ဟန်ဂေရီနိုင်ငံ၊ စီးဂက်ဗာဟူသော မြို့ကလေးတွင် အော်တိုမင်အင်ပါယာခေတ် အကြီးမြတ်ဆုံးဧကရာဇ်ဖြစ်သူ ဆူလေမန်၏ ဂူသချိုင်းကြီးကို ရှာဖွေတွေ့ရှိခဲ့ရာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးကာ ဆင်းရဲလှသောမြို့ကလေး မကြာမီနှစ်များအတွင်း ကြွယ်ဝလာမည်ဟု မျှော်လင့်လျက်ရှိကြကြောင်း မလေးရှားအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
သချုင်္ိင်းတွင် ဟန်မန်ရေချိုးသည့်နေ၇ာများ၊ ဗလီမျှော်စင်တိုင်များ၊ တိုက်ပွဲဖြစ်ပွားသည့် အထိမ်းအမှတ်များ၊ ဗလီအပျက်အစီးများတွေ့ခဲ့ရပြီး ယင်းမှာ ၁၅၄၁ ခုနှစ်မှ ၁၆၉၉ ခုနှစ်အထိ သမိုင်းကို ပြသနေသည့် သမိုင်းဝင်အထိမ်းအမှတ်များဖြစ်ရာ ဟန်ဂေရီအတွက် အလွန်ရှားပါးအဖိုးတန်သည့် ရှေးဟောင်းအမွေအနှစ်လည်း
ဖြစ်သည်။
သို့ရာတွင် ဟန်ဂေရီနိုင်ငံသားအများစုကမူ ယခုဂူသင်္ချိုင်းမှာ ဟန်ဂေရီ၏ ပြန်လည်ထွန်းသစ်သည့်ကာလကို ပျောက်ကွယ်စေသည့် အမှောင်ခေတ်၏ ပြယုဂ်အဖြစ် ရှုမြင်ကြသည်။
ယင်း၏အကျိုးဆက်အနေဖြင့် အော်တိုမင်ခေတ် ရှေးဟောင်းအထိမ်းအမှတ်တို့ကို ဟန်ဂေရီအာဏာပိုင်တို့က ထိန်းသိမ်းမွမ်းမံခြင်း မရှိကြတော့ချေ။
သို့ရာတွင် ဆူလေမန်၏ ဂူသင်္ချိုင်းမှာမူ အဆိုပါအတွေးအမြင်မျိုး ပြောင်းလဲစေခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ယခုသင်္ချိုင်းတွေ့ရှိသည့်နေရာမှာ ခရိုအေးရှားနှင့်ထိစပ်လျက်ရှိသော နယ်ခြားအနီးတွင် ဖြစ်သည်။
ဆူလေမန်ဧကရာဇ်သည် ၁၅၆၆ ခုနှစ် ၊ စက်တင်ဘာလ ၇ ရက်တွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၁ နှစ်ရှိပြီ ဖြစ်သည်။
“ဒီမြို့လေးက သေဆုံးနေတာကြာပါပြီ၊ မြို့က လူငယ်လူရွယ်တွေဟာ ဂျာမနီ၊ လန်ဒန်တို့ကို အလုပ်သွားလုပ်ခဲ့ကြတယ်၊ လုပ်နေဆဲဖြစ်တယ်၊ အခုလို ဆူလေမန်ရဲ့ ဂူသင်္ချိုင်းကို ရှာတွေ့တာကြောင့် ကမ္ဘာလှည့်ခရီးသည်တွေ ၀င်ရောက်လာမှာဖြစ်ပြီး၊ အလုပ်အကိုင်တွေ ၊ ၀င်ငွေတွေ ဆောင်ကြဉ်းပေးနိုင်မှာ အမှန်ပဲ ဖြစ်ပါတယ်” ဟု ဆူလေမန်၏ ဂူသင်္ချိုင်းကို ရှာဖွေတွေ့ရှိခဲ့သည့်သုတေသနအဖွဲ့ခေါင်းဆောင်
နော်ဘတ်ပက်က ပြောကြားသည်။
ဆူလေမန်ဘုရင်သည် ၁၄၉၄ ခုနှစ်တွင် မွေးဖွားပြီး ၁၅၂၀ ခုနှစ်မှ ၁၅၆၆ ခုနှစ်အထိ ထီးနန်းစိုးစံခဲ့ရာ ဆူလ်တန်ဘုရင်များအားလုံးထက် သက်တမ်းပိုမိုကြာရှည်စွာ အုပ်ချုပ်ခဲ့သူဖြစ်ပြီးသူ၏လက်ထက်တွင် အော်တိုမင်အင်ပါယာကို ချဲ့ထွင်ခဲ့ရာ ဘော်လ်ကန်ဒေသများ၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကအထိ ကျယ်ပြန့်ခဲ့သည်။
ဆူလေမန်သည် သူ၏ နောက်ဆုံးတိုက်ပွဲမတိုင်မီ နာမကျန်းဖြစ်ခဲ့ပြီး စစ်စခန်းတစ်ခုတွင် သေဆုံးခဲ့သည်။
သူ၏ ခန္ဓာကိုယ်ကို တူရကီရှိ အစ္စတန်ဘူမြို့တော်တွင် မြှုပ်နှံခဲ့ပြီး ကိုယ်တွင်းအင်္ဂါများနှင့် အသည်းနှလုံးတို့ကိုမူ သေဆုံးရာနေရာတွင် မြှုပ်နှံခဲ့ကာ ဂူသင်္ချိုင်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယခုဂူသင်္ချိုင်းကို ပထ၀ီရူပဗေဒပညာရှင်အဖွဲ့တစ်ဖွဲ့က စီးဂက်ဗာမြို့ကလေးရှိ စပျစ်ခြံတစ်ခုအောက်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်လေသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)