ယခု ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း စည်ပင်သာယာ လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကျပ်ဘီလီယံခြောက်ဆယ် လျာထားသတ်မှတ်ထားကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာ (လမ်းနှင့်တံတား)ဌာနမှသိရသည်။
အဆိုပါဌာနမှ ယခုနှစ်အတွက် ဆောင်ရွက်မည့် လုပ်ငန်းများအနေဖြင့် လမ်းများ ပြုပြင်ခြင်း၊ တိုးချဲ့ခြင်း၊ ရေနုတ်မြောင်းများ ပြုပြင်ခြင်းလုပ်ငန်းနှင့် လူသွားစင်္ကြံများ တိုးချဲ့ခြင်းလုပ်ငန်းများအပြင် ကားပါကင်နေရာများ ချဲ့ထွင်ခြင်းလုပ်ငန်းများကို စည်ပင်သာယာ နယ်နိမိတ် ၃၃ မြို့နယ်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
''နှစ်စဉ် ရေကြီးရေလျှံမှု ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ရေနုတ်မြောင်းတွေကို ပြုပြင်တာတို့ အသစ်ဖောက်လုပ်တာတွေကိုလဲ ဒီနှစ်မှာ ဆက်ပြီးလုပ်သွားမှာပါ။ လူသွား စင်္ကြံတွေ၊ ကားပါကင်နေရာတွေကိုလဲ ရသလောက်ဆောင်ရွက်သွားမှာပါ''ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာလမ်းနှင့် တံတားဌာနမှ ဒုတိယဌာနမှူး ဦးစိုးသိန်းအောင်က ပြောသည်။
ထိုသို့ စည်ပင်နယ်နိမိတ် ၃၃ မြို့နယ် အတွင်းရှိလမ်းများ၊ ရေနုတ်မြောင်းများနှင့် လူသွားစင်္ကြံများ ဆောင်ရွက်နိုင်ရန် ငွေကျပ် ခြောက်ဆယ်ဘီလီယံခန့် သုံးစွဲရန်လျာထား သတ်မှတ်ထားခြင်းဖြစ်ကြောင်းသိရသည်။ နှစ်စဉ် မြို့တွင်းလမ်းပိုင်းများ တိုးချဲ့၍ ရေနုတ်မြောင်းများအား ဆောင်ရွက်နေသော်လည်း ရေကြီးရေလျှံမှုပြဿနာအား ထိရောက်စွာ ဖြေရှင်းနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်း၌ မြစ်ထွက်ပေါက်သွားရာ တောင်မြောက်ဆက်သွယ်ထားသည့် လမ်းများရှိ ရေနုတ်မြောင်းများအား တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ရာတွင် လမ်းမတော်လမ်း၊ အောင်ရတနာလမ်း၊ ဝါးတန်းလမ်း၊ ဘုန်းကြီးလမ်း၊ လမ်းသစ်လမ်း၊ ရွှေဘုံသာလမ်း၊ ဗိုလ်ဆွန်ပက်လမ်း၊ ရွှေတိဂုံဘုရားလမ်း၊ ဘားလမ်း၊ သိမ်ဖြူလမ်း၊ ဗိုလ်မြတ်ထွန်းလမ်း၊ ဗိုလ်တထောင်ဘုရားလမ်းများချဲ့ခြင်း လုပ်ငန်းများကိုပါ ဆောင်ရွက်ပြီးစီးခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတွင်း၌ လမ်းများတံတားများ ဆောက်လုပ်ခြင်း၊ ရေ မြောင်းများ ပြုပြင်ခြင်းနှင့် အသစ်ဖောက်လုပ်ခြင်း၊ လူသွားစင်္ကြံများနှင့် ကားပါကင်နေရာများ ချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ငွေကျပ်သုံးဆယ်ဘီလီယံ သုံးစွဲခဲ့ကြောင်း သိရသည်။
Credit: Yangon Media Group