သင်္ကြန်ပိတ်ရက်ခံခဲ့ သော ဧပြီအတွင်း ရန်ကုန်စတော့အိတ်ချိန်းတွင် ကျပ်ငွေ ၁ ဒသမ ၂ ဘီလီယံကျော် အရောင်းအ၀ယ်ဖြစ်ပြီး ၂၀၁၇ အ တွင်း အနည်းဆုံးရှယ်ယာအရောင်းအ၀ယ်ဖြစ်ခဲ့သည့် လဖြစ်ကြောင်း ရန်ကုန်စတော့အိတ်ချိန်းက ထုတ်ပြန်သည်။
အဆိုပါပမာဏသည် မတ် လအတွင်း ရှယ်ယာစုစုပေါင်း ကျပ် ၃ ဒသမ ၄ ဘီလီယံခန့်နှင့် နှိုင်းယှဉ်ပါက သုံးဆခန့်လျော့နည်းခဲ့သည်။
ရန်ကုန်စတော့အိတ်ချိန်း စတင်ဖွင့်လှစ်ခဲ့သည့် တစ်နှစ်ကျော်အတွင်း ၂၀၁၇ ဧပြီသည် ရှယ်ယာအနည်းဆုံးအရောင်းအ၀ယ်ဖြစ်သည့်လ ဖြစ်သည်။
ဧပြီတွင် သီလ၀ါအထူး စီးပွားရေးဇုန်အများပိုင်ကုမ္ပဏီ (MTSH) သည် ရှယ်ယာအရောင်းအ၀ယ်ကျပ်သန်း ၅၀၀ ခန့် အများ ဆုံးရှယ်ယာအရောင်းအ၀ယ်ဖြစ် ခဲ့သည်။ မြန်မာနိုင်ငံသားများ ဘဏ် (MCB) က ကျပ် ၉၅ သိန်းကျော်ဖိုး အရောင်းအ၀ယ်ဖြစ်ခဲ့ သည်။
‘‘ကုမ္ပဏီတွေဘက်က လုပ် ငန်းတွေ ထပ်ချဲ့လာတော့ ဒီနှစ် အစပိုင်းမှ စတော့ကို လူတွေက ပြန်စိတ်ဝင်စားလာတယ်။ ဧပြီ လကတော့ သင်္ကြန်ပိတ်ရက်တွေ များတော့ လူတွေက စိတ်မ၀င်စား တာလည်းပါတယ်’’ဟု စတော့ ရှယ်ယာဝယ်ယူထားသည့် ကိုစည်သူက ပြောသည်။
၂၀၁၇ ပထမ လေးလအတွင်း ရန်ကုန်စတော့အိတ်ချိန်းတွင် ကျပ်၁၀ဒသမ ၅ ဘီလီယံကျော် အရောင်းအ၀ယ်ဖြစ်ခဲ့ပြီး ၂၀၁၆ အတွင်း ကျပ် ဘီလီယံ ၇၀ ကျော်ဖိုး အရောင်းအ၀ယ်ဖြစ်ခဲ့သည်။
၂၀၁၆ မတ်လတွင် ရန်ကုန် စတော့အိတ်ချိန်း၌ အများပိုင် ကုမ္ပဏီတစ်ခုသာရှိ သော်လည်းရှယ်ယာအမြင့်ဆုံးအရောင်းအ၀ယ်ဖြစ်သည့် ကာလဖြစ်ပြီး စုစုပေါင်း ရှယ်ယာကျပ် ၂၄ ဘီလီယံကျော်ဖိုးအရောင်းအ၀ယ်ဖြစ်ခဲ့သည်။ ၂၀၁၆ ဒီဇင်ဘာတွင် ကျပ် ၁ ဒသမ ၅ ဘီလီယံကျော်ဖိုးအရောင်းအ၀ယ်ဖြစ်ပြီး အနိမ့်ဆုံးအရောင်းအ၀ယ်ဖြစ်ခဲ့သည့်ကာလ ဖြစ်သည်။
၂၀၁၇ မတ်လတွင် ထုတ်ပြန်သည့် Oxford Business Group စစ်တမ်း၌ ပြည်တွင်းကုမ္ပဏီ ၅၇ ဒသမ ၁ ရာခိုင်နှုန်းသည် ရန်ကုန် စတော့အိတ်ချိန်းသို့ ၀င်ရောက် ရန် စိတ်ဝင်စားမှုမရှိကြောင်းနှင့် ၀င်ရောက်နိုင်ခြေရှိသည့် ကုမ္ပဏီ ၁၇ ဒသမ ၁ ရာခိုင်နှုန်းသာရှိကြောင်း ဖော်ပြထားသည်။
Credit: 7Daydaily