အကယ်၍ သင်သာ ဒေါ်လာသန်းပေါင်းများစွာ ချမ်းသာသည့် ကမ္ဘာကျော်တစ်ဦးဖြစ်နေမည်ဆိုပါက မည်သည့်အရာများ လုပ်ဆောင်လိမ့်ပါမည်နည်း။
ပရဟိတအလုပ်များ သင်လုပ်မည်၊ မလုပ်မည်ဟူသည်မှာ မသေချာလှသော်လည်း တန်ဖိုးကြီးဇိမ်ခံနေအိမ်ကြီးများကို ဇာတိမြို့၊ အခြားမြို့ ကမ္ဘာကျော် မြို့ကြီးများတွင် အနှံအပြား ဝယ်ယူလိမ့်မည်ကား သေချာလှသည့်အပြင် ကမ္ဘာကျော်များသည် ဇိမ်ခံ
နေအိမ်များစွာ ဝယ်ယူနေထိုင်ကြလိမ့်မည်ဟုသာ တစ်ထစ်ချ ကောက်ချက်ဆွဲမည်သာ ဖြစ်လေသည်။
သို့စေကာမူ သင့်အယူအဆ အမြဲတစေကား မှန်ကန်ခြင်း မရှိချေ။ အချို့သော ကမ္ဘာ့ထိပ်တန်းကြယ်ပွင့်များမှာ နေအိမ်ဝယ်ယူရန်ထက် ငှားရမ်းနေထိုင်ခြင်းကို ပိုမိုနှစ်သက်ကြသည်ဟူသည်ကိုသာ သင်သိလျှင်များစွာအံ့အား သင့်မည်အမှန်ပင် ဖြစ်၏။
အောက်ဖော်ပြပါ ကမ္ဘာကျော်များမှာ ဒေါ်လာသန်းပေါင်းများစွာ ချမ်းသာကြွယ်ဝသည့်တိုင် အိမ်ငှားဘဝတွင်သာ ကျင်လည်နေကြသူ
များ ဖြစ်သည်။
ဘီယွန်းဆေးနှင့် ဂျေးဇက် (Beyonse and Jay-Z)
ဖော့ဘ်မဂ္ဂဇင်းကြီး၏ ခန့်မှန်းချက်အရဘီယွန်းဆေးနှင့် ဂျေးဇက်တို့ စုံတွဲသည် ကန်ဒေါ်လာသန်း ၈၅၀ ခန့် ချမ်းသာကြွယ်ဝကြောင်း ခန့်မှန်းထားသည်။
ယင်းပမာဏချမ်းသာကြွယ်ဝသည့်တိုင် ၎င်းတို့နှစ်ဦးတွင် အပိုင်ဝယ်ယူထားသော နေအိမ်တစ်လုံးမျှမရှိ။ ကမ္ဘာပေါ်ရှိ ပရိသတ်အများစုနည်းတူ အိမ်ငှားဘဝဖြင့်သာ ကျင်လည်လျက်ရှိ၏။
ဘီယွန်းဆေးတို့ နောက်ဆုံးငှားရမ်းနေထိုင်ခဲ့သည်မှာ လော့စ်အိန်ဂျလိစ် တွင်ဖြစ်ပြီး ပိုင်ရှင်ကနေ အိမ်ကိုရောင်းချရန် ဆုံးဖြတ်လိုက်သောကြောင့် ရွှေ့ပြောင်းပေးခဲ့ရခြင်းဖြစ်သည်။ ကမ္ဘာကျော်ပုဂ္ဂိုလ်များသည်ပင်လျှင် နေအိမ်မှ မောင်းချခံရ နိုင်ကြောင်းကို ဘီယွန်းစေးတို့စုံတွဲက သက်သေပြလိုက်ခြင်းလည်း ဖြစ်လေသည်။
လက်ရှိအားဖြင့် ဟွမ်ဘီဟေးလ်ရှိကန်ဒေါ်လာ ၄၅ သန်းတန် နေအိမ်ကြီးကို တစ်နှစ်စာချုပ်ဖြင့် ငှားရမ်းနေထိုင်လျက်ရှိ၏။ လက်ရှိငှားရမ်းနေထိုင်သောနေအိမ်သည် ယခင်က LA Dodgers ၏ ပိုင်ရှင် ဖရန့်ခ်မက်ကော့ထ်၏ နေအိမ်ဖြစ်ပြီး နောက်ပိုင်းတွင် ဗြိတိသျှဘီလျံနာတစ်ဦးသို့ ရောင်းချခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သော နှစ်ပိုင်းများကမူနေအိမ်အများအပြား လိုက်လံကြည့်ရှုကာ ဝယ်ယူရန် စဉ်းစားခဲ့ဖူးသေးသည်။ ဖော့ဘ်မဂ္ဂဇင်းကြီး၏ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် အနုပညာကြေးအမြင့်ဆုံးစုံတွဲဖြစ်သည်ဟုဆိုသည်။
ဂျပ်စတင်ဘီဘာ (Justin Bieber)
