ကမ္ဘာကျော်ရော့ခ်ဂီတအဖွဲ့ကြီး Pink Floyd မှ ကီးဘုတ်သမား ရစ်ခ်ရိုက်နေထိုင်ပိုင်ဆိုင်ခဲ့ဖူးသော ပြင်သစ်ရှိနေအိမ်ကို ယူရို ၁ ဒသမ ၃၉ သန်း(ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းခန့် ) ဖြင့် ရောင်းချမည်ဖြစ်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
အဆိုပါနေအိမ်ကို ပရိုဗန်ကယ်လ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး တင်းနစ်ကွင်း၊ ၀ိုင်သိုလှောင်ခန်းတို့ ပါဝင်သည်။
ခြံဝန်းအကျယ်အ၀န်းမှာ ၁ ဒသမ ၃ ဧကရှိပြီး သီးသန့်ပန်းခြံများ၊ ရေကူးကန်တစ်ခု၊ ကစားကွင်းတို့လည်း ပါဝင်သည်။
ရစ်ခ်ရိုက်သည် Pink Floyd အဖွဲ့ကြီးကို စတင်တည်ထောင်ခဲ့သူဖြစ်သည်။
ယင်းနေအိမ်ကို လွန်ခဲ့သော ၂ နှစ်ခန့်ကပင် အရောင်းဈေးကွက်သို့ ပို့ခဲ့ခြင်းဖြစ်သော်လည်း ရောင်းမစွံခဲ့ချေ။
ထိုစဉ်က ခေါ်ဈေးမှာ ယူရို ၁ ဒသမ ၆ သန်းအောက်သာ ဖြစ်သည်။
ဈေးကွက်တွင် တစ်နှစ်ခန့် ရောင်းမထွက်ဘဲရှိခဲ့ပြီးနောက် အရောင်းစာရင်းမှ ပြန်ရုပ်သိမ်းသွားခဲ့သည်။
ယင်းနောက်ပိုင်း ရုရှားပီယာနိုသမားတစ်ဦးဖြစ်သူအား အငှားချထားခဲ့သည်။
နေအိမ်သည် ပတ်ဝန်းကျင် ပြင်သစ်ကျေးလက်ရှုခင်းများကို စီးမိုးရှုမြင်နိုင်သည့်အရပ်တွင် တည်ရှိလေသည်။
နေအိမ်အတွင်း အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၅ ခန်း ပါဝင်သည်။
အိပ်ခန်း ၂ ခန်းနှင့် ရေချိုးခန်းတစ်ခန်းမှာ သီးခြားအဆောက်အအုံတစ်လုံးဖြင့်တည်ရှိပြီး သီးခြားမီးဖိုဆောင်၊ ဧည့်ခန်းနှင့် လသာဆောင်တို့ ပါဝင်သည်။
ရစ်ခ်ရိုက်သည် သူ၏မွေးရပ်မြေဖြစ်သော လန်ဒန်တွင် ၂၀၀၈ ခုနှစ်၌ ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ်ရှိပြီ ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)