၁၉၉၈ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ခဲ့သော Shakespeare in Love ဇာတ်ကားဖြင့် အကောင်းဆုံးဇာတ်ဆောင်မင်းသမီးအဖြစ် အော်စကာဆု ရရှိခဲ့သော ဟောလိဝုဒ်သရုပ်ဆောင် ဂွင်းနက်ပက်ထရိုးနှင့် ခင်ပွန်းဟောင်းဖြစ်သူ ခရစ်စ်မာတင်တို့ ပိုင်ဆိုင်သော penthouse ခန်းကို ကန်ဒေါ်လာ ၁၂ ဒသမ ၈၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာရာ ၎င်းတို့ဝယ်ယူထားခဲ့သည့် ဈေးထက် နှစ်ဆကျော် များပြားလျက်ရှိကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဂွင်းနက်ပက်ထရိုးနှင့် ခရစ်စ်မာတင်တို့သည် အဆိုပါအခန်းကို ၂၀၀၇ ခုနှစ်အတွင်း ကန်ဒေါ်လာ ၅ ဒသမ ၁ သန်းဖြင့် ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။
ခရစ်စ်မာတင်သည် Coldplay ဂီတအဖွဲ့ကြီးမှ ရှေ့ထွက်အဆိုတော်တစ်ဦးဖြစ်ပြီး ဂွင်းနက်ပက်ထရိုးနှင့် ၂၀၀၃ ခုနှစ်တွင် လက်ထပ်ခဲ့ကာ ရိုမန်နှင့် ၀ီလျံအမည်ရှိ သားသမီး ၂ ဦး ရရှိခဲ့ပြီးနောက်၂၀၁၄ မတ်လအတွင်း လမ်းခွဲခဲ့ကြကာ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လအတွင်းတွင် တရားဝင်ကွာရှင်းပြတ်စဲခဲ့ကြသည်။
ကွာရှင်းပြီးသော်လည်း ၎င်းတို့နှစ်ဦးအကြားဆက်သွယ်မှုများမှာ ယခုအခန်းရောင်းချရေးအတွက် အဆက်မဖြတ်နိုင်ခဲ့ကြသေးချေ။
ယင်းအခန်းကို ယခုနှစ် မတ်လအတွင်း ကန်ဒေါ်လာ ၁၄ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်သို့တင်ခဲ့သော်လည်း ရောင်းမထွက်ခဲ့သောကြောင့် ဧပြီလကုန်ပိုင်းတွင် ကန်ဒေါ်လာ ၂ သန်းခန့် လျှော့ချကာ ၁၂ ဒသမ ၈၅ သန်းဖြင့် ဈေးခေါ်ရောင်းချခဲ့သော်လည်း ရောင်းမထွက်ခဲ့ချေ။
ယခုအခါ ဧပြီလအတွင်းက ခေါ်ဈေးအတိုင်း အရောင်းဈေးကွက်သို့ ပြန်လည်ပို့ဆောင်လာခဲ့ခြင်းလည်း ဖြစ်သည်။
ရောင်းချမည့် အခန်းမှာ စတုရန်းပေ ၃၈၉၂ ပေ ကျယ်ဝန်းပြီး နယူးယောက်မြို့၊ ၀ါရှင်တန်လမ်း၊ အမှတ် ၄၁၆ တွင်ရှိသည့် River Lofts ကွန်ဒိုမီနီယံတွင် တည်ရှိသည်။
အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၃ ခန်းပါဝင်ပြီး အဆောက်အအုံအတွင်း အားကစားလေ့ကျင့်သည့်ခန်းမနှင့် ကားရပ်နားရာဂိုဒေါင်သို့ တိုက်ရိုက်သွားသည့် ဓာတ်လှေကား ပါဝင်သည်။
ဂွင်းနက်ပက်ထရိုးသည် ဇာတ်ကားပေါင်းများစွာ သရုပ်ဆောင်ခဲ့သည့်အနက် အကျော်ကြားဆုံးမှာ Great Expectations (၁၉၉၈)၊ Shakespeare in Love (၁၉၉၈) ၊ Iron Man (၂၀၀၈) ၊ Iron Man 2 (၂၀၁၀) နှင့် Iron Man 3 (၂၀၁၃) တို့ ဖြစ်ကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)