တန်ဖိုးနည်း အိမ်ရာများအား ၀ယ်ယူရန် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHD Bank) တွင် ငွေကျပ်သိန်း ၃၀ ပေးသွင်းထားသူထဲမှ လစဉ် သုံးသိန်းနှင့် အထက်ရှိ သူများကို မကြာခင် လပိုင်းအတွင်း ဦးစားပေး အနေဖြင့် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“တန်ဖိုးနည်း တိုက်ခန်း ၀ယ်ယူဖို့ သြဂုတ် ၁ ရက်နေ့က စလက်ခံခဲ့ပါတယ်။ သိန်း ၁၀၀ တန် ပတ်လည် အိမ်ရာတွေကို ရောင်းဖို့ ပထမဆုံးဘဏ်မှာ သိန်း ၃၀ သွင်းထားတဲ့ သူတွေကို ရောင်းဖို့ ဦးစားပေး ဆောင်ရွက်နေတယ်။ မကြာခင် အတွင်းမှာပါ”ဟု CHD Bank မှ ဥက္ကဋ္ဌ ဦးဝင်းဇော်က ပြောသည်။
တန်ဖိုးနည်း အိမ်ရာ တစ်ခန်းလျှင် အနည်းဆုံး ကျပ်သိန်း ၉၀ ကျော်မှ အများဆုံး ကျပ်သိန်း ၁၃၀ ကျော် ၀န်းကျင် ရှိပြီး ၀ယ်ယူသူများ အနေဖြင့် မိမိ ကြိုက်သည့် အခန်းနှင့် အထပ်များကို ရွေးချယ် ၀ယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။
“၃၀ ရာခိုင်နှုန်း သွင်းပြီးရင် အဲဒီမှာ နေခွင့်ရမယ်။ ပြီးတော့ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကို ရှစ်နှစ် အတွင်း တစ်လ တစ်ခါ ပေးသွင်းရမယ်။ ရှစ်နှစ် ပြည့်သွားရင် ပိုင်ဆိုင်မှု စာအုပ်တွေ ရမယ်”ဟု ၄င်းက ဆက်လက် ရှင်းပြခဲ့သည်။
ဘဏ် ချေးငွေဖြင့် အိမ်ခန်း ၀ယ်ယူမည့် သူများသည် ဘဏ်မှ ချေးငွေ ရယူထားသော ၇၀ ရာခိုင်နှုန်း ကို ရှစ်နှစ် အတွင်း လစဉ် အရစ်ကျ ပေးသွင်းရမည် ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ၁၂ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
CHD Bank တွင် အိမ်ခန်း ၀ယ်ယူရန် ငွေစုစာရင်း ဖွင့်ထားသူ များမှာ စက်တင်ဘာလကုန် အထိ စာရင်းများအရ ၄၈၀၀ ကျော် ရှိပြီး ယင်းတို့ထဲမှ ၅၀၀ ကျော်ခန့်သာ လစဉ်ဝင်ငွေ သုံးသိန်းနှင့် အထက်ရှိပြီး ဘဏ်တွင်လည်း ပထမ အရစ် ငွေကျပ်သိန်း ၃၀ သွင်းထားသူများ ဖြစ်ကြောင်း သိရသည်။
“၀ယ်ချင်တဲ့ သူတွေနဲ့ တွေ့ဆုံပြီးတော့ သူတို့ရဲ့ မိသားစုဝင်ငွေ အခြေအနေတွေကို တင်ပြ ခိုင်းထားတာပေါ့။ ၀င်ငွေ သုံးသိန်းနှင့် အထက်ရှိ သူတွေကို ဦးစားပေး ရောင်းမှာပါ။ ၀ယ်မယ့်သူတွေရဲ့ စည်းမျဉ်း စည်းကမ်း ကိုက်ညီမှု ရှိ၊မရှိကို စစ်ဆေးနေတယ်။ အဲဒါ ပြီးတာနဲ့ သူတို့ကို ရောင်းပေးမှာပေါ့”ဟု မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။
လက်ရှိ ကောက်ယူထားသော စာရင်းများအရ ရန်ကုန်မြို့တွင် ၀င်ငွေသုံးသိန်းအောက် ရရှိသူများမှာ ၉၀ ရာခိုင်နှုန်း ရှိပြီး ကျန် ၁၀ ရာခိုင်နှုန်း သာလျှင် ၀င်ငွေ သုံးသိန်း အထက်ရှိကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
Credit: Tomorrow News