ဂျာမနီနိုင်ငံအရှေ့မြောက်ပိုင်းရှိ အေးချမ်းသာယာလှသော အရူးယူဂင် အမည်ရှိ ကျွန်းတစ်ကျွန်းပေါ်တွင် နာဇီအာဏာရှင်ဟစ်တလာကနာဇီသစ္စာတော်ခံများ
အတွက် ဆောက်လုပ်ခဲ့သော အပန်းဖြေစခန်းကြီးတည်ရှိရာ ယခုအခါအဆိုပါအပန်းဖြေစခန်းကြီးကို တန်ဖိုးကြီးဇိမ်ခံလူနေခန်းများအဖြစ် ပြောင်းလဲ
တည်ဆောက်တော့မည်ဖြစ်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါကျွန်းတွင် ရေကန်များ၊ ကျွန်းဆွယ်များ၊ များပြားလှသော အပန်းဖြေကမ်းခြေများစွာရှိလေသည်။
ဤအပန်းဖြေစခန်းကြီးသည် နောင်တစ်ချိန်တွင် တန်ဖိုးကြီးဇိမ်ခံလူနေအိမ်များဖြစ်လာလိမ့်မည်ဟု ဟစ်တလာအနေဖြင့် တစ်ခါဖူးမျှပင် တွေးခဲ့ဖူးမည် မဟုတ်ချေ။
ယင်းကျွန်းကြီးသည် ဂျာမနီတွင် အကြီးမားဆုံးကျွန်းတစ်ခုဖြစ်ပြီး အင်္ဂလန်ရှိ ဒိုဗာကျွန်းနှင့် ပထ၀ီသဘောအရ ကျွန်းညီအစ်ကို ဖြစ်ကာ ရင်သပ်ရှုမောဖွယ်ကျောက်ဆောင်ဖြူများကြောင့် နာမည်ကျော်သည့်ကျွန်းဖြစ်သည်။
ဘောလ်တစ်ပင်လယ်အတွင်း တည်ရှိသည့် ယင်းကျွန်းကြီးတွင် အပန်းဖြေစခန်းကို နာဇီသစ္စာတော်ခံများအတွက် ရည်ရွယ်ကာ ဟစ်တလာက ဆောက်လုပ်ခဲ့ပြီး နာဇီပါတီဝင် ၂၀၀၀၀ ကျော် တစ်ပြိုင်တည်း အပန်းဖြေနိုင်ရန် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
အပန်းဖြေစခန်းဆောက်လုပ်မှုကို ၁၉၃၆ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉၃၉ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားလာခြင်းကြောင့် ဆောက်လုပ်မှုများ ရပ်ဆိုင်းခဲ့သည်။
သို့ရာတွင် ၆ ထပ်အဆောက်အအုံ ၈ လုံးမှာ အပြီးမသတ်ခဲ့သော်လည်း ဘောလ်တစ်ပင်လယ်၏အလှကို ၂ ဒသမ ၈ မိုင်ခန့် ဖြန့်ကျက်ရှုမြင်နိုင်စွမ်းရှိသော ကွန်ကရစ်အဆောက်အအုံမှာမူ အပြီးသတ်ဆောက်လုပ်နိုင်ခဲ့သည်။
အဆိုပါအပန်းဖြေစခန်းကို Colossus of Prora ဟု လူသိများပြီး နောက်ပိုင်းတွင် ယင်း၏သမိုင်းကြောင့် ကမ္ဘာလှည့်ခရီးသည်များစွာ လာရောက်လေ့လာလည်ပတ်သည့်နေရာတစ်ခု ဖြစ်လာခဲ့
သည်။အပန်းဖြေစခန်းရှိ အဆောက်အအုံများမှာ မကြာသေးမီကာလအထိ ယခင်အခြေအနေအတိုင်း မပြုမပြင်တည်ရှိဆဲ ဖြစ်သည်။
ယင်းကျွန်းအပေါ် ဂျာမနီပြည်သူတို့ စိတ်ဝင်စားမှုနည်းပါးခြင်း၊ စီးပွားရေးအခြေအနေကောင်းမွန်လာခြင်းတို့အပြင် Colossus of Prora သည် နိုင်ငံ၏ ခါးသီးမှောင်မိုက်သော အတိတ်ကို ထင်ဟပ်လျက်ရှိခြင်းကြောင့် ထိန်းသိမ်းထားရန် မလိုအပ်ဟု အယူအဆများကြီးထွားလာခြင်းက ယင်းအပန်းဖြေစခန်းကို ဇိမ်ခံလူနေခန်းများအဖြစ် ပြောင်းလဲတည်ဆောက်ရန် တွန်းအားတစ်ခုလည်း ဖြစ်သည်။
အဆိုပါအပန်းဖြေစခန်းကို အိုင်းရစ်ဂါ့ဒ် အိမ်ခြံမြေကုမ္ပဏီက ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့် ၂၀၁၂ ခုနှစ်တွင် ၀ယ်ယူခဲ့ပြီး ပြန်လည်မွမ်းမံတည်ဆောက်မှုများအတွက် ကန်ဒေါ်လာ ၉၈ ဒသမ ၅ သန်းခန့် ကုန်ကျခဲ့ပြီး ဖြစ်သည်။
ဇိမ်ခံလူနေအိမ်ရာတွင် အခန်းပေါင်း ၂၇၀ ပါဝင်မည်ဖြစ်ပြီး မြေညီထပ်တစ်ခန်းလျှင် ကန်ဒေါ်လာ ၃၉၀၀၀၀ ခန့်ကျသင့်မည်ဖြစ်ကာ penthouse တစ်ခန်းလျှင် ကန်ဒေါ်လာ ၇၂၇၀၀၀ ခန့်ကျသင့်မည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)