မွန်ပြည်နယ်ရှိ သထုံစက်မှုနယ်မြေမှာ စီးပွားရေးလုပ်ငန်းများ
ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဖို့အတွက် စိတ်ဝင်စားတဲ့ ပြည်တွင်း၊ ပြည်ပ
ကုမဏီ ၇ ခုက တင်ပြထားတယ်လို့ စက်မှုဝန်ကြီးဌာနမှ
သိရပါတယ်။
သထုံစက်မှုနယ်မြေမှာ ဧရိယာ ၆၇၈ ဧကမှာ စီးပွားရေးလုပ်ငန်းများ
လုပ်ကိုင်ဖို့အတွက် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းများက စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of interest )ခေါ်ယူထားပြီး ပြည်တွင်း၊ ပြည်ပ
ကုမ္ပဏီ ၇ ခု ကရင်းနှီးမြှုပ်နှံဖို့အတွက် အဆိုပြုလွှာများတင်ပြထားပါတယ်။
စိတ်ဝင်စားရင်းနှီးမြှုပ်နှံလိုတဲ့ ကုမ္ပဏီတွေရဲ့ လုပ်ငန်းအဆိုပြုလွှာတွေကို စက်မှုဝန်ကြီးဌာနက စိစစ်ဆောင်ရွက်နေတယ်လို့ ၀န်ကြီးဌာနမှ တာဝန်ရှိသူများက ပြောပါတယ်။
ဒေသဖွံ့ဖြိုးနေရေး၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး၊နိုင်ငံအတွက် အကျိုးရှိမယ့် လုပ်ငန်းတွေကို ဦးစားပေး
ရွေးချယ်နေတယ်လို့ ဆိုပါတယ်။
တင်ပြထားတဲ့ ကုမ္ပဏီလုပ်ငန်းတွေမှာ သဘာဝဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း၊ အချိုရည်လုပ်ငန်း၊ ဒေသထွက်ရော်ဘာသန့်စင်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းနဲ့
ရော်ဘာဆက်စပ်ပစ္စည်း တို့ပါဝင်တင်ပြထားခြင်းဖြစ်ပါတယ်။
သထုံစက်မှုနယ်မြေအတွင်း ဆိုလာနည်းပညာသုံးမဂ္ဂါဝပ် ၃၀ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက်လေ့လာနေပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးဆောင်ရွက်ပါက စက်ရုံများရဲ့ ဓာတ်အားသုံးစွဲမှုနဲ့ နိုင်ငံတော် လျှပ်စစ်ဓာတ်အား လိုအပ်လျက်ကို
ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။
လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ သထုံစက်မှုနယ်မြေမှာ ယခင်က စက်မှုဝန်ကြီးဌာနလက်အောက်ရှိ ကော့စတစ်ဆိုဒါစက်ရုံ(သထုံ) ဖြစ်ခဲ့ပြီးယခုအခါမှာ သထုံစက်မှုနယ်မြေအဖြစ် ပြောင်းလဲ
အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။
လက်ရှိအစိုးရလက်ထက်မှာ စက်မှုဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံပိုင်စက်ရုံ ၄၇ ရုံ ရှိနေပြီးယင်းတို့အနက် အရှုံးပေါ်ခဲ့တဲ့ နိုင်ငံပိုင်စက်ရုံ ၃ ခုကို
ပုဂ္ဂလိကသို့ လွှဲပြောင်းခဲ့ကာ စက်ရုံတစ်ရုံကိုမူရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ ကျောက်ဆည်နဲ့ ပုသိမ်က မှန်စက်ရုံ ၂ ရုံနဲ့ ကျောက်ဆည်က
မီးခံအုတ်စက်ရုံ တို့ကို ပုဂ္ဂလိကသို့ လွှဲပြောင်းခဲ့ပြီး
သထုံမှ ကောစတစ်ဆိုဒါစက်ရုံကိုမူ ရပ်ဆိုင်းလိုက်ပြီ
ဖြစ်ပါတယ်။
ဇွန် ၁၁ ရက်မှာ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်တဲ့ အဖွဲ့က သထုံစက်မှုနယ်မြေသို့ သွားရောက်ခဲ့ပါတယ်။
Credit: SFJ Strategy First