အိမ်ရာစီမံကိန်းကြီးတွေနဲ့ ကွန်ဒိုတွေတည်ဆောက်မှုအများဆုံးရှိနေတဲ့ ရန်ကင်းမြို့နယ် အိမ်ခြံမြေဈေးကွက်က မြို့တွင်းဈေးကွက်ထက် ပိုကောင်းလာနိုင်တယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ် ။
ရန်ကင်းမြို့နယ်က အရင်ကလည်း ဈေးကောင်းတဲ့နေရာဖြစ်ပါတယ် ။ မြို့တွင်းနဲ့ ဆက်စပ်မြို့နယ်တွေထဲမှာ မြို့တွင်းပိုင်းနဲ့ အနီးဆုံးဖြစ်နေတဲ့အပြင် နာမည်ကြီး အိမ်ရာစီမံကိန်းတွေ ၊ ကွန်ဒိုတွေနဲ့ စီးပွားရေးအဆောက်အအုံတွေ တည်ရှိနေပါတယ် ။
အကျိုးဆောင်တချို့က ရန်ကင်းနေရာက သွားရလာရလွယ်ကူးပြီး အရောင်းအဝယ်ဈေးကွက်ကလည်း အရင်ကတည်းက ဈေးအမြင့်ပိုင်းရှိနေသလို အခုလို ဖွံ့ဖြိုးလာပုံနဲ့ဆို မြို့တွင်းပိုင်းထက် အရောင်းအဝယ်ဈေးကွက်ရော အငှားဈေးကွက်ပါ ပိုကောင်းလာနိုင်တယ်လို့ ပြောပါတယ် ။
ကျောက်တံတားမြို့နယ်ရှိ အကျိုးဆောင် ဦးအောင်ကျော်က ‘မြို့တွင်းပိုင်းကိုလာဖို့ထက် ရန်ကင်းလို နေရာက မြို့လယ်နဲ့လဲနီးတယ် ၊ လမ်းပန်းဆက်သွယ်ရေးကောင်းပြီးသား နေရာပါတ ၊ စီးပွားရေးဇုန်ပြုလုပ်ဖို့ ရှိတယ်လဲ ကြားထားတယ် ၊ အိမ်ရာစီမံကိန်းတွေ အများကြီးရှိနေတဲ့ နေရာဆိုတော့ စီမံကိန်းတွေ ပြီးလာရင် ရင်းနှီးမြှုပ်နှံသူတွေ မျက်စိအကျဆုံး နေရာတစ်ခု ဖြစ်လာနိုင်တယ်လို့’ ပြောပါတယ် ။
မဟာရန်ကုန်မြို့ပြစီမံကိန်း ၂၀၄၀ အရ ရန်ကင်းမြို့နယ်ကို ဗဟိုစီးပွားရေးဇုန်ခွဲတစ်ခု ဖြစ်လာအောင်လုပ်ဖို့ ရှိတယ်လို့ သိရပါတယ် ။ စီးပွားရေးလုပ်ငန်းတွေ စုတဲ့နေရာမျိုးဖြစ်အောင် စီမံကိန်းတွေ ပြုလုပ်ဖို့ ရေးဆွဲထားတယ်လို့ သိရတယ်။ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA နဲ့ ပူးပေါင်းပြီး အကောင်အထည်ဖော်နေတာ ဖြစ်တယ် ။
တချို့ကတော့ ရန်ကင်းမြို့နယ်က ဈေးကွက်ရှိပြီးသားနေရာဖြစ်တာကြောင့် ဇုန်အဖြစ် လုပ်ဆောင်ရင် မြို့တွင်းလို ကျပ်တည်းမှုတွေ ဖြစ်လာနိုင်တယ် ။ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ပိုဝင်လာဖို့ နေရာလွတ်တွေ နည်းပါးတယ် ။ ဆောက်လုပ်ပြီးသား အထပ်မြင့်တွေပဲ ရှိတာကြောင့် အရောင်းနဲ့အငှားဈေးကွက်တော့ ကောင်းလာနိုင်ခြေရှိတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ် ။
ဝသုန်အကျိုးဆောင်ဦးမောင်ဝင်းက ‘အရောင်းဈေးကွက်ကထက် အငှားဈေးကွက် ပိုကောင်းလာနိုင်တယ်လို့ ထင်တယ် ၊ စီးပွားရေးလုပ်ငန်းတွေ ရောက်လာရင် အငှားက ဒီထက်ပိုကောင်းလာမှာ ၊ အခုတောင်ရန်ကင်းရဲ့ ဈေးကွက်က မြို့တွင်းဈေးနဲ့ကွာဟမှု သိပ်မရှိဘူး ၊ စီမံကိန်းတွေသာ အကုန်ပြီးသွားရင် ဈေးမြင့်လာနိုင်တဲ့အခြေအနေရှိသလို ဈေးကွက်ကောင်းလာနိုင်ခြေရှိတယ်လို့’ပြောပါတယ် ။
လက်ရှိမှာ ရန်ကင်းမြို့နယ်ရဲ့ဈေးနှုန်းတွေက ကျောက်ကုန်းဘက်မှာ ၅၄ ပေ x ၈၅ ပေ အကျယ်အိမ်ပါကို ကျပ်သိန်း ၁၈,၀၀၀ ဝန်းကျင်ခေါ်ဈေးရှိတယ် ။ သစ္စာလမ်းမတန်း ၊ ပါရမီရိပ်သာတို့လို နေရာတွေမှာ ပေ ၄၀ x ၆၀ ကို သိန်း ၄၀၀၀ ကျော်ရှိပါတယ် ။ တိုက်ခန်းတွေရဲ့ဈေးကတော့ သိန်း ၄၀၀ ကျော်ကနေ သိန်း ၂၀၀၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ် ။ အငှားဈေးကွက်က တစ်လကို ကျပ်နှစ်သိန်းဝန်းကျင်ကနေ ဒေါ်လာ ၃၅၀၀ ကျော်အထိ ရှိတယ်လို့ အကျိုးဆောင်တချို့ရဲ့ ပြောပြချက်အရ သိရပါတယ် ။
Credit: The Kumudra