ကာလာဘာဆက်စ်ရှိနေအိမ်ကို ခလိုကာဒါရှီယန်အား ရောင်းချလိုက်ပြီး နောက်ပိုင်း အိမ်ငှားဘဝဖြင့်သာ ကျင်လည်လျက်ရှိပြီး တန်ဖိုးကြီးဇိမ်ခံနေအိမ်ပေါင်း များစွာ ငှားရမ်း နေထိုင်ခဲ့ပြီးဖြစ်သည်။
လက်ရှိငှားရမ်းနေထိုင်လျက်ရှိသည်မှာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြောက်ပိုင်း ရှိ ခမ်းနားထည်ဝါသော နေအိမ်ကြီးတစ်လုံးဖြစ်ပြီး တစ်လလျှင် ကန်ဒေါ်လာ ၁၇၆၅၄၃ ပေးရသည်ဟု ဆိုသည်။
သန်းကြွယ်သူဌေးတန်းဟု နာမည်ကျော်သော The Bishops Avenue တွင် တည်ရှိသည်။
ကော့စ်မိုပိုလီတန်မဂ္ဂဇင်းကြီး၏ ထုတ်ဖော်ရေးသား ချက်အရ ဘီဘာသည် လော့စ်အိန်ဂျလိနှင့် ဗြိတိန်တွင် တစ်လှည့်စီနေထိုင်ရန် စီစဉ်ထားသည်ဟုဆိုသည်။
လော့စ်အိန်ဂျလိသည် ဘီဘာ၏ အခြေချရာဒေသ ဖြစ်သည်။ ၂၀၁၆ ခုနှစ် မေလကတည်းကပင် လော့စ်အိန်ဂျလိစ်မြို့၊ တိုလူကာရေကန်ကြီးအနီးတွင် ကမ်းခြေနေအိမ်တစ် လုံးငှားရမ်းထားခဲ့ပြီး ဖြစ်သည်။
အဆိုပါ နေအိမ်အတွက် တစ်လလျှင် ကန်ဒေါ်လာ ၈၀ဝ၀ဝ ပေးရပြီး အိပ်ခန်း ၁၀ ခန်းပါဝင်ကာ ကိုယ်ပိုင်လှေဆိပ်နှင့် လှေတို့ပါဝင်သည်။
ရီဟားနား (Rihanna)
လော့စ်အိန်ဂျလိစ်မြို့၊ Pacific Palisades ရှိနေအိမ်ကို ၂၀၁၄ ခုနှစ်တွင် အရောင်းဈေးကွက်သို့ တင်လိုက်ပြီးနောက်ပိုင်းကတည်းက ရီဟားနားသည် အိမ် ငှားနေထိုင်လျက်ရှိရာတစ်လလျှင် ကန်ဒေါ်လာ ၆၀ဝ၀ဝ ပေးရသည်။
Pacific Palisades နေအိမ်တွင် နေထိုင်စဉ် လမ်းသွားလမ်းလာများက နေ့စဉ်နေအိမ်ရှေ့တွင် စုရုံးကြည့်ရှုနေကြခြင်းကြောင့် ရောင်းချခဲ့ခြင်းဖြစ်သည်။
ယခုငှားရမ်းနေထိုင်လျက်ရှိသောနေအိမ်မှာမူ ကြီးမားလုံခြုံပြီး ရီဟားနား က ခံတပ်ဟု အမည်ပြောင်ပေးထားသည်။
လေဒီဂါဂါ (Lady Ga Ga)
လေဒီဂါဂါသည် လွန်ခဲ့သော ၄ နှစ်၊ ၂၀၁၃ ခုနှစ်ကတည်းက ပင် အိမ်ငှားအဖြစ် နေထိုင်လျက်ရှိသည်မှာယနေ့တိုင်ဖြစ်သည်။
နယူးယောက်ရှိလူနေခန်းကို ခင်ပွန်းဟောင်းတေလာကင်နေး နှင့်အတူ ငှားရမ်းနေထိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ လူနေခန်းကိုယခင်က လီဇာမင်နယ်လီ၊ လန့်စ် အမ်း စထရောင်းနှင့် ဘရော့ဒ်ဝေးကြယ်ပွင့် မိုက်ကယ်ဘဲနက်ထ်တို့ ပိုင်ဆိုင် ခဲ့ကြဖူးသည်။
နယူးယောက်လူနေခန်းအတွက် လေဒီဂါဂါပေးရသောငှား ရမ်းခမှာ တစ်လလျှင် ကန်ဒေါ်လာ ၂၂၀ဝ၀ ဖြစ်သည်။
လသာဆောင် ၄ ခုပါဝင်ပြီး စင်ထရယ်ပန်းခြံကိုအပေါ်စီးမှ မြင်နေရသည်။
မီးလင်းဖိုနှစ်ခုနှင့် လူတစ်ရပ်အမြင့်ရှိ အဝတ်အစားဗီရိုများ ပါဝင်သည်။
အိအိအေးအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com