အိန္ဒိယနိုင်ငံ Meghalaya ပြည်နယ်နဲ့ မြန်မာနိုင်ငံတို့ကို ချိတ် ဆက်သွယ်တန်းမယ့် အမြန်လမ်းမ ဖောက်လုပ်ရေး စီမံကိန်း ကိုတော့ လာမယ့်လထဲမှာ စတင်လုပ်ဆောင်ဖွယ် ရှိနေပြီ ဖြစ်ကြောင်း အိန္ဒိယ ပို့ဆောင်ရေးဝန်ကြီး Nitin Gadkari က မေလ ၃၀ ရက်မှာ ပြောကြားလိုက်ပါတယ်။
အိန္ဒိယ-ထိုင်း- မြန်မာ သုံးနိုင်ငံအကြား သုံးနိုင်ငံ စာချုပ် တစ်စိတ် တစ်ဒေသအနေနဲ့ အဆိုပါ အိန္ဒိယ-မြန်မာ အမြန်လမ်းဖောက်မယ့် အစီအစဉ် ကို ဖော်ဆောင်ရဖို့ ရှိနေတာဖြစ်ပါတယ်။
အဆိုပါ နိုင်ငံသုံးနိုင်ငံအကြားမှာတော့ ကီလိုမီတာ ၁,၄၀၀ ရှည်လျားတဲ့ အမြန်လမ်းမကြီးတစ်ခု ဖောက်လုပ်သွားဖို့ ရှိနေပြီး ယင်းလမ်းမကြီးကြောင့် အိန္ဒိယနဲ့ အရှေ့တောင်အာရှဒေသတို့ အကြား ချိတ်ဆက်ပြီးသား ဖြစ်သွားမှာ ဖြစ်သလို နိုင်ငံတွေအကြား ကုန်စည် စီးဆင်းမှု၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ ခရီးသွား လုပ်ငန်းပိုင်းတို့မှာ ပိုမိုတိုးမြင့်ပူးပေါင်းလုပ်ကိုင်လို့ရသွားတော့မှာ ဖြစ်ပါတယ်။
" Meghalaya ပြည်နယ်နဲ့ မြန်မာတို့အကြား အမြန်လမ်း ဖောက်မယ့် စီမံကိန်းကို ကျွန်တော်တို့ လာမယ့်လထဲ စကောင်း စနိုင်ပါတယ်၊ ဒီစီမံကိန်း ကုန်ကျစရိတ်ကိုတော့ ရူပီး ကုဋေ ၅,၀၀၀ သတ်မှတ် ထားပါတယ်" လို့ အိန္ဒိယ ပို့ဆောင်ရေးဝန်ကြီး Gadkari က ပြောပါတယ်။ အလားတူ အိန္ဒိယအစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကို ဖြတ်ပြီး မြန်မာနိုင်ငံထိ ဆက်သွယ်ပေါက်ရောက်မယ့် ရေလမ်းကြောင်း တစ်ခု ဖွင့်လှစ်ဆက်သွယ်နိုင်ဖို့ကိုလည်း စီစဉ်နေကြောင်း ၎င်းက ထပ်လောင်းပြောကြားသွားပါတယ်။
" ရေလမ်းကြောင်းတွေဟာ ကုန်လမ်း၊ မီးရထားလမ်းတွေထက် ပိုမို စရိတ်အကုန်အကျ သက်သာပါတယ်၊ ဒါကြောင့် မြန်မာနဲ့ ပဲဖြစ်ဖြစ် ဘင်္ဂလားဒေ့ရှ်နဲ့ပဲ ဖြစ်ဖြစ် ကုန်သွယ်ဖို့ လိုလာမယ့် ကုန်ပစ္စည်းတွေကို စရိတ်သက်သက်သာသာနဲ့ ကုန်သွယ်နိုင်ပါ လိမ့်မယ်၊ ဒီစီမံကိန်းကိုလည်း ၂၀၁၈ မတိုင်ခင် အပြီးလုပ်ဖို့ရှိပါတယ်" လို့ Gadkari က ပြောသွားပါတယ်။
Credit: SFJ Strategy First