၂၀၁၆ ခုနှစ် မတ် ၂၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ရန်ကုန်စတော့ အိတ်ချိန်းတွင် ၂၀၁၇ ခုနှစ် ဧပြီလကုန်အထိ ၁၄ လတာ ကာလအတွင်း ပိတ်ရက်များပြားသည့် ယခု နှစ် ဧပြီတွင် အရောင်းအ၀ယ် ဖြစ်ပေါ်မှု အနည်းဆုံးအဖြစ် စံချိန်တင်ခဲ့ပြီး စာရင်းဝင် ကုမ္ပဏီလေးခုမှ ကျပ် ၁ ဒသမ ၂ ဘီလျံကျော်သာ အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်စတော့ အိတ်ချိန်းတွင် လစဉ်ရှယ်ယာ အရောင်းအ၀ယ် ဖြစ်ပေါ်နေမှုမှာ မတ်တွင် ကျပ် ၂၄ ဘီလျံကျော်၊ ဧပြီတွင် FMI ကုမ္ပဏီ တစ်ခုတည်းမှ ကျပ်ငါးဘီလျံကျော်၊ မေ ၂၀ ရက်တွင် သီလ၀ါရှယ်ယာ စတင်ရောင်းချခဲ့ပြီး ကုမ္ပဏီနှစ်ခု ဖြစ်လာခဲ့၍ ကျပ် ၁၆ ဘီလျံကျော်၊ ဇွန်တွင် ကျပ်ခြောက်ဘီလျံ ကျော်၊ ဇူလိုင်တွင် ကျပ် ၃ ဒသမ ၇ ဘီလျံကျော် နှင့် သြဂုတ်၂၆ ရက်တွင် မြန်မာနိုင်ငံသားများဘဏ် ပါဝင်လာသော်လည်း ကုမ္ပဏီသုံးခုမှ ကျပ် ၂ ဒသမ ၉ ဘီလျံကျော်သာ အရောင်းအ၀ယ်ဖြစ်ခဲ့ပြီး စက်တင်ဘာတွင်လည်း ကျပ် ၂ ဒသမ ၄ ဘီလျံကျော်သာ အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့သည်။ အောက်တိုဘာတွင် သီလ၀ါ ရှယ်ယာများ ရှယ်ယာခွဲစိတ်မှုကြောင့် လူစိတ်ဝင်စားမှု များပြားလာသဖြင့် ကျပ်လေးဘီလျံကျော်ဖိုးအထိ အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့သည်။ နိုဝင်ဘာတွင်မူ အရောင်းအ၀ယ်ဖြစ်မှု ကျပ် ၂ ဒသမ ၂ ဘီလျံခန့်သာရှိခဲ့ပြီး ဒီဇင်ဘာတွင် ကျပ် ၁ ဒသမ ၆ ဘီလျံကျော်သာ အရောင်းအ၀ယ် ဖြစ်ပေါ်သဖြင့် စတော့အိတ်ချိန်း စတင်သည့် ၁၀ လအတွင်း ရောင်းအားကျဆင်းမှု အဆိုးဆုံး ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၆ ခုနှစ် အရောင်းအ၀ယ်ဖြစ်မှုမှာ ကျပ် ၇၀ ဒသမ ၇ ဘီလျံကျော်အထိ ရှိခဲ့သည်။
၂၀၁၇ ခုနှစ် ဇန်န၀ါရီတွင် ကျပ် ၂ ဒသမ ၈ ဘီလျံကျော်၊ ဖေဖော်ဝါရီတွင် ကျပ် ၃ ဒသမ ၁ ဘီလျံကျော်၊ မတ်တွင် ၃ ဒသမ ၄ ဘီလျံ ခန့်နှင့် ဧပြီတွင် ၁ ဒသမ ၂ ဘီလျံကျော် အရောင်းအ၀ယ် ဖြစ်ပေါ်ထားကာ စုစုပေါင်း ကျပ် ၈၁ ဘီလျံကျော် အရောင်းအ၀ယ် ဖြစ်ပေါ်ထားကြောင်း သိရသည်။
ရန်ကုန်စတော့ အိတ်ချိန်းတွင် နေ့စဉ်အရောင်းအ၀ယ်ဖြစ်မှု ကျဆင်းနေသဖြင့် လက်ရှိအချိန်တွင် နိုင်ငံခြားသားများကို မြန်မာကုမ္ပဏီများ၏ အစုရှယ်ယာများ ၀ယ်ယူခွင့်ပြုထားသည့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကြမ်း အတည်ပြုကာ ဥပဒေအဖြစ် ထွက်ပေါ်လာမည့်နေ့ကို စောင့်မျှော်နေသည်ဟု ရန်ကုန်စတော့ အိတ်ချိန်း၏ ပထမဆုံးစာရင်းဝင် ကုမ္ပဏီဖြစ်သည့် FMI ၏ ဥက္ကဋ္ဌ ဦးသိမ်းဝေက ပြောကြားသည်။
ဧပြီ ၂၈ ရက်အထိ ရန်ကုန်စတော့အိတ်ချိန်း၌ အရောင်းအ၀ယ် ဖြစ်ပေါ်နေသည့် ဈေးနှုန်းများမှာ FMI ရှယ်ယာတစ်စု ကျပ် ၁၆၅၀၀၊ သီလ၀ါ ရှယ်ယာတစ်စု ကျပ် ၄၀၀၀၊ မြန်မာနိုင်ငံသားများဘဏ် ရှယ်ယာတစ်စု ကျပ် ၉၀၀၀ နှင့် ပထမပုဂ္ဂလိကဘဏ် ရှယ်ယာတစ်စု ကျပ် ၂၉၀၀၀ ဖြင့် အရောင်းအ၀ယ် ဖြစ်ပေါ်နေကြောင်း သိရသည်။
Credit: Eleven Media Group