ကမ္ဘာကျော် ရော့ခ်အင်ရိုးဂီတအဖွဲ့ကြီးဖြစ်သော ရိုးလင်းစတုန်းမှ ဂစ်တာသမားဖြစ်သူ ကိတ်ရစ်ချတ်၏ နယူးယောက်တိုက်ခန်း မှာ ရောင်းမထွက်သေးဘဲ အရောင်းဈေးကွက်တွင်ရှိနေဆဲဖြစ်ကြောင်း သြစတေးလျအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
နယူးယောက်မြို့၊ ပဉ္စမရိပ်သာလမ်းတွင် တည်ရှိပြီး အိပ်ခန်းလေးခန်း ပါဝင်သည့် အခန်းကို ၂၀၁၆ ခုနှစ်အတွင်း ၄ ကြိမ်တိုင် အရောင်းဈေးကွက်တင်ခဲ့ကာ ယခုတိုင် ရောင်းမထွက်သေးဘဲ လက်ရှိအားဖြင့် ကန်ဒေါ်လာ ၁၂ ဒသမ ၂၃ သန်း ဈေးခေါ်ထားသည်။
ရစ်ချတ်နှင့် ဇနီးဖြစ်သူ ပက်တီ ဟန်ဆန်တို့သည် အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၄ ခန်းပါသည့် ယင်းနေအိမ်ခန်းကို ၂၀၁၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
နေအိမ်ခန်း၏ ပင်မအရောင်မှာ အဖြူရောင်ဖြစ်ပြီး မီးခိုးရောင်ပရိဘောဂများ ဖြည့်တင်းထားသည်။
နံရံများကို ဝက်သစ်ချသားဖြင့် အလှဆင်ထားပြီး ရေချိုးခန်းတွင် စကျင်ကျောက်များ ခင်းပေးထားသည်။
နယူးယောက်၏ နာမည်ကျော် ဂရင်းဝစ်ကျေးရွာအတွင်းတွင် တည်ရှိပြီး ၁၉၂၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ မူလက ဟိုတယ်အဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။အာ့ဒက်ကို ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး ၂၀၁၁ ခုနှစ်တွင် ဗိသုကာပညာရှင် ဂျိုး ဆာရင်းစ်က အကြီးစားမွမ်းမံမှုများ ပြုလုပ်ခဲ့သည်။
ကိတ်ရစ်ချတ်၏ အခန်းတွင် လသာဆောင် ၃ ခုပါဝင်ပြီး ကြီးမားကျယ်ပြန့်သော အဝတ်အစားထားသိုခန်းများ ပါဝင်သည့်အပြင် စာကြည့်ခန်းတစ်ခုလည်း ထည့်သွင်းထားသည်။
နေအိမ်ခန်းအတွင်းတွင် အဆင့်မြင့်အသံစနစ်လည်း ထည့်သွင်းထားကာ မန်ဟက်တန်တစ်ခွင်လုံးကို ကောင်းစွာတွေ့မြင်နိုင်သည့် နေရာတွင် တည်ရှိသည်။ကြီးမားသော မှန်တံခါးများ၊ ပြတင်းများ တပ်ဆင်ပေးထားခြင်းကြောင့် သဘာဝအလင်းရောင်ကို ကောင်းစွာ ရရှိနိုင်သည့် အခန်းတစ်ခုလည်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)