ကမ္ဘာပေါ်တွင် ဒုတိယမြောက်အသေးငယ်ဆုံးနိုင်ငံ မိုနာကိုနိုင်ငံတွင် penthouse အခန်းတစ်ခန်းကို ကန်ဒေါ်လာ ၃၃၅ သန်းဖြင့် ဈေးကွက်တင်လာရာ ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးဖြစ်လာကြောင်း အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
မိုနာကိုနိုင်ငံသည် ဗာတီကန်မြို့တော်ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယမြောက်အသေးငယ်ဆုံးနိုင်ငံဖြစ်ပြီး လူဦးရေ ၄၀၀၀၀ ခန့်သာ ရှိသည်။
၂ ဒသမ ၄ စတုရန်းကီလိုမီတာ ကျယ်ဝန်းသော ဗိုလ်တစ်ထောင်မြို့နယ်၏ အကျယ်အ၀န်းမျှပင်မရှိဘဲ ၂ ဒသမ ၀၂ စတုရန်း ကီလိုမီတာသာ ကျယ်ဝန်းလေသည်။
မိုနာကိုသည် ၀ယ်လိုအားမြင့်မားမှုကြောင့် ကမ္ဘာပေါ်တွင် အိမ်ခြံမြေဈေး အကြီးမြင့်ဆုံးနိုင်ငံဖြစ်လာလျက်ရှိသည်။
ယခုဈေးကွက်တင်လာသည့် လူနေခန်းမှာ မိုနာကို၏ အမြင့်မားဆုံးအဆောက်အအုံတွင်ဖြစ်ပြီး ငါးထပ်မြောက်တွင် တည်ရှိသည်။
ယခင်က ကမ္ဘာ့ဈေးအကြီးဆုံးစံချိန်တင်ခဲ့သည့် လူနေခန်းမှာ နယူးယောက်မြို့ရှိ အခန်းတစ်ခန်းဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ ဧပြီလအတွင်း ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့ခြင်း ဖြစ်သည်။
ယခုအခန်းမှာ ပင်လယ်ဘက်ကို မျက်နှာမူထားပြီး စတုရန်းပေ ၃၁၅၀၀ ကျယ်ဝန်းသည်ကာ ရေကူးကန်တစ်ခုလည်း ပါဝင်သည်ဟု ဆိုသည်။
မိုနာကိုရှိ ဇိမ်ခံလူနေခန်းများ ၀ယ်ယူရာတွင် စည်းမျဉ်းများတင်းကြပ်ထားပြီး ၀ယ်ယူမည့်ပိုင်ရှင်တို့အနေဖြင့် အမြဲတမ်း အခြေချ နေထိုင်သူများ ဖြစ်လာရမည်ဟု ဆိုသည်။
မိုနာကိုတွင် အိမ်ခြံမြေဈေးနှုန်းများသည် လွန်ခဲ့သော ၅ နှစ်အတွင်း ၂၇ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်လာလျက်ရှိသည်။
ယခုအခါ စတုရန်းတစ်မီတာလျှင် ပျှမ်းမျှအားဖြင့် ယူရို ၁၀၀၀၀၀ (ကန်ဒေါ်လာ ၁၁၁၀၀၀) ခန့်အထိ မြင့်တက်လာနေသည်။
ယူရိုငွေ တစ်သန်းဖြင့် မိုနာကိုတွင် စတုရန်းမီတာ ၂၀ ခန့်သာ ၀ယ်ယူနိုင်မည် ဖြစ်သည်။
အဆိုပါ ပမာဏမှာ ကမ္ဘာ့ထိပ်တန်းမြို့ကြီးများထက် မြင့်မားနေသည်။
ဟောင်ကောင်တွင် ယူရိုတစ်သန်းလျှင် စတုရန်း ၂၃ မီတာ၊ လန်ဒန်တွင် စတုရန်း ၂၇ မီတာနှင့် နယူးယောက်တွင် စတုရန်းမီတာ ၃၀ ခန့် ရရှိနိုင်မည် ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)