ထိုင်းနိုင်ငံတွင် လာမည့်လအတွင်း မြေယာနှင့်အဆောက်အအုံအကောက်ခွန်ဥပဒေကို အမျိုးသားဥပဒေပြုလွှတ်တော်တွင် ဆွေးနွေးဖွယ်ရာရှိကြောင်း ထိုင်းဘဏ္ဍာရေးအမြဲတမ်းအတွင်းဝန် ဆွမ်ချိုင်း ဆူဂျာပုံဆီက ပြောကြားသည်ဟု ဘန်ကောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါ မြေယာနှင့် အဆောက်အအုံအကောက်ခွန်ဥပဒေကြမ်းကို နိုင်ငံတော်ကောင်စီမှ စစ်ဆေးကြည့်ရှုခဲ့ပြီးဖြစ်ကာ ပထမဆုံးနေအိမ်ဝယ်ယူသူတို့အား အကောက်ခွန်ကင်းလွတ်ခွင့်ပေးခြင်း၊ တန်ဖိုး ဘတ်သန်း ၅၀ အောက်တန်ကြေးရှိ လယ်ယာများအပေါ် အကောက်ခွန်ကင်းလွတ်ခွင့်ပေးခြင်း၊ အများဆုံးအတိုးနှုန်းသတ်မှတ်ခြင်းများအပါအ၀င် အဓိကအချက်များကို သဘောတူခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။
ယင်းဥပဒေကြမ်းတွင် ဖော်ပြထားချက်အရ စိုက်ပျိုးမြေများအတွက် အကောက်ခွန်နှုန်းကို တန်ဖိုး၏ ၀ ဒသမ ၂ ရာခိုင်နှုန်း၊ လူနေအိမ်များအတွက် ၀ ဒသမ ၅ ရာခိုင်နှုန်း၊ စီးပွားရေးလုပ်ငန်းသုံးအတွက် ၂ ရာခိုင်နှုန်းနှင့် မြေလွတ်၊ မြေရိုင်းများအတွက် ၅ ရာခိုင်နှုန်းလျာထား ရေးဆွဲပြဌာန်းထားသည်။
အဆိုပါအကောက်ခွန်ဥပဒေအရ ပထမဆုံးနေအိမ်ဝယ်ယူသူများနှင့် တန်ဖိုး ဘတ်သန်း ၅၀ အောက် စိုက်ပျိုးမြေများအတွက် အကောက်ခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပြီး သန်း ၅၀ အထက် ကျော်လွန်သော ပမာဏအတွက် အကောက်ခွန်ပေးဆောင်ရမည် ဖြစ်သည်။
ဘတ် ၅ သန်းအောက် ဒုတိယမြောက်ဝယ်ယူသည့်နေအိမ်များအတွက် အကောက်ခွန် ၀ ဒသမ ၀၃ ရာခိုင်နှုန်းနှင့် သန်း ၁၀၀ အထက် နေအိမ်များကို အကောက်ခွန် ၀ ဒသမ ၃၀ ရာခိုင်နှုန်း သတ်မှတ်ထားသည်။
မြေလွတ်မြေရိုင်းများနှင့် စပ်လျဉ်း၍မူ ၁ နှစ်မှ ၃ နှစ်အကြား အသုံးမပြုဘဲထားရှိသည့် မြေအတွက် အကောက်ခွန် ၁ ရာခိုင်နှုန်း၊ ၄ နှစ်မှ ၆ နှစ်အကြားကို ၂ ရာခိုင်နှုန်းနှင့် ၇ နှစ်အထက်ကို ၃ ရာခိုင်နှုန်း ကောက်ခံရန် ရေးဆွဲထားသည်။
အဆိုပါမြေယာနှင့် အဆောက်အအုံအကောက်ခွန်ဥပဒေသည် လာမည့် ၂၀၁၇ နှစ်စပိုင်းတွင် စတင်အသက်ဝင်လာဖွယ်ရှိကြောင်း ဆွမ်ချိုင်းက ပြောကြားသည်။
ယင်းဥပဒေပြဌာန်းပြီးပါက တိုင်းပြည်အတွက် ဘဏ္ဍာငွေ ဘတ် ၆၄ ဘီလီယံခန့် ရရှိလာဖွယ်ရာရှိကြောင်း ခန့်မှန်းထားသည်ဟု လက်ထောက်ဘဏ္ဍာရေးဝန်ကြီး ၀ီဆုဒီ စရီဆုဖန်က ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)