တောင်ကိုရီးယားဆောက်လုပ်ရေးကုမ္ပဏီအုပ်စုတစ်ခုသည်
ကူဝိတ်နိုင်ငံတွင် ဂေဟဗေဒနှင့်သဟဇာတဖြစ်မည့်
လူနေစမတ်မြို့တော်သစ်ကြီး တစ်ခုဆောက်လုပ်ပေးရန်
စီစဉ်နေကြောင်း တောင်ကိုရီးယားအခြေခံအဆောက်အအုံ
ဝန်ကြီးဌာနက ထုတ်ပြန်သည်ဟု အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါမြို့တော်သစ်ကြီးကို ကန်ဒေါ်လာ ၄ ဘီလီယံအထိ အကုန်အကျခံတည်ဆောက်မည်ဖြစ်ပြီး အိမ်ထောင်စုပေါင်း
၂၅၀၀၀ မှ ၄၀၀၀၀ အကြားနေထိုင်နိုင်မည်ဖြစ်ကာ
လာမည့် ၂၀၁၉ ခုနှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ
စတင်နိုင်ရန် မျှော်မှန်းထားသည်။
တောင်ကိုရီးယားဆောက်လုပ်ရေးကုမ္ပဏီများကို
ဦးဆောင်မည်မှာ
Posco A&C နှင့် ဟွန်ဒိုင်းဗိသုကာနှင့် အင်ဂျင်နီယာ
Associates Company ဖြစ်သည်ဟု ယုံဟက်ပ်
သတင်းအေဂျင်စီကလည်း ဖော်ပြထားသည်။
ယင်းစီမံကိန်းဆောက်လုပ်မည့် ဆောက်လုပ်ရေးကုမ္ပဏီ
အုပ်စုဖွဲ့စည်းနိုင်ရန် တောင်ကိုရီးယားအစိုးရက လာမည့်
၂၀၁၈ ခုနှစ်တွင် အကူအညီပေးသွားမည်ဖြစ်ပြီး ၂၀၁၉
ခုနှစ်တွင် အဆိုပါစီမံကိန်းပြီးမြောက်ရေးအတွက်
ရည်ရွယ်ကာ
သီးသန့်ကုမ္ပဏီတစ်ခုကို ဖွဲ့စည်းသွားမည် ဖြစ်သည်။
“ယခုစီမံကိန်းမှာ ပထမဆုံးစမတ်မြို့တော် ပို့ကုန်စီမံကိန်း
တစ်ခုဖြစ်ပြီး ဝန်ကြီးဌာနက အခိုင်အမာတွန်းအားပေးနေ
သည့် စီမံကိန်းဖြစ်သည်” ဟု တောင်ကိုရီးယား အခြေခံအဆောက်အအုံဝန်ကြီးဌာန၏
ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ကူဝိတ်တွင် ဖော်ဆောင်မည့် ယခုစီမံကိန်းက
အရှေ့အလယ်ပိုင်းတွင် အလားတူဂေဟဗေဒသဟဇာတဖြစ်မည့် မြို့တော်စီမံကိန်းများ ဆောက်လုပ်ခွင့်ရရှိလာရန် လမ်းခင်းပေးခြင်းလည်းဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
တောင်ကိုရီးယား မြေယာ၊ အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန (MOLIT) ဝန်ကြီး
ကန်ဟိုအင်နှင့် ကူဝိတ်အိုးအိမ်ဝန်ကြီး ယာဆာဟာဆန် အဗ္ဗဒူတို့က
၂၀၁၆ခုနှစ်ကတည်းက နားလည်မှုစာချွန်လွှာလက်မှတ်ရေး
ထိုးထားခဲ့ပြီးလည်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)