦးရေအတွက် ကြိုတင်ပြင်ဆင်ထားမှု မရှိသေးသည့် San Francisco Bay ဒေသအဖို့ ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်လာခဲ့သည်။
အိမ်ခြံမြေရောင်း၊ ဝယ်၊ ငှားဈေးနှုန်းများ အလွန်ခေါင်ခိုက်လာသည့်အပြင် ရုံးတက်ရန်သွားလာရသည့် ကြာမြင့်ချိန်မှာလည်း မြင့်တက်လာခဲ့သည်။
နည်းပညာကုမ္ပဏီများက ဘတ်စ်ကားအချိန်ကြာမြင့်စွာ စီး၍ရုံးတက်ရသည့်ဝန်ထမ်းများအတွက် အင်တာနက်လွှင့်ပေးခြင်းနှင့် ဖေ့စ်ဘုတ်ကလည်း ရုံးအနီးသို့ ရွှေ့ပြောင်းလာမည့် ဝန်ထမ်းများအား ဒေါ်လာ ၁၀၀၀၀ ပေးခြင်းတို့ကဲ့သို့ ကူညီမှုများ ရှိခဲ့သည်။
သို့စေကာမူ နည်းပညာကုမ္ပဏီများကြောင့် အနီးဝန်းကျင်ဒေသတစ်ခွင် အိမ်ခြံမြေဈေးနှုန်းမြင့်တက်စေခြင်း၊ နေအိမ်ခန်းရှားပါးမှု ပြဿနာကို ကူညီဖြေရှင်းပေးမှုမရှိခြင်းဟူသော အချက်များဖြင့် ဝေဖန်မှုများ ရှိနေသည်။
“ဆီလီကွန်တောင်ကြား တွေ့ကြုံနေရတဲ့ ပြဿနာကတော့ မြင့်တက်လာတဲ့ ဝန်ထမ်းအင်အားအလိုက် နေအိမ်ခန်း ဖြည့်တင်းပေးနိုင်ခြင်း မရှိတာပါပဲ” ဟု CoreLogic အိမ်ခြံမြေသုတေသနအဖွဲ့မှ စီးပွားရေးပညာရှင် ဆမ်ခါတာက ပြောကြားသည်။
ဖေ့စ်ဘုတ်က ဆောက်လုပ်သွားမည့် အိမ်ခန်းပေါင်း ၁၅၀၀ ကို ဝန်ထမ်းများသာမကဘဲ လူတိုင်းနေထိုင်နိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ပြီး ၁၅ ရာခိုင်နှုန်းကို ဈေးကွက်ပေါက်ဈေးအောက် နည်းပါးသောပမာဏဖြင့် ရောင်းချ၊ ငှားရမ်းသွားမည်ဖြစ်သည်ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မန်လိုပါ့ခ်မြို့တော်ဝန် ခရစ္စတန်ကိတ်သ်က ပြောကြားရာတွင် ဖေ့စ်ဘုတ်၏ စီမံကိန်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုဆိုးရွားလာမည်ဟူသည့် ရတက်မအေးဖြစ်ရမှုများရှိနေကြောင်း ပြောကြားသည်။
သို့ရာတွင် ယင်းစီမံကိန်းသည် မြို့တော်ဖွံ့ဖြိုးရေး ရေရှည်စီမံကိန်းနှင့် လိုက်လျောညီထွေရှိကြောင်းလည်း ကိတ်သ်က ဆက်လက်ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